ပြည်တွင်းဆန်ဈေးနှုန်းကြီးမြင့်မှု စစ်ကောင်စီမထိန်းနိုင်

ပြည်တွင်းဆန်ဈေးနှုန်းကြီးမြင့်မှု စစ်ကောင်စီမထိန်းနိုင်

လက်ကျန်စပါး နည်းပါးလာမှုနဲ့အတူ ပြည်တွင်းဆန်ဈေးနှုန်း အဆမတန်မြင့်တက်လာတဲ့ ပြဿနာကို စစ်ကောင်စီဘက်က ထိန်းသိမ်းနိုင်ခြင်း မရှိသေးဘူးလို့ ဆန်လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြည်တွင်းဆန်ဈေးနှုန်းဟာ ဈေးကွက်အတွင်း လက်ကျန်စပါးနည်းပါးလာတာ၊ နိုင်ငံတကာဈေးကွက်မှာ ဆန်ဈေးနှုန်း မြင့်တက်လာတာ၊ အထွေထွေကုန်ကျစရိတ် ကြီးမြင့်မှုတွေကြောင့် စံချိန်တင်ဈေးနှုန်းမြင့် တက်လာခဲ့တာ ဖြစ်ပါတယ်။

ဆန်ဈေးနှုန်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီလကစပြီး ဈေးကွက်အတွင်းမှာ ပေါ်ဆန်းတစ်အိတ်ကို ကျပ်(၅၉၀၀၀) ဝန်းကျင်ကနေ ကျပ်(၇၂၀၀၀)၊ ဆန်းကြမ်းဧည့်မထ တစ်အိတ်ကို ကျပ်(၄၅၀၀၀) ကနေ ကျပ်(၆၁၀၀၀) လောက်ထိ ဈေးနှုန်းဆက်တိုက် မြင့်တက်လာတာ ဖြစ်ပါတယ်။

ဆန်ဈေးနှုန်း အဆမတန်မြင့်တက်လာမှုနဲ့အတူ စပါးဈေးနှုန်းကလည်း ၃၀ ရာခိုင်နှုန်းနီးပါး ထပ်မံမြင့်တက်လာခဲ့သလို လိုသလောက် ဝယ်ယူရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆန်စက်လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

“စပါးဈေးက တအားထိုးတက်နေတယ်ဆိုတော့ ဒီဆန်မွှေး၊ ဆန်ချောဆို ပေါင်(၁၂၀)ဆို သိန်း(၂၀)ကျော် (၂၂)သိန်း၊ (၂၃)သိန်း အခုဆန်ကြမ်း၊ ဒီအကြမ်းဆန်တောင်မှ (၁၈)သိန်းတဲ့။ အဲဒါတောင်မှ ကိုယ်လိုသ လောက် ယူမရဘူး။ စပါးမရဘူး။ ရှာလိုက်ရတာ ဒီတစ်ပတ်အတွင်းတောင်မှ စပါး (၁၀၀)ပဲ ရတယ်။ စပါးတွေတော့ သိပ်မရှိတော့ဘူး။ တချို့တွေကျတော့ ဝမ်းစာလောက်ပဲ ကျန်တော့တယ်။ လူတွေ ကုန် ဈေးနှုန်းမြင့်နေပြီးတော့ ဆီကအစပေါ့။ စက်နဲ့ လယ်ထွန်ရတယ်။ အဲဒီတော့ ဆီကလည်းဈေးတက်နေ၊ ဝဲကလည်း ဈေးတက်နေတယ်ဆိုတော့ ကြဲခင်းပဲလုပ်များကြတာလေ။ ကြဲခင်းလုပ်ရင် (၁၀)ဧက ဆို (၅၀၀)၊ (၆၀၀) ထွက်မယ့်နှစ်ဆို သူတို့ ကြဲခင်ဆို စပါး (၁၀၀)ကျော်ကျော် (၁၅၀) သူတို့ ဝမ်းစာလောက်ပဲ ရရင်ရပါစေ။ အဲဒီလိုမျိုးနဲ့ လုပ်လိုက်ကြတာပေါ့။ လယ်သမားတွေကြတော့ မကိုက်ကြဘူးလေ။ အဲဒီလိုမျိုး ဖြစ်တာပေါ့”လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ပြည်တွင်းဆန်ဈေးနှုန်း စံချိန်တင်မြင့်တက်လာမှုကို ထိန်းချုပ်ဖို့အတွက် စစ်ကောင်စီနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ညှိနှိုင်းဆောင်ရွက်နေပေမယ့် ဈေးကွက်အတွင်း ဆန်ဈေးနှုန်းကျဆင်းလာခြင်း မရှိသေးပါဘူး။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကတော့ ဆန်ဈေးနှုန်း တည်ငြိမ်ဖို့အတွက် အလုပ်ရုံ၊ စက်ရုံနဲ့ စက်မှုဇုန်က ဝန်ထမ်းတွေကို သက်သာတဲ့ ဈေးနှုန်းနဲ့ ရောင်းချပေးဖို့ တင်ပြထားတယ်လို့ ဆိုပါတယ်။

ပြည်တွင်း ဆန်ဈေးနှုန်းဟာ လျှပ်စစ်မီး မမှန်တာ၊ စက်သုံးဆီ ဈေးနှုန်းမြင့်တက်နေတာ၊ သယ်ယူပို့ ဆောင်ရေးစရိတ် ကြီးမြင့်နေတာအပြင် အထွေထွေကုန်ကျစရိတ်နဲ့ ထုတ်လုပ်မှုစရိတ်တွေ ကြီးမြင့်နေတာကြောင့်လည်း ဈေးနှုန်းပိုမို မြင့်တက်နေတာ ဖြစ်ပါတယ်။

ဆန်ဆိုင်ပိုင်ရှင်တစ်ဦးကလည်း ဆန်ဈေးနှုန်းတွေ ဆက်တိုက်မြင့်တက် လာတာဟာ စပါးဈေးနှုန်းမြင့်တက်လာတာကြောင့်ဖြစ်ပြီး ကုန်သည်တွေက ဈေးတင်တာကြောင့်လည်း ပါဝင်သလို ဒီနေ့ရောင်းဈေးဟာ နောက်နေ့ ကိုယ်ပြန်ဝယ်တဲ့ ဈေးနှုန်းဖြစ်နေရတယ်လို့ ပြောပါတယ်။

“ဆန်က ဘာလို့ မြင့်တက်သွားတာလဲဆိုတော့ စပါးဈေးတွေ တက်လို့။ စပါးဈေးတွေတက်တော့ ဆန်ဈေးတွေ တက်တာပေါ့။ နောက်စက်သမားတွေ စပါးဝယ်ရခက်လို့ပေါ့။ စပါးတွေက လယ်သမား လက်ထဲမှာမရှိကြတော့ဘူး။ စပါးက ကုန်သည်လက်ထဲမှာပဲရှိတော့ စပါးဈေးတွေ တက်တာပေါ့။ ဈေးကတော့ တော်တော်တော့ တက်သွားတယ်။ အခုကိုယ်ရောင်းတဲ့ဈေးက နောက်နေ့ ကိုယ်ပြန်ဝယ်တဲ့ဈေး ဖြစ်တာပေါ့။ အဲဒီအတွက်တော့ နည်းနည်းလေး စိတ်ညစ်ရတာပေါ့”လို့ ဆိုပါတယ်။

ဈေးကွက်အတွင်းမှာတော့ ဆန်ဈေးနှုန်း ဆက်တိုက်မြင့်တက်နေပေမယ့် ရှေ့ဆက်ဆန်ဈေးနှုန်းတွေ ထပ်မံမြင့်တက်လာမှာကို စိုရိမ်းပြီး ဝယ်ယူစုဆောင်သူတွေရှိတဲ့အတွက် ဝယ်လိုအားတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဟာ စပါးစိုက်ဧက ၁၇ သန်းကျော် ရှိနေတာ ဖြစ်ပြီး နှစ်စဉ် စပါးတန်ချိန် သန်းနဲ့ချီ ထွက်နေတာ ဖြစ်ပါတယ်။ ထွက်ရှိလာတဲ့ စပါးတွေကို ကြိတ်ခွဲရောင်းချပြီး နိုင်ငံပေါင်း ၂၂ နိုင်ငံကို နှစ်စဉ် ဆန်တန်ချိန် ၃ သန်းနီးပါး တင်ပို့ရောင်းချနေတာပါ။

ဒါပေမယ့် ပြည်တွင်း ဆန်ဈေးကွက်ဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်အတွင်း ဈေးနှုန်း အဆမတန် ကြီးမြင့်မှုနဲ့ အကျပ်အတည်းကိုပါ ထပ်မံရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

Most read this week

May 20, 2024
စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ မွန်ပြည်နယ်မှာ ရွှေ့ပြောင်းလုပ်သားတွေကို...
May 20, 2024
- ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ နမ်ဗျူ နမ်ခမ်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို...
May 20, 2024
- မွန်ပြည်သစ်ထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသမှာ ငှက်ဖျားဖြစ်ပွားသူများပြားနေပြီး...
May 18, 2024
- မွန်ပြည်သစ်ပါတီရဲ့ အချက်အခြာကျတဲ့ နယ်မြေတွေကို လက်ဦးမှုရယူဖို့ စစ်တပ်ထောက်ခံသူတွေ...