မြေပုံမြို့နယ်တွင် တပ်ကထွက်ပြေးလာသည့် စစ်သားနှစ်ဦး၏ပစ်ခတ်မှုကြောင့် ရေထဲကျပျောက်ဆုံးနေသူ၏အလောင်းအားပြန်ရှာတွေ့

မြေပုံမြို့နယ်တွင် တပ်ကထွက်ပြေးလာသည့် စစ်သားနှစ်ဦး၏ပစ်ခတ်မှုကြောင့် ရေထဲကျပျောက်ဆုံးနေသူ၏အလောင်းအားပြန်ရှာတွေ့
သေဆုံးသူ ဦးမောင်ဆန်းညွှန့်အလောင်းကိုတွေ့ရစဉ်
သေဆုံးသူ ဦးမောင်ဆန်းညွှန့်အလောင်းကိုတွေ့ရစဉ်

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်တွင် စစ်ကောင်စီတပ်ကထွက်ပြေးလာသည့် စစ်သားနှစ်ဦး၏ ပစ်ခတ်မှုကြောင့် ရေထဲကျပျောက်ဆုံးနေသူ၏ ရေလုပ်သားတစ်ဦး၏ အလောင်းအား ပြန်ရှာတွေ့ပြီ ဖြစ်သည်ဟု သတင်းရရှိသည်။

အဆိုပါအလောင်းမှာ မြေပုံမြို့နယ်၊ ထူးချေကျေရွာမှ စက်လှေပိုင်ရှင် ဦးဆန်းညွန့်(၃၆)နှစ်ဖြစ်ပြီး ယနေ့ဖေဖော်ဝါရီလ ၉ရက်၊ နေ့လယ်  ၁၂ နာရီခန့်လောက်တွင် သံသမမီးပြကျောက်ဆောင်အနီးရှိ ရေထဲမှဖော်ယူ တွေ့ရှိခြင်းဖြစ်သည်ဟု သိရသည်။

"အလောင်းကို နေ့လယ် ၁၂နာရီဝန်းကျင်လောက်မှာတွေ့တာ။ သေနတ်ပစ်ချခံခဲ့ရတဲ့နေရာမှာပဲ တွေ့တာ။ မသင်္ကါလို့ ရေမှာပေါ်နေတဲ့ ချထားတဲ့ပိုက်ကို ရေထဲက ဆွဲဖော်ကြည့်တော့မှ ပိုက်ကိုကိုင်ပြီး သေလျှက်တွေ့တာပါ" ဟု ထူးချေရွာသား တစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

ဦးဆန်းညွန့်မှာ နားထင်ကို သေနတ်ကျည်ထိမှန်ခဲ့သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

"သေနတ်ပစ်ခံရလို့ ကျည်ထိတာက ပေါင်မှာမဟုတ်ဘူး။  နားထင်ကိုသေချာပစ်တာ။ ထိုဖက် ဒီဖက် ပေါက်နေတယ်။ ရည်ရွယ်ပြီး အသေပစ်သတ်ခဲ့ပုံရတယ်။ ပိုက်ချနေရာကနေ  သေနတ်နဲ့ပစ်ခံရလို့ ပိုက်ကိုင်ရင်း ရေထဲကျသွားတာ။ သူ့မိသားစုတွေကတော့ ယူကြုံးမရငိုနေကြတယ်"ဟု အလောင်းအား သွားရောက်ရှာဖွေရာတွင်ပါဝင်သည့် ထူးချေရွာ သားတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီလ ၈ရက်၊ နံနက် ၅နာရီခန့်က မြေပုံမြို့နယ် ထူးချေကျေးရွာမှ   စက်လှေပိုင်ရှင် ဦးမောင်ဆန်းညွှန့်နှင့် ကိုဇော်မင်းသိန်းတို့သည်  မြေပုံမြို့နယ် သံသမ မီးပြကျောက်ဆောင်အနီးတွင် ဟွန်ဒါစက်လှေတစ်စီးဖြင့် ငါးပိုက်ဖော်နေကြစဉ် တပ်မှလက်နက်များယူကာ ထွက် ပြေးလာကြသည့် စစ်သားနှစ်ဦးသည် မော်တော် ဘုတ်တစ်စီးဖြင့် ဘေးနားကို ရောက်ရှိလာပြီး  ဦးမောင်ဆန်းညွှန့်အား အကြောင်းမဲ့ သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သည်။

ပိုက်ဖော်နေသူ ဦးမောင်ဆန်းညွှန့်၏ နားထင်ကို သေနတ်ဖြင့်ပစ်ပြီး စက်လှေပေါ်တွင်ရှိနေသူ ကိုဇော်မင်းသိန်းအားရေထဲကို ကန်ချပြီး ဟွန်ဒါစက်လှေကိုမောင်းယူ သွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

၎င်းစစ်သားနှစ်ဦးကို လက်ရှိ ရက္ခိုင့်တပ်တော် အေအေက ဖမ်းဆီးထိန်းသိမ်းထားသည်ဟု သိရသည်။

အသက်ဘေးမှ လွတ်မြောက်လာသူ ကိုဇော်မင်းသိန်းလည်း ၎င်းသတ်ဖြတ်မှုနှင့် ပတ်သက်ပြီး အေအေက စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်သွားသည်ဟု ကျေးရွာသား တစ်ဦးက ပြောသည်။

သေဆုံးသွားခဲ့သူ ဦးမောင်ဆန်းညွှန့်ကို ယနေ့ မွန်းလွဲ ၂ နာရီကသဂြိုလ်လိုက်သည်ဟု သိရသည်။  (NN-12)

April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...
April 3, 2026
ကျော်သီဟ — နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း...
April 2, 2026
ခိုင်လူလှ (ရိုးမမြေ) — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကပစ (၁၆ )...
April 1, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း ကြက်သွန်နီစိုက်ပျိုးမှုမှာ ဖြစ်ထွန်းအောင်မြင်နေသည်ဟု...