အာဏာသိမ်းကာလ (၂) နှစ်အတွင်းက ကချင်ပြည်နယ်မှတ်တမ်း

အာဏာသိမ်းကာလ (၂) နှစ်အတွင်းက ကချင်ပြည်နယ်မှတ်တမ်း

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ကနေ ဒီမိုကရေစီနည်းကျ ပြည်သူတွေ ရွေးကောက်တင်မြောက်ထားတဲ့ အရပ်သားအစိုးရကို လက်နက်အားကိုးနဲ့ ဖယ်ရှားပြီး နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တာ ဒီကနေ့ ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ (၂)နှစ်တိတိ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

အာဏာစသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့ကနေ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ အပါအဝင် အစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးပြီးတော့ ပုဒ်မအမျိုးမျိုးတပ် ထောင်ချခဲ့ပြီး လက်ရှိအချိန်ထိလည်း ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်အပါအဝင် အခြားပြည်နယ်ဝန်ကြီးတွေလည်း ပုဒ်မအသီးသီးနဲ့ တရားစွဲဆို ထောင်ချခံထားရပြီး ဒီကနေ့အချိန်ထိ လွတ်မြောက်လာတာ မရှိသေးပါဘူး။

အာဏာသိမ်းမှု ဖြစ်ပွားပြီးတဲ့နောက် နိုင်ငံတစ်ဝှမ်းလုံးနည်းတူ ကချင်ပြည်နယ်မှာလည်း စစ်ကောင်စီကို ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေး ဖြစ်ပေါ်လာခဲ့ပြီး အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒပြဆန့်ကျင် လှုပ်ရှားမှုတွေကနေ လက်နက်ကိုင်တော်လှန်တဲ့ အခြေနေအထိ ရောက်လာခဲ့ပါတယ်။

ကချင်ပြည်နယ်က မြို့နယ်အများစုမှာ စစ်ကောင်စီတပ် နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား မကြာခဏတိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ဘေးရှောင်ဒုက္ခသည်တွေလည်း တိုးလာနေပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးခါစတုန်းက ကချင်ပြည်နယ်က မြို့နယ်အားလုံးနီးပါးက ပြည်သူတွေအနေနဲ့ နေ့စဉ်ရက်ဆက် ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပြီး စစ်ကောင်စီ တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက အင်အားသုံး အကြမ်းဖက်နှိမ်နှင်းခဲ့တဲ့အပြင် ကျည်အစစ်တွေနဲ့ပါ ပစ်ခတ်သတ်ဖြတ်တာတွေ ပြုလုပ်ခဲ့တာကြောင့် လက်ရှိအချိန်မှာတော့ မြစ်ကြီးနားနဲ့ ဖားကန့်မြို့တွေမှာသာ ပြောက်ကျားဆန္ဒထုတ်ဖော်တာတွေ ပြုလုပ်နိုင်တာကို တွေ့ရှိရပါတယ်။

စစ်အာဏာရှင်ကို မလိုလားတဲ့ ပြည်သူတွေက လမ်းမပေါ်ထွက်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ကြသလို အစိုးရဝန်ထမ်းတွေကလည်း စစ်အာဏာရှင်လက်အောက်မှာ တာဝန်မထမ်းဆောင်လိုတဲ့အတွက် အကြမ်းမဖက် အာဏာဖီဆန်နဲ့နည်းနဲ့ CDM ပြုလုပ်လာကြပါတယ်။

အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာပါဝင်တဲ့ CDM ဝန်ထမ်းတွေကို စစ်ကောင်စီက လိုက်လံဖမ်းဆီး ထောင်ချတာတွေ ပြုလုပ်လာတဲ့နောက် CDM တွေအနေနဲ့ ဆက်လက်ရပ်တည်ဖို့ ခက်ခဲလာပြီး စစ်ကောင်စီ လက်အောက်ဝင်ရောက်ပြီးတော့ တာဝန်ထမ်းဆောင်တာတွေလည်း ရှိလာပါတယ်။

အာဏာသိမ်းစကနေ နှစ်နှစ်တိုင် တောင့်ခံကာ ဒီကနေ့အချိန်ထိ CDM လှုပ်ရှားမှုမှာပါဝင်နေတဲ့ ကျောင်းဆရာမ တစ်ဦးက“ ပြည်သူတွေရဲ့ အားပေးထောက်ခံမှု မရှိဘဲနဲ့ ဒီလို ၂ နှစ်တာကာလမှာ အာဏာရှင်ကို ရင်ဆိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ ပြည်သူတွေရဲ့ အထောက်အပံ့အကူအညီတွေကြောင့်သာ ဒီကနေ့အထိ စစ်အာဏာရှင်ကို တွန်းလှန်နိုင်နေတာ ဖြစ်ပါတယ်။ ပြောချင်တာကတော့ စစ်တပ်ကို ရတဲ့နည်းလမ်းနဲ့ ရသလို တွန်းလှန်တိုက်ခိုက်ကြမယ်။ အမြစ်ပြတ်အောင် လုပ်ကြမယ်။ လုံးဝကို ဘယ်နှနှစ်ပဲ ကြာကြာ စစ်တပ်လက်အောက်မှာ ဒူးမထောက်ဘဲ ဆက်လက်ပြီးရင်ဆိုင်ကြမယ်လို့ ပြောချင်ပါတယ်။” လို့ဆိုပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၇) ရက်နေ့ကစလို့ ပြုလုပ်ခဲ့တဲ့ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြပွဲတွေအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ကျည်ထိမှန် ကျဆုံးခဲ့ရသူ (၁၂) ဦး အထိရှိခဲ့ပါတယ်။

ဆန္ဒပြပွဲတွေ စတင်ခဲ့တဲ့ အချိန်ကနေ (၂) လလောက် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ကချင်မြေဟာ ၂၀၂၁ မတ်လ (၈) ရက်နေ့မှတော့ သွေးမြကျခဲ့ရပါတယ်။

မတ်လ (၈) ရက်နေ့ နေ့လယ်လောက်က မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်မှာ စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြနေရင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျည်အစစ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ဦးချိုတားနဲ့ ကိုဇင်မင်းထက်တို့ ကျည်ထိမှန် ကျဆုံးခဲ့ရပါတယ်။

အဲဒီနောက် ဗန်းမော် ၊ မိုးညှင်း၊ ဖားကန့် စတဲ့မြို့နယ်တွေမှာလည်း ဆန္ဒပြပွဲတွေကို ရက်ရက်စက်စက် ကျည်အစစ်နဲ့ ပစ်ခတ်ဖြိုခွင့်ခဲ့တာကြောင့် ကျဆုံးခဲ့ရသူ စုစုပေါင်း (၁၂) ဦးအထိ ရှိလာတာ ဖြစ်ပါတယ်။

အဲဒီနောက် စစ်ကောင်စီအနေနဲ့ ဆန္ဒထုတ်ဖော်တဲ့ ပြည်သူတွေသွေးထွက်သံယို ဖြစ်လာပြီး မတရား ကျူးလွန်လာမယ်ဆိုရင် ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) အနေနဲ့ နည်းလမ်းတစ်ခုခုနဲ့ ပါဝင်လာမှာဖြစ်တယ်လို့ KIA ဘက်ကနေ မတ်လ (၈) ရက်နေ့မှာပဲ ပြောဆိုခဲ့ပါတယ်။

အဲဒီထက်အရင် ဖေဖော်ဝါရီလ (၁၇) ရက်နေ့က လည်း စစ်အာဏာသိမ်းပြီးနောက် KIO/KIA ဘက်က ပထမဦးဆုံး ထုတ်ပြန်တဲ့ စာတစ်စောင်မှာလည်း အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးအတွက် ပြည်သူတွေရဲ့ ကြိုးပမ်းဆောက်ရွက်ချက်တွေ အားလုံးကို ကြိုဆိုကြောင်းနဲ့ ဆန္ဒပြထုတ်ဖော်သူတွေကို အကြမ်းဖက်နှိမ်နှင်းတာနဲ့ ပစ်ခတ်ဖြိုခွင်းတာတွေ မပြုလုပ်ဖို့ဆိုပြီး ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အာဏာသိမ်းနှစ်နှစ်ပြည့်ဖြစ်တဲ့ ဒီကနေ့ ဖေဖော်ဝါရီ (၁) ရက်နေ့မှာလည်း စစ်အာဏာရှင်ကို မတိုက်ထုတ်နိုင်ရင် သားစဉ်မြေးဆက် နှိပ်စက်ခံနေရဦးမှာ ဖြစ်တယ်လို့ KIO/KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“စစ်အာဏာရှင် ချုပ်ငြိမ်းရေးက အားလုံးရဲ့ဘုံရည်မှန်းချက် ဟုတ်တယ်။ အဲဒါကို အောင်မြင်တဲ့ တစ်နေ့ရောက်တဲ့အထိ အားလုံးက ကျရာကဏ္ဍမှာ ထမ်းဆောင်ရမယ်။ ပြည်သူတွေရော အတူတူပဲ။ နိုင်ငံ့တာဝန်ထမ်းဆောင်နေသူတွေရော ဒီအာဏာရှင်စနစ်ကို မတိုက်ထုတ်နိုင်၊ အမြစ်မဖြတ်နိုင်ရင် ကျွန်တော်တို့ သားစဉ်မြေးဆက် အခုလို အနိုင်ကျင့်နှိပ်စက်တာက ရှိမှာပဲ။”လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ ဖေဖော်ဝါရီလ (၁၀) ရက်နေ့က KIA တပ်မဟာ (၆) နယ်မြေဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မူဆယ်မြို့အရှေ့ဘက်မှာ ပထမဦးဆုံး တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မတ်လ (၁၁) ရက်နေ့က စပြီး အာဏာသိမ်းစစ်တပ်နဲ့ KIA တို့ ကချင်ပြည်နယ်အတွင်းက နေရာအနှံ့မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။

အာဏာသိမ်းပြီး (၃) လ အကြာမှာပဲ စစ်ကောင်စီကို လက်နက်ကိုင် ဆန့်ကျင်တော်လှန်ဖို့ တိုင်းရင်းသားလက်နက်ကိုင် နယ်မြေတွေမှာ စစ်သင်တန်းပေးပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ကနေ ၂၀၂၁ ခုနှစ် မေလ (၅) ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေး တပ်မတော်ကို တရားဝင်ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။

၂၀၂၁ မေလ (၅) ရက်နေ့ စတင်ဖွဲ့စည်းချိန်ကနေ ဒီကနေ့အထိ ဖွဲ့စည်းထားပြီးတဲ့ PDF တပ်ရင်းအရေအတွက် ၃၀၀ ကျော်အထိရှိလာပြီဖြစ်တယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရဲ့ ဒီကနေ့(ဖေဖော်ဝါရီ ၁ ရက်နေ့) ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီက နိုင်ငံတော်အာဏာကို လုယူထားတာ (၂) နှစ်ရှိလာပြီဆိုပေမယ့် လက်ရှိအချိန်ထိ နိုင်ငံကို အပြည့်အဝ မထိန်းချုပ်နိုင်သေးသလို သူ့တပ်သားတွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေဟာလည်း တဖြည်းဖြည်းနဲ့ ကျဆင်းလာနေပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေ ပိုမိုအားကောင်းလာတဲ့အတွက် ဒီနှစ်အတွင်း ဖြစ်လာနိုင်မယ့် စစ်ရေးအခြေနေကို KPDF တပ်ဖွဲ့ဝင်တစ်ဦးက အခုလို သုံးသပ်ပြောဆိုပါတယ်။

“သူ့မှာပေါ့နော်။ အချုပ်အခြာအာဏာ ရှိကြောင်းကိုပြနိုင်အောင် သူ့ရဲ့တပ်သားတွေကို မြေပြင်လွှတ်တယ်။ ဒါပေမယ့် မြေပြင်မှာ တကယ်ရောက်လာပြီဆိုရင်တော့ သူ့ရဲ့ တပ်သားတွေက တိုက်ရည်ခိုက်ရည်ပဲ ကြည့်ကြည့် စိတ်ဓာတ်ပိုင်းဆိုင်ရာပဲ ကြည့်ကြည်ပေါ့နော်၊ အဖက်ဖက်ကနေ ကျရှုံးနေတယ်။ အဲဒီတော့ မင်းအောင်လှိုင်မှာ ဆက်ပြီးတော့ ရုန်းထွက်ဖို့နည်းလမ်းဆိုတဲ့နေရာမှာ စစ်ဆင်ရေးကလွဲရင် တခြားနည်းလမ်း မရှိတော့ဘူးပေါ့။ သူနောက်ဆုံးရွေးချယ်ခဲ့တဲ့ ဒီစစ်ဆင်ရေးလမ်း ကျရှုံးပြီးပြီဆိုရင်တော့ ဒီတိုက်ပွဲဟာ ဒီ ၂၀၂၃ ထဲမှာတောင်မှ အခြေနေ တစ်မျိုးဖြစ်နိုင်တယ်။” လို့ဆိုပါတယ်။

စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်မှုနဲ့အတူ မြို့အတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ပစ်မှတ်တွေကို ဗုံးခွဲတိုက်ခိုက်တာနဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေပစ်ခတ် သတ်ဖြတ်ခံရတာတွေလည်း ရှိလာပါတယ်။

လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ကချင်ပြည်နယ်အတွင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို အာဏာသိမ်းကာလအတွင်း စစ်ကောင်စီလက်အောက်မှာ တာဝန်ကျေပွန်စွာထမ်းဆောင် ခဲ့တယ်ဆိုပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့မှာ စစ်ကောင်စီကနေ ရဲဗလဆုတံဆိပ် ချီးမြှင့်ခဲ့ပါတယ်။

စစ်ကောင်စီချီးမြှင့်ခဲ့တဲ့ ရဲဗလဆုတံဆိပ်ကို နောင်နန်းကျေးရွာ၊ ဟိုကပ်ကျေးရွာနဲ့ မိုးမောက်မြို့နယ် အုပ်ချုပ်ရေးမှူးတို့နဲ့အတူ ရဲတပ်ဖွဲ့ဝင်ထဲက (၁၆) ဦးတို့ ရရှိခဲ့ကြပါတယ်။

အာဏာသိမ်းနောက် တစ်နှစ်ကျော်ကာလကို ရောက်ရှိလာတဲ့ အခါမှာတော့ ကချင်ပြည်နယ်နေရာအနှံ့မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာသလို စစ်ကောင်စီဘက်က စစ်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲ တိုက်ခိုက်ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ ကျေးရွာတွေ မီးရှို့ဖျက်ဆီးတာတွေကိုလည်း လုပ်ဆောင်လာခဲ့ပါတယ်။

ဖားကန့်မြို့နယ်က KIA တပ်မဟာ (၉) နယ်မြေဖြစ်တဲ့ အနန့်ပါဒေသမှာ ၂၀၂၂ အောက်တိုဘာ( ၂၃) ရက်နေ့ ညပိုင်းက KIO တည်ထောင်ခြင်းနေ့အထိမ်းအမှတ် အကြိုတေးဂီတဖျော်ဖြေပွဲ ပြုလုပ်နေချိန် စစ်ကောင်စီက လေယာဉ်သုံးစင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ KIA အရာရှိတွေ နဲ့ အနုပညာရှင်တွေ အပါအဝင် လူပေါင်း (၆၀)ကျော် သေဆုံးခဲ့ရပါတယ်။

အဲဒီထက်အရင် ၂၀၂၂ ခုနှစ် ဩဂုတ်လ (၁၀) ရက်နေ့ကလည်း ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာမှာ ရှမ်းနီ SNA ၊ စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ KIA အဖွဲ့တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တိုက်လေယာဉ် တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သလို မြေပြင်မှာရှိတဲ့ စစ်ကောင်စီတပ်တွေကလည်း ကျေးရွာအတွင်းက နေအိမ် (၄၀၀) ဝန်းကျင်လောက်ကို မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။

အဲဒီတိုက်ပွဲကြောင့် ဆယ်ဇင်းကျေးရွာက ပြည်သူ သုံးထောင်ကျော်ဟာ နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိလည်း စစ်ရှောင်စခန်းတွေနဲ့ နီးစပ်ရာဆွေမျိုးတွေဆီ နေထိုင်နေကြရပြီး အဲဒီထဲက အနည်းငယ်သာ ကျေးရွာအတွင်း ပြန်လည်ဝင်ရောက် နေထိုင်နိုင်ကြပါသေးတယ်။

အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်းမှာပဲ တရားဥပဒေစိုးမိုးမှုလည်း ပျောက်ဆုံးသွားသလို စီးပွားရေးမှာလည်း အဆိုးဆုံးအခြေနေကို ရောက်ရှိသွားခဲ့ပါတယ်။

ဆန်၊ဆီ၊ဆား စတဲ့ အခြေခံစားသောက်ကုန်တွေ အပါအဝင် ကုန်ပစ္စည်းဈေးနှုန်းတွေလည်း နှစ်ဆနီးပါး မြင့်တက်သွားသလို ၂၀၂၂ ဖေဖော်ဝါရီလကနေ ဇွန်လအထိ ဓာတ်ဆီ၊ဒီဇယ်ဆီစတဲ့ လောင်စာဆီ ပြတ်လပ်မှုနဲ့ ကြုံတွေ့ခဲ့ရပြီး မြစ်ကြီးနား၊ဗန်းမော်၊ဖားကန့် ပူတာအို စတဲ့မြို့တွေက ဓာတ်ဆီဆိုင်ကြီးတွေပါ ပိတ်ထားခဲ့ရတဲ့ အခြေနေအထိ ဖြစ်ခဲ့ရပါတယ်။

ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက လွှတ်တော်အမတ်တွေအပါအဝင် တော်လှန်ရေး တပ်ဖွဲ့ဝင်တွေ နဲ့ ဆက်စပ်သူတွေရဲ့ နေအိမ်တွေကိုလည်း စစ်ကောင်စီက ချိပ်ပိတ်တာတွေ ပြုလုပ်ခဲ့တဲ့အပြင် ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဦးအောင်ဟိန်းမင်းရဲ့ နေအိမ်ကိုတော့ ချိပ်ပိတ်ပြီး နောက်တစ်နေ့မှာ ရိုက်ချိုးဖျက်ဆီးခဲ့တဲ့အထိပါ လုပ်ဆောင်ခဲ့ကြပါတယ်။

နေအိမ်တွေ ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရတဲ့အထဲ မြစ်ကြီးနားခရိုင် NLD ပါတီ အလုပ်မှုဆောင် အဖွဲ့ အတွင်းရေးမှူးလည်းဖြစ်၊ တရားလွှတ်တော်ရှေ့နေလည်းဖြစ်တဲ့ ဦးတင်ထွန်းသိန်းရဲ့ နေအိမ်လည်းပါဝင်ပါတယ်။

ဒီနှစ်နှစ်တာ ကာလအတွင်း တချို့မှာ နေအိမ်တွေဆုံးရှုံးခဲ့ရသလို မိသာစုဝင်တွေလည်း မြောက်များစွာ ပျက်စီးဆုံးရှုံးခဲ့ရပြီဖြစ်ပြီး လက်ရှိအချိန်တော်လှန်ရေး အင်အားစုတွေဟာလည်း အခုချိန်မှာ ပိုမို အားကောင်းလာတဲ့အတွက် ဒီတော်လှန်ရေးဟာ အောင်ဖို့အတွက်သာရှိကြောင်း သူကဆိုပါတယ်။

“ကျနော်တို့ နှစ်နှစ်တာ ဆိုပေမယ့် လုံးဝမထင်မှတ်ထားရလောက်အောင် ကျနော်တို့ နိုင်ငံဟာ ဘက်ပေါင်းစုံက ဆုံးရှုံးနစ်နာမှုတွေ ဖြစ်ခဲ့ပြီ။ ဒီအပေါ်မှာ ကျနော်တို့ တော်လှန်ရေးဘက်တော်သားတွေက ရဲရဲဝံ့ဝံ့နဲ့ ဆက်ပြီးလုပ်နေကြတာ တွေ့ရတော့ ဒီအပေါ်မှာ ကျနော်တို့တော်လှန်ရေး အရှိန်အဟုန်ကောင်းနေတယ်။ ကျနော်တို့ တော်လှန်ရေးဟာ နိုင်ဖို့ပဲ ရှိပါတယ်လို့ပဲ ကျနော့်အနေနဲ့ ပြောချင်ပါတယ်ဗျ။” လို့ဆိုပါတယ်။

အာဏာသိမ်းကာလ (၂)နှစ်ပြည့်တော့မယ့် အချိန်ကာလကို ရောက်ရှိလာတဲ့ အခါမှာတော့ စစ်ကောင်စီက ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်တဲ့အနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၉) ရက်နေ့ကစပြီး လူဦးရေစာရင်းလိုက်လံကောက်ယူတာတွေ လုပ်ဆောင်လာပါတယ်။

ရွေးကောက်ပွဲပြုလုပ်နိုင်ဖို့အတွက် လူဦးရေစာရင်းတွေ ကောက်ယူတဲ့အပြင် နိုင်ငံအတွင်းက ပြည်သူတွေကို ပြည်ပထွက်ခွာလို့ မရအောင် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး ( Passport ) ရုံးတွေကိုလည်း ပိတ်ထားတာတွေပါ လုပ်ဆောင်လာပါတယ်။

အဲဒီနောက် လူဦးရေစာရင်းကောက်ယူတဲ့ စစ်ကောင်စီ စုပေါင်းရုံး တိုက်ခိုက်ခံရမှုတွေ ရှိလာတဲ့နောက် စစ်ကောင်စီက ပုဒ်မ ၁၄၄ ကိုပြန်လည် အသုံးချကာ မြစ်ကြီးနားမြို့မှာ လူ (၅) ဦးထက် ပိုမစုဖို့နဲ့ မနက် (၄) နာရီကနေ ည (၁၀) နာရီအထိ ညမထွက်ရအမိန့်ကို လိုက်နာကြဖို့ သတိပေးစာကို ဇန်နဝါရီ( ၂၃) ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ဇန်နဝါရီ (၂၇) ရက်နေ့မှာတော့ မိုးမောက်နဲ့ ဗန်းမော်မြို့တွေမှာပါ အသိပေးထုတ်ပြန်လာပါတယ်။

အဲဒီနောက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်ကို စစ်ကောင်စီက ဇန်နဝါရီ (၂၇) ရက်နေ့မှာပဲ ထုတ်ပြန်ခဲ့ပြီး တစ်နိုင်ငံလုံးအဆင့် ရွေးကောက်ပွဲဝင်မယ့် ပါတီတွေအနေနဲ့ ရက်ပေါင်း (၉၀)အတွင်း ပါတီဝင်ဦးရေ တစ်သိန်းရှိရမယ်လို့ ပြောင်းလဲထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီက ၂၀၂၂ ခုနှစ်အတွင်း သေဒဏ်ချမှတ်တာနဲ့ သေဒဏ်စီရင်မှုတွေကိုပါ လုပ်ဆောင်ခဲ့ပြီး ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးကျော်မင်းယု(ခ)ကိုဂျင်မီ ၊ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်၊ အရပ်သားတွေ ဖြစ်ကြတဲ့ ကိုလှမျိုးအောင်နဲ့ ဦးသူရဇော်တို့ လေးဦးကို ၂၀၂၂ ခုနှစ် ဇူလိုင်လ( ၂၄) ရက်နေ့မှာ သေဒဏ်ချမှတ်ခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးချိန်ကနေ ဒီကနေ့ ဇန်နဝါရီ (၃၀) ရက်နေ့အထိ အသက် (၁၈) နှစ်အောက် ကလေး( ၂) ဦးအပါအဝင် (၁၀၁) ဦး သေဒဏ်ချမှတ်ခံထားရပြီး မျက်ကွယ်သေဒဏ်အနေနဲ့လည်း (၁၂၁) ဦး ချမှတ်ခံထားရတာကြောင့် စစ်ကောင်စီလက်ထက်မှာ သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၄၃) ဦးရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ ကချင်တစ်မျိုးသားလုံး လေးစားအားထားရတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ KBC ဥက္ကဌဟောင်း နဲ့ လက်ရှိ KBC အထူးအကြံပေးပုဂ္ဂိုလ်ဖြစ်တဲ့ သိက္ခာတော်ရဆရာကြီး ဒေါက်တာခလမ်ဆမ်ဆွန်ကိုလည်း ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ (၅) ရက်နေ့က ထိုင်းနိုင်ငံဘက် ဆေးကုသွားဖို့အတွက် မန္တလေးလေဆိပ်ကို ရောက်ရှိချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

အဲဒီနောက် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) အပြင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ပါ စစ်ကောင်စီက အမှုဖွင့်တရားစွဲဆိုခဲ့ပါတယ်။

AAPP ရဲ့ စာရင်းအရ အာဏာသိမ်းချိန်ကစလို့ ဒီကနေ့ ဖေဖော်ဝါရီ (၁) ရက်နေ့အထိ နိုင်ငံတစ်ဝှမ်း ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၃၇၈၇) ဦးရှိပြီး အဲဒီထဲက (၂၂၉၉) ဦး မှာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ သိရပါတယ်။

အာဏာသိမ်းတာ (၂) နှစ်ပြည့်တဲ့ အချိန်မှာတော့ စစ်ကောင်စီကနေ နိုင်ငံတော်အာဏာကို နောက်ထပ် (၆)လ ထပ်ယူထားဖို့ သက်တမ်းတိုးခဲ့ပါတယ်။

မြစ်ကြီးနားသတင်းဂျ

Most read this week

May 17, 2024
ပူတာအိုဒေသမှာ ဆန်တစ်ပုံး(၈ ပြည်) ကို ကျပ်တစ်သိန်း နဲ့ ဓာတ်ဆီ တစ်ပုလင်းကို ၇၀,၀၀၀ ကျပ် အထိ...
May 16, 2024
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ကျောင်းဖွင့်လှစ်နိုင်ရေး...
May 16, 2024
ပညာသင်ယူမှုပြီးမြောက်လျှင် လူ့အသက်များကို ကယ်တင်ရင်း အမျိုးသားရေးပခုံးပြောင်းတာဝန်များကို...
May 15, 2024
မြစ်ကြီးနားအကျဉ်းထောင်နဲ့ မိတ္ထီလာအကျဉ်းထောင်က အကျဉ်းသားတွေအနေနဲ့ ရေကိုဝယ်ယူသုံးစွဲရနေရသလို...