မြေရှားတူးဖော်မည့် ကုမ္ပဏီများ ယခုလအတွင်း အပြီးထွက်ခွာသွားရန် ဒေသခံများ သတိပေးထား

မြေရှားတူးဖော်မည့် ကုမ္ပဏီများ ယခုလအတွင်း အပြီးထွက်ခွာသွားရန် ဒေသခံများ သတိပေးထား

KIO ထိန်းချုပ်ရာနယ်မြေ၊ ဗန်းမော်ခရိုင်၊ ဒိန်ဆင်းပါ (Dingsing Pa) ဒေသတွင် မြေရှားသတ္တုတူးဖော်ရန်ပြင်ဆင်နေသည့် တရုတ်ကုမ္မဏီများ ဖေဖော်ဝါရီ ၂၈ ရက်နေ့ နောက်ဆုံးထား လုပ်ငန်းခွင်အပြီးပိတ်သိမ်းသွားရန် ဒေသခံများ KIO အစိုးရထံ စာဖြင့် ထပ်မံတောင်းဆိုထားကြောင်း သိရသည်။

“၂၈ ရက်နေ့နောက်ဆုံးထား လုပ်ငန်းအားလုံးပိတ်သိမ်းသွားဖို့စာတင်ထားတယ်။ အဲ့တာ အစိုးရဘက်က ဘာမှ မတုန့်ပြန်လာသေးဘူး။ ဒါကြောင့် ၂၈ ရက်နေ့မှ ကောင်းကောင်းသိရလိမ့်မယ်။ လုပ်ငန်းရှင်တွေအားလုံး လုပ်ငန်းရုပ်သိမ်းပြီး ပြန်သွားဖို့ ဌာနချူပ်ထိ တောင်းဆိုထားတယ်။ လုံး၀ လုပ်ငန်းမလုပ်ဖို့ပေါ့။ မရုပ်သိမ်းဘူးဆိုရင်တော့ လုပ်ငန်းရှင်တွေရဲ့ သဲတွေ ပစ္စည်းတွေ သွားသိမ်းပေးမယ်။ အခုထိတော့ ဘာမှ မလှုပ်ရှားကြသေးဘူး” ဟု မြေရှားတူးဖော်မှုကို ကန့်ကွက်နေသော ‌ဦးဆောင်နေသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် KIO အရှေ့ဗဟိုရုံးချုပ်တာဝန်ရှိသူများသည် မြေရှားတူးဖော်ကြမည့် ဒိန်ဆင်းပါ၊ ဖက်ဂွမ်ရွာ ဖက်ဂွမ်၊ ဒိန်ဆင်းပါ၊ ဒိန်ဆင်းဘွမ်၊ ခပရာ၊ အင်ဂျုံဘွမ်၊ ဖိုင်ဒန်၊ ဒရောန်၊ ခအူ၊ ဂျန်မိုင် စသည့် ကျေးရွာသို့ရောက်လာပြီး ကျေးရွာ ၉ ရွာမှ ပြည်သူ ၂၀၀ ကျော်ကို ခေါ်ယူ စု‌ဝေးစေကာ အစိုးရအမိန့်နဲ့ မြေရှားတူးဖော်မှာဖြစ်‌ကြောင်းနှင့် တားဆီးရန်ဦးဆောင်သူများကိုလည်း အရေးယူမည်ဟု ပြောဆိုထားကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် KIO တာဝန်ရှိသူများ၏ ပြောဆိုမှုကြောင့် အစည်းအဝေးတက်ရောက်လာသည့် အသက် ၅၆ နှစ် ဒေါ်လထော်ရွယ်သည် နှလုံးဖောက်လာပြီး မေ့လဲသွားသည့်အတွက် ဆေးရုံသွားပို့ခဲ့ကြ‌သော်လည်း လမ်းခုလတ်တွင် ဆုံးပါးသွားခဲ့သည်။

ယင်းကိစ္စနဲ့ ပက်သက်ပြီး KIO အရှေ့ပိုင်းအုပ်ချုပ်ရေးဗဟိုရုံးချုပ်ထံသို့ KNG သတင်းဌာနမှ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

KIO ထိန်းချုပ်ရာနယ်‌မြေ ဒိန်ဆင်းပါ‌ဒေသတွင် မြေရှားတူးဖော်ရန် ပြီးခဲ့သည့် ၂၀၂၂ခုနှစ် ဒီဇင်ဘာလမှစတင် လုပ်ဆောင်လာခဲ့ကြသည့်အပေါ် ဒေသခံပြည်သူများဘက်မှ အလိုမရှိသည့်အတွက် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစတင်ကာ အကြိမ်ကြိမ်ကန့်ကွက် ဆန္ဒထုတ်ဖော်နေကြသည်။

သို့သော် KIO အစိုးရဘက်မှ ဒေသခံများကန့်ကွက်တားဆီးသည့်ကြားမှ မြေရှားတူးဖော်မည့် လုပ်ငန်းများအား ရပ်နားပေးခြင်းမရှိဘဲ ဆက်လက်အကောင်ထည်ဖော်ဆောင်ရွက်နေဆဲဖြစ်ကာ ဒေသခံများဘက်မှ ဆက်လက် ကန့်ကွက်နေဆဲဖြစ်သည်။

“ဒီနေရာ၊ ဒီဒေသမှာ လုံး၀မြေရှားမတူးဖို့ရယ်၊ ဘာဘဲဖြစ်ဖြစ် နောက်နောင်မှာ အရမ်းဒုက္ခရောက်လာမှာဖြစ်တယ်။ မြေရှားတူးနေတဲ့ အခြားနေရာမှာတောင် အရမ်းခက်ခဲနေတာဖြစ်တာကြောင့် ဒီဒေသမှာ လုံး၀မပြုလုပ်ပေးဖို့ တောင်းဆိုနေရခြင်းဖြစ်ပါတယ်။ ကျနော်တို့ဟာ KIO အစိုးရကို ပုန်ကန်နေတာမဟုတ်ဘူး။ လုပ်လို့ကိုမရလို့ ကန့်ကွက်နေရခြင်းဖြစ်ပါတယ်။ မျှော်လင့်ချက်နဲ့ တောင်းဆိုစာတင်နေရခြင်းဖြစ်တယ်။ ကျနော်တို့ဟာ KIO အစိုးရရဲ့ ဝင်ငွေပိတ်ပေးတာလည်း မဟုတ်ပါဘူး။ KIO ကိုတိုက်ခိုက်နေတာလည်းမဟုတ်ပါဘူး။ မြေရှားသတ္တုမတူးပဲ အခြားနည်းလမ်းနဲ့ လုပ်ငန်းလုပ်လို့ရပါတယ်ဆိုတဲ့သဘောနဲ့ တောင်းဆိုနေတာဖြစ်ပါတယ် ဒီလုပ်ငန်းကိုတော့ ပြည်သူအားလုံး လုံး၀ကန့်ကွက်ပါတယ်“ဟုဒေသခံတစ်ဦးက ပြောသည်။

ဒိန်ဆင်းပါဒေသတွင် KIO အစိုးရအနေဖြင့် တရုတ်ကုမ္ပဏီများကို ခွင့်ပြုပြီး၊ မြေရှားတူးဖော်ရန်ကြိုးပမ်းနေမှုအပေါ် အသက်ပေးကာ ဆန့်ကျင်ကာကွယ်သွားမည်ဟု ဒေသခံများပြောဆိုနေကြသည်။

Most read this week

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...