မန္တလေးမှ ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရ

မန္တလေးမှ ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်တွင် နေထိုင်သည့်ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရသည်ဟု ရပ်ကွက်နေပြည်သူများက ပြောသည်။

ဇန္နဝါရီလ ၂၇ ရက်နေ့၊ ညနေ ၆ နာရီဝန်းကျင်ခန့် အချိန်တွင် သင်ပန်းကုန်းရပ်ကွက်၊ အမှတ် ညည/၄၀၊ ၅၅ A-လမ်းနှင့် ၁၁၇ (ကျန်စစ်သားလမ်း)၊ မန္တလေး - ပြင်ဦးလွင် ရထားလမ်း တောင်ဘက်၌ နေထိုင်သည့် ပျူစောထီး ခေါင်းဆောင် ရာအိမ်မှူးတစ်ဦး ၎င်း၏ နေအိမ်၌ပင် ပစ်သတ်ခံလိုက်ရသည်ဟု ရပ်ကွက်နေပြည်သူများ က ပြော သည်။

သင်ပန်းကုန်းရပ်ကွက်တွင် နေထိုင်သည့် အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက “ဒီကောင်ကို သတ်ပေးထား တာတော့ ကြာပြီ။ အာဏာသိမ်းပြီးမှ ရာအိမ်မှူး ဖြစ်လာတာ။ ရာထူးက ရာအိမ်မှူးလောက်နဲ့ အုပ်ချုပ်ရေးမှူး လောက် မာန်တက်နေတာ။ တခြား ရာအိမ်မှူးတွေလည်း ရှိပါတယ်။ တော်တော်များက ငြိမ်ကြတယ်။ သူက ပျူထဲပါတဲ့အပြင် ဒလန်လည်း လုပ်နေတော့ ကိစ္စတုန်းသွားတာပေါ့” ဟု ပြောသည်။

သေဆုံးသူ ပျူစောထီးခေါင်းဆောင် ရာအိမ်မှူးမှာ အသက် ၆၆ နှစ်အရွယ် ဦးခင်မောင်ငြိမ်း ဆိုသူ ဖြစ်၍ ၎င်း၏ နေအိမ်အပြင်သို့ ထွက်လာစဉ် အမျိုးသား ၄ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့် ရောက်လာပြီး ဝင်ရောက် ပစ်ခတ်သွား ခဲ့ခြင်းသည်ဟု အဆိုပါ အမျိုးသားက ဆက်ပြောသည်။

ထိုသို့ ပစ်ခတ်ခံရသည့်အတွက် ၎င်းသည် ဝဲနှုတ်ခမ်းအောက်မှ ကျည်ဆံ ဖောက်ဝင် ဒဏ်ရာနှင့် လက်ယာဘက် ခါးအောက် နံရိုးကြား ကျည်ဆံဖောက်ဝင် ဒဏ်ရာတို့ ရရှိခဲ့၍ မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရသည်ဟု နီးစပ်သူများက ပြောသည်။ ဦးခင်မောင်ငြိမ်းသည် ဒဏ်ရာပြင်းထန်လွန်း၍ ဆေရုံသို့ အရောက်တွင် သေဆုံး နေပြီဟု ကူညီဆောင်ရွက်ပေးခဲ့သူများက ပြောသည်။

အဆိုပါ ရာအိမ်မှူးအား ပစ်ခတ်ရှင်းလင်းခဲ့သည့် အဖွဲ့အစည်းမှာ အောင်စည်တော်စစ်ဆင်ရေး (AST-MDY) မြို့ပြ ပြောက်ကျား အဖွဲ့က ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

၎င်းတို့အဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် “အနောက် ည ရပ်ကွက် အုပ်ကြီးခင်မောင်အား ရဲဘော်များမှ နှုတ်ခမ်းနီ ၂ တောင့် ဆိုးပေးပြီး ပစ်ခတ်ရှင်းလင်းခဲ့သည်။ အုပ်ကြီးမှာ ၎င်း၏ နေအိမ်ရှေ့တွင် ဒဏ်ရာများဖြင့် သေဆုံးသွား ပြီး AST-MDY အဖွဲ့သားများမှာ ပြည်သူများ၏ မေတ္တာဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဆုတ်ခွာနိုင်ခဲ့သည်” ဟု ရေးသားဖော်ပြထားသည်။

သို့သော် ထိုပြောက်ကျားအဖွဲ့အား သတင်းနှင့် မီဒီယာကွန်ယက် အနေဖြင့် ကြိုးစား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

အလားတူ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့တွင်လည်း သင်ပန်းကုန်းရပ်ကွက်၊ မင်းရဲကျော်စွာလမ်း နှင့် လမ်း ၅၀ ထောင့်တွင် လမ်းမီးတိုင်များအား မီးလိုက်ဖွင့်နေသည့် ရာအိမ်မှူး ဦးစန်းမောင်ဆိုသူမှာ မန္တလေး ဒေသတွင်း မြို့ပြပြောက်ကျားတပ်ဖွဲ့၏ ပစ်ခတ်မှုခံခဲ့ရပြီး ဆေးရုံပို့ဆောင်စဉ် လမ်းပေါ်၌ပင် သေဆုံးခဲ့ သေး သည်။

သင်ပန်းကုန်းရပ်ကွက်၊ မန္တလေး- ပြင်ဦးလွင် ရထားလမ်းအနီးတွင် နေထိုင်သည့် အမျိုးသားတစ်ဦးက “မနှစ်က လည်း ရာအိမ်မှူးတွေ အုပ်ကြီးတွေ ခဏခဏ ပစ်ခံနေရတာ ဦးနှောက် မရှိရင်တော့ ဆက်လုပ်ကြပေါ့။ အုပ်ကြီး တောင် လစာရသေးတယ်။ ရာအိမ်မှူးတွေက တစ်ပြားမှ မရပဲ အာဏာရူးချင်ကြတော့ ခံကြပေါ့” ဟု ပြော သည်။

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ယခုနှစ်ဆန်းပိုင်းမှစတင်၍ မြို့ပြပြောက်ကျား စစ်‌ဆင်ရေး များ ပြန်းထန်လာပြီး ဇန္နဝါရီလ ၂၀ ရက်နေ့တွင်လည်း သင်ပန်းကုန်းရပ်ကွက်၊ ရတာနာမိုးကဖေးတွင် လက်ဘက် ရည် ထိုင်သောက်နေသည့် ပျူစောထီး ၂ ဦး ပစ်ခတ်ရှင်းလင်းခံရသေးသည်။

ထို့အပြင် ဇန္နဝါရီလ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့တို့တွင်လည်း ပြည်ကြီးတံခွန်ရဲကင်း၊ သင်ပန်းကုန်းရပ်ကွက် ရဲစခန်း၊ ပြည်ကြီးတံခွန်မြို့နယ် အဆင့်မြင့် ရဲစခန်းတို့ ဗုံးဖြင့် တိုက်ခိုက်ခံရပြီး ရဲနှင့် ပျူစောထီး အချို့ ထိခိုက်မှု ရှိခဲ့သည်။

Most read this week

December 16, 2025
စစ်ကော်မရှင်က ကျင်းပရန် စီစဉ်နေသည့် အတုအယောင် ရွေးကောက်ပွဲသည် တရားမျှတမှု မရှိဘဲ စစ်အာဏာ...
December 15, 2025
မွန်ပြည်တွင် စစ်ကော်မရှင်က ကျားဖြန့်ခေါင်းစဉ်ဖြင့် ရှမ်းပြည်သားများကို တည်းခိုခွင့်...
December 10, 2025
သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် ရွေးကောက်ပွဲ ဥပဒေဖြင့် သတင်းမီဒီယာနှင့် ပြည်သူများ ခြိမ်းခြောက်...
December 10, 2025
+++  ဖုံးကွယ်ထားရသည့် မျက်ရည်များ +++ ကရင်နီ စစ်ဘေးရှောင် တစ်ဦး ဖြစ်သူ ဒေါ်ကားခူဖောက...