သတ်ဖြတ်မြုပ်နှံထားသော ကချင်ရွာသားအလောင်း တွေ့ရှိ

သတ်ဖြတ်မြုပ်နှံထားသော ကချင်ရွာသားအလောင်း တွေ့ရှိ
by -
ကေအဲန်ဂျီ
တနိုင်းမြို့နယ် လီဒိုလမ်းမပေါ် တိန်းကောက် ကျေးရွာရှိ လယ်ယာလုပ်ငန်းလုပ်ကိုင်နေသည့် ရွာသားတစ်ဦး ဓါးဒဏ်ရာ၊ သေနတ်ဒဏ်ရာများဖြင့် သတ်ဖြတ်ခံရပြီး မြုပ်နှံထားသည်ကို စက်တင်ဘာ ၂၄ ရက်နေ့က တွေ့ရှိခဲ့သည်။ သေဆုံးသူမှာ တိန်းကောက်ကျေးရွာ ဦးလဖိုင်ခွန်ဆိုင်း၏ သားအသက် ၂၈ နှစ်အရွယ် မောင်လဖိုင်ဆိုင်းလီ ဖြစ်ကြောင်း သိရသည်။ သူသည် စက်တင်ဘာ ၁၈ ရက်နေ့ လယ်တော်ထဲကို သွားရာမှ ပျောက်ဆုံးသွားခြင်း ဖြစ်သည်။ ထို့သို့ ရက်ပိုင်းအပြီး သူ့ကို ရှာဖွေခဲ့ရာ စက်တင်ဘာ ၂၄ ရက် အလောင်းမြုပ်နှံထားသည့် မြေနေရာကို တူးဖော်ကြည့်ရာမှ နှိပ်စက်ခံထားရသည့် ဒဏ်ရာများဖြင့် တွေ့ရှိခဲ့ကြောင်း သေဆုံးသူ၏ ဖခင်က ပြောသည်။ “သူ့ကို ရှာဖို့ လယ်တောကို သွားကြည့်တယ်။ လယ်ယာဘေးမှာ စစ်ကြောင်းတွေ သွားလာတဲ့ ခြေရာတွေပဲတွေ့တော့ ငါ့သားကို ခေါ်သွားကြပြီဆိုတာ သိရပြီ။ မြုပ်ထားတဲ့နေရာတစ်ခုကို ရှာတွေ့တော့ တူးကြည့်တယ်။ ဆံပင်ကို တွေ့တာနဲ့ငါ့သားပဲဆိုတာ သိလိုက်ပြီ။ ရင်ဖက်နဲ့ လက်မောင်းမှာလည်း ကျည် ရာတွေပဲ။ ခြေထောက် ဘယ်ညာ ၂ ဖက် ချိုးထားပေးတယ်” ဟု ဦးလဖိုင်ခွန်ဆိုင်းက ငိုပြီး ပြောပြသည်။ သေဆုံးသူကို မြုပ်နှံထားသည့် အလောင်းနှင့် အတူ သူ မပျောက်ခင်က ယူဆောင်သွားသည့် ထမင်းထုပ်၊ ဓါတ်မီး စသည့် ပစ္စည်းများလည်း တွေ့ရကြောင်း ပြောပြသည်။ ထိုနေရာတစ်ဝိုက်တွင် စက်တင်ဘာ ၁၈ ရက်နေ့က တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။ သို့သော်လည်း အခုဖြစ်စဉ်မှာ အစိုးရတပ်မတော်၏ လက်ချက် ဖြစ်နိုင်သည်ဟု တိန်းကောက် ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်က တာဝန်ရှိသူ ဆရာနော်တောင် က ယခုလို ပြောသည်။ “ဘယ်တပ်ရင်း စစ်ကြောင်း လဲဆိုတာ မသိရပေမယ့် အစိုးရစစ်တပ် လက်ချက်ဖြစ်တယ်ဆိုတောတော့ သေချာပါတယ်။ ဘာလို့လဲ ဆိုတော့ သူနေတဲ့ လယ်တောရှေ့က ခြေရာတွေဟာ အစိုးရစစ်ကြောင်းရဲ့ အရာတွေပဲ ဖြစ်တဲ့အတွက်သူတို့ဖြစ်တယ်လို့ ပြောနိုင်ခြင်း ဖြစ်တယ်။” ယခု ကိစ္စနှင့် ပတ်သက်ပြီး တရားမျှတမှု ရှိအောင် မည်သို့ဆက်လုပ်ရမည်ကို မသိကြောင်း ကျေးရွာခေါင်းဆောင်များက ဆိုသည်။ ကချင်ပြည်နယ် လီဒိုလမ်းမ ပေါ် ကျေးရွာသားများ မြန်မာစစ်တပ်၏ ဖမ်းဆီးခေါ်ဆောင်မှုခံရပြီး သတ်ဖြတ်ခံရမှုများ ရှိခဲ့သလို၊ သတင်းအစအန ပျောက်ဆုံး သွားသူများလည်း အများအပြား ရှိနေဆဲ ဖြစ်သည်။

Most read this week

December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...
December 9, 2025
ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံနယ်မြေ ၃ မှာ...