ကားတစ်စီးပေါ်က ဝါးကပ်အောက်မှ လိုက်လာသော ရိုဟင်ဂျာ ၃၀ ကျော် ဖမ်းခံရ

ကားတစ်စီးပေါ်က ဝါးကပ်အောက်မှ လိုက်လာသော ရိုဟင်ဂျာ ၃၀ ကျော် ဖမ်းခံရ

ကားတစ်စီးပေါ်က ဝါးကပ်အောက်မှ ပုန်းအောင်း လိုက်ပါလာသည့် ရိုဟင်ဂျာ ၃၂ ဦး ပဲခူးတိုင်းတွင် ဖမ်းဆီးခံရသည်ဟု ဒေသခံများက ပြော သည်။

ပဲခူးတိုင်းဒေသကြီး အနောက်ဘက်ခြမ်း၊ သာယာဝတီမြို့နယ်၊ သင်တောရိုးကျေးရွာအုပ်စု၊ ဂွေးချောင်းကျေးရွာ အနီးတွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

ရိုဟင်ဂျာဒုက္ခသည်များနှင့် နီးစပ်သူ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက “အဲဒီလမ်းကြောင်းက သယ် နေကျလို့ ပြောတာပဲ။ အရင်ကလည်း ပိုက်ဆံပေးရင် လွတ်တယ်။ ဒီတခေါက်က ပိုက်ဆံပဲ မပေးလို့လား။ ပွဲစား မပါ လို့လား မသိဘူး။ ကားတွေ့တာနဲ့ တခြားကားတွေ မစစ်ပဲ သူတို့ ကားပေါ်တက်ပြီး ဝါးကပ်အောက်ကို ချက် ချင်း ဆွဲလှန်လိုက်တာပဲ။ ပွဲစားပါရင်တော့ ပိုက်ဆံနဲ့ ညှိပေးရင် အေးဆေးလွတ်တယ်။ သူတို့ချည်းဆိုတော့ ဘာ သာစကား မကျွမ်းကျင်။ ကားသမားကလည်း အပြောအဆို မတတ်တော့ မိတာပဲ” ဟု ပြောသည်။

ရန်ကုန်မြို့မှ ပြည်လမ်းမကြီးအတိုင်း ထွက်ခွါလာသော Sino Faw အမျိုးအစား အပြာရောင်ကား ၆ စီးသည် ဖေ ဖော်ဝါရီလ ၂၁ ရက်နေ့၊ နေ့လည် ၁၂ နာရီခန့် အချိန်တွင် ဂွေးချောင်းကျေးရွာ အနီးရှိ မက်စ်မြန်မာတိုးလ်ဂိတ်၌ စစ်ကောင်စီတပ်များက တားဆီးစစ်ဆေးခဲ့ရာမှ အဖမ်းခံရခြင်းဖြစ်သည်ဟု ရိုဟင်ဂျာဒုက္ခသည်များနှင့် နီးစပ်သူ များက ပြောသည်။

အဆိုပါ ကား ၆ စီး၏ ဝါးကပ်အောက်တွင် ပုန်းခိုလိုက်ပါလာသည့် ရိုဟင်ဂျာ အမျိုးသား ၂၈ ဦးနှင့် အမျိုးသမီး ၄ ဦး ဖမ်းဆီးခံရပြီး ကားဒရိုက်ဘာ(ယာဉ်မောင်း) အမျိုးသား ၁ ဦး အပါအဝင် ၃၃ ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ထို့အပြင် ဖမ်းဆီးခံရစဉ် ရိုဟင်ဂျာများကို မြေပြင်တွင် ဒူးထောက်၍ ခေါင်းပေါ် တွင် လက်တင်ခိုင်းထားကာ ကားဒရိုင်ဘာကိုလည်း ရိုက်နှက်ပြီး အချုပ်ကားဖြင့် သုံးဆယ်မြို့၊ နယ်မြေရဲစခန်းသို့ ခေါ်ဆောင်သွားသည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။ ဖမ်းဆီးခံရသည့် ရိုဟင်ဂျာများမှာ မြဝတီနယ်စပ်မှ ထိုင်းနိုင်ငံသို့ ထွက်ခွာပြီးလျှင် ထိုမှတစ်ဆင့် မလေးရှားနိုင်ငံ သို့ ထွက်ခွါမည့်သူများဖြစ်သည်ဟု ရိုဟင်ဂျာဒုက္ခသည်များနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

“အရင်က Camp တွေမှာဆိုရင် သူတို့အတွက်က စားဖို့လုံလောက်တယ်။ အခုကာလက တော်လှန်ရေးဘက် ရောက်ကုန်တော့ NGOs အဖွဲ့တွေက သူတို့အတွက် လုပ်ပေးတာ နည်းလာတယ်။ Grant လျှောက်တာလည်း တခြားဘက် ရောက်ကုန်တော့ သူတို့ စားဝတ်နေရေး ခက်ခဲလာတယ်။ အဲဒီတော့ တော်တော်များများက အလုပ် ရဖို့ မလေးကို ခိုးထွက်ကြတယ်။”

အလားတူ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင်လည်း မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိ ကျေးရွာရှိ ကြိုးဝိုင်းသစ်တောတွင် ရိုဟင်ဂျာ အယောက် ၄၀ ကို စစ်ကောင်စီတပ်များကဖမ်းဆီးခဲ့ပြီး ယခုလ အတွင်း တစ်နိုင်ငံလုံး ဖမ်းဆီးခံရသည့် ရိုဟင်ဂျာဦးရေ စုစုပေါင်း ၁၃၁ ဦးအထိ ရှိပြီဟု သိရသည်။

စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်ရိုဟင်ဂျာများအား နှစ် နိုင်ငံသဘောတူညီချက် အတိုင်း ပြန်လည်လက်ခံရန် အသင့်ရှိသည်ဟုဖေဖော်ဝါရီလ ၂၀ ရက်နေ့က သတင်း မီဒီယာများသို့ ပြောကြားခဲ့သည်။

သို့သော်လည်း မြန်မာနိုင်ငံအတွင်းရှိ ရိုဟင်ဂျာများပင်လျှင် မကြာခဏ ဖမ်းဆီးခံနေရသောကြောင့်စစ်ကောင်စီ ၏ ပြောစကားများကို အယုံအကြည်မရှိဘူးဟု ရိုဟင်ဂျာအရေး ကူညီဆောင်ရွက်နေသူများက ပြောဆိုထား သည်။

April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...
April 27, 2026
စစ်ဦးစီးချုပ်အသစ် “လက်စွမ်းပြလိုမှုနှင့်အတူ” ကချင်ပြည်အတွင်း စစ်ရေးပိုမိုတင်းမာလာနိုင်ဟု...
April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...