ကျောက်မဲမြို့နယ် TNLA နှင့် တိုက်ပွဲဖြစ်သည့် စစ်ကောင်စီ ၁၅ ဦးထက် မနည်းသေဆုံး

ကျောက်မဲမြို့နယ် TNLA နှင့် တိုက်ပွဲဖြစ်သည့် စစ်ကောင်စီ ၁၅ ဦးထက် မနည်းသေဆုံး

သျှမ်းပြည် ကျောက်မဲခရိုင် ကျောက်မဲမြို့နယ်အတွင်း တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ကို ထိုးစစ်ဆင် တိုက်ခိုက်သည့် စစ်ကောင်စီဘက်မှ ၁၅ ဦးထက် မနည်း သေဆုံးခဲ့ကြောင်း သတင်းသိရသည်။

ဖေဖော်ဝါရီလ ၂၀ ရက် နံနက်ပိုင်း ၇ နာရီဝန်းကျင်မှ စတင်ကာ ကျောက်မဲမြို့နယ် နမ့်ခုံ ကျေးရွာ အနီးရှိ TNLA တပ်စခန်းနေရာကို စစ်ကောင်စီ စကခ (၁၆) နှင့် ခလရ (၆၈) တို့က မြေပြင် ထိုးစစ်ဆင်မှု လုပ်သည့် အပြင် လေကြောင်းဖြင့်ပါ တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း PSLF/TNLA တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြော သည်။

“စကခ (၁၆) နဲ့ ခလရ (၆) အင်အား ၆၀ လောက်နဲ့ TNLA ကို ထိုးစစ်ဆင် တိုက်ခိုက်တယ်၊ မနက် ၇ နာရီ လောက် ကနေ ၉ နာရီ ၄၅ အထိ တိုက်ပွဲက ပြင်းထန်ခဲ့တယ်၊ ဒီကြားထဲမှာ တိုက်လေယာဥ် တစ်စီး နဲ့ လာပြီးတော့ ထိုးစစ်ဆင်တာ ရှိတယ်၊ မြေပြင်တိုက်ပွဲက သူတို့လူ အထိနာတော့ လေယာဥ် နဲ့ လာတိုက်ပြီး ကယ်ထုတ်တယ်” ဟု အမည်မဖော်လိုသူ PSLF/TNLA မှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ တိုက်ပွဲသည် ၂ နာရီ နီးပါးကြာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ လေကြောင်း တိုက်ခိုက်မှုများဖြင့်ပါ တိုက်ခိုက်မှု ရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအပြီး TNLA တပ်သားများ ကွင်းဆင်းစစ်ဆေးမှု ပြုလုပ်ရာ သေဆုံးနေသည့် စစ်ကောင်စီ တပ်သား ၁၅ ဦး ထက်မနည်း ရှိနေပြီး ထိခိုက်ဒဏ်ရာရသူ ၅ ဦးထက် မနည်း တွေ့ရှိရကြောင်း အထက်ပါ တာဝန်ရှိသူက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“သူတို့ဘက်က အကျတွေ ၁၅ ဦးရှိတယ်၊ ဒဏ်ရာရတဲ့သူတွေကလည်း ၅ ယောက်လောက်ရှိတယ်၊ ပြီးတော့ သူတို့ လက်နက်ခဲယမ်းတွေကိုလည်း ကျနော်တို့ဘက်က သိမ်းမိတာ ရှိတယ်” ဟု ၎င်းက ဆိုသည်။

တိုက်ပွဲအတွင်းတွင် TNLA တပ်ဖွဲ့မှ စစ်ကောင်စီ တပ်သားတို့၏ သေနတ် (၂) လက်၊ စက်သေနတ် (၁) လက်၊ RPG (၁) လက်အပြင် လက်ပစ်ဗုံး နှင့် စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ရကြောင်း သိရသည်။

လက်ရှိတွင် ကျောက်မဲမြို့နယ် နမ်ခုံကျေးရွာ အနီးတစ်ဝိုက်၌ စစ်ကောင်စီမှ ဆက်လက် တပ်စွဲနေရာယူထားပြီး တိုက်ပွဲ ထပ်မံဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

TNLA တပ်ဖွဲ့သည် တစ်နိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ် လက်မှတ်ရေးထိုးထားခြင်း မရှိသည့်အပြင် စစ်ကောင်စီက ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိုလည်း တက်ရောက်ခြင်း မရှိသည့် တပ်ဖွဲ့ဖြစ်သည်။

အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ စပြီး ဒီဇင်ဘာ (၃၁) ရက်ထိ တစ်နှစ်ကြာ အပစ်ရပ် ကြေညာထားသော်လည်း စစ်ကောင်စီတပ်၏ တိုင်းရင်းသား ဒေသများထံ တိုက်လေယာဥ်ဖြင့် ထိုးစစ်ဆင်မှု နှင့် စစ်မြေပြင် ထိတွေ့တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။

May 1, 2026
စိုင်းဆိုင်အိုက် — ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ...
April 30, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် နမ့်ခမ်းမြို့နယ်ရှိ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများတွင်...
April 29, 2026
စိုင်းဟန်လင်း — ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်)...
April 28, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့်...