ပုဏ္ဏားကျွန်းတွင် ဘုန်းကြီးကျောင်းဆောင်မီးလောင်၊ သက်တော် ၇၂ နှစ်အရွယ် ဆရာတော်တစ်ပါး မီးထဲပါသွားပြီး ပျံလွန်တော်မူ

ပုဏ္ဏားကျွန်းတွင် ဘုန်းကြီးကျောင်းဆောင်မီးလောင်၊ သက်တော် ၇၂ နှစ်အရွယ် ဆရာတော်တစ်ပါး မီးထဲပါသွားပြီး ပျံလွန်တော်မူ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်ရှိ ဓမ္မမဏ္ဍိုင်ဘုန်းကြီးကျောင်းဝင်းတွင် ယနေ့နံနက်က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပြီး အသက် ၇၂ နှစ်အရွယ် ဆရာတော်တစ်ပါး မီးထဲပါသွားပြီး ပျံလွန်တော်မူသွားကြောင်း သိရသည်။

မီးထဲပါသွား၍ ပျံလွန်တော်မူသွားသည့်ဆရာတော်မှာ ကျောက်တော်မြို့နယ်၊ သာဒါဆိပ်ကျေးရွာမှ ဦးပဏ္ဍဝဖြစ်သည်။

ဆရာတော် ဦးပဏ္ဍဝသည် ခန္ဓာကိုယ်ညာဘက်တစ်ခြမ်းလေဖြန်းထား၍ ဓမ္မမဏ္ဍိုင်ဘုန်းကြီးကျောင်းဝင်းရှိ သွပ်မိုး၊ ဝါးထရံကာ၊ ပျဉ်ခင်းထားသည့် သံဃာဆောင်တစ်ခုတွင် နောက်ထပ် ရဟန်းတစ်ပါးနှင့်အတူနေထိုင်ကာ ဆေးကုသမှုခံယူနေရသူဖြစ်သည်။

ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်၊ နံနက် ၉ နာရီခန့်တွင် အဆိုပါသံဃာဆောင်၌ ဆရာတော် တစ်ပါးတည်း ရှိနေချိန် မီးလောင်မှုဖြစ်ပွားခဲ့မှုကြောင့် နေရာမှမထနိုင်ဘဲ မီးထဲပါသွားကာ ပျံလွန်တော်မူသွားခဲ့ခြင်းဖြစ်သည်ဟု အဆိုပါကျောင်းမှ ကျောင်းတကာတစ်ဦးက ပြောသည်။

“မီးလောင်မှုဖြစ်တာက မနက်ကတည်းကနေဖြစ်တာပါ။ အစတော့ အဲဒီဆရာတော် မီးထဲပါသွားတာ မသိကြဘူး။ မီးငြိမ်းသွားလို့ သွပ်တွေကို ခွာပြီး ရှင်းလင်းရေးလုပ်မှ ဆရာတော့်ရုပ်အလောင်းကို တွေ့တာ”ဟု ပြောသည်။

လက်ရှိတွင် ဆရာတော်၏ရုပ်ကလပ်ကို ပုဏ္ဏားကျွန်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု ဆိုသည်။

ပျံလွန်တော်မူသွားသည့်ဆရာတော်သည် အဆိုပါကျောင်းတွင်နေထိုင်လာသည်မှာ ၆ နှစ်ခန့်ရှိပြီဟုလည်း သိရသည်။

အဆိုပါဆရာတော်နေထိုင်ခဲ့သည့်သံဃာဆောင်တွင် လျှပ်စစ်မီးသွယ်တန်းထားခြင်းလည်း မရှိသည့်အတွက် ယနေ့နံနက်က လောင်ကျွမ်းခဲ့သည့်မီးမှာ ယင်းအဆောင်အနီး မီးလှုံခဲ့ရာမှ ကျန်ရှိခဲ့သည့် မီးကြွင်းမီးကျန်များမှတဆင့် လောင်ကျွမ်းခဲ့ခြင်းဖြစ်နိုင်သည်ဟုလည်း သုံးသပ်ခန့်မှန်းနေကြသည်။

မီးလောင်မှုကြောင့် ကျောင်းဝင်းအတွင်းရှိ ယင်းသံဃာဆောင်တစ်ခုတည်းသာ မီးလောင်ပြာကျသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ပုဏ္ဏားကျွန်းမြို့နယ်မီးသတ်တပ်ဖွဲ့ကို ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေဆိုခြင်း မရှိသေးပါ။   

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...