ရဲကင်းဗုံးကွဲ ၊ ရဲတစ်ဦး ဒဏ်ရာ အပြင်းအထန်ရ

ရဲကင်းဗုံးကွဲ ၊ ရဲတစ်ဦး ဒဏ်ရာ အပြင်းအထန်ရ

ကျုံပျော်မြို့အဝင် ရဲကင်း ဗုံးပေါက်ကွဲပြီး ရဲတစ်ဦး ပြင်းထန်ဒဏ်ရာရများ ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့၊ အင်းရဲလမ်းဆုံ၊ ဒို့မိသားစု ဆောက်လုပ်ရေး ပစ္စည်းဆိုင် အနီးတွင်ဆောက်လုပ်ထား သည့် ရဲကင်းအတွင်း ဇန္နဝါရီလ ၂၇ ရက်နေ့၊ နံနက် ၇ နာရီခွဲအချိန်ခန့်က ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်သည် ဟု ဒေသခံ အချို့က ပြောသည်။

မျက်မြင်တွေ့ရှိသူ တစ်ဦးက “ဗုံးပေါက်တဲ့ အသံက တော်တော်ကျယ်တယ်။ အားလည်းပြင်းတယ်။ ကာထားတဲ့ သဲအိပ်တွေတောင် ပွင့်ထွက် ကုန်တယ်။ ရဲတစ်ယောက်တော့ သွေးအိုင်ထဲမှာလဲနေတယ်” ဟု ပြောသည်။

ပြင်းထန်ဒဏ်ရာရရှိသွားသူရဲတပ်ဖွဲ့ဝင်မှာ ဒုတပ်ကြပ် သူရအောင် ဆိုသူဖြစ်ပြီး ကျုံပျော်မြို့နယ်၊ အထောင်၊ သောင်ကြီး ဒေသတွင် နေထိုင်သူဖြစ်သည်။

အဆိုပါ ဒုတပ်ကြပ် သူရအောင်သည် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့ က လှေဆွဲကျေးရွာအတွင်း ဒေသခံပြည်သူ များအား အကြမ်းဖက် ပစ်ခတ်ခဲ့မှုတွင် ပါဝင်သူဖြစ်သည်ဟုလည်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများ က ပြောသည်။

ဗုံးပေါက်ကွဲအပြီး မိနစ်ပိုင်းအတွင်း စစ်ကောင်စီ လက်အောက်ခံ စစ်သားများနှင့် ရဲများ ရောက်ရှိလာပြီးဒဏ်ရာ ရ ရဲအား ကျုံပျော်ဆေးရုံသို့ ပို့ဆောင်လိုက်သည်ဟု အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦး ကပြောသည်။

ဆက်၍ ဒေသခံတစ်ဦးက “အဲဒီရဲကင်းမှာ နေ့တိုင်းကတော့ ယာဉ်ထိမ်းရဲ တစ်ယောက်နဲ့ ရဲနှစ်ယောက် အမြဲရှိ တာ။ ဒီနေ့ဗုံးပေါက်တဲ့ အချိန်မှာတော့ တစ်ယောက်ပဲရှိလို့ တစ်ယောက်ပဲ ဒဏ်ရာရတာ သူကိုင်တဲ့သေနတ် လည်း ပျက်စီးသွားတယ်” ဟု ပြောသည်။

ဗုံးပေါက်ကွဲပြီးနောက် ကျုံပျော်မြို့အတွင်းက လမ်းများ၊ အထောင်၊ ရှားခဲလမ်းများနှင့် ရေကြည်သို့ သွားသည့် လမ်းများကို ပိတ်ဆို့ကာ ရှာဖွေမှုများ တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေသည်ဟု ဒေသခံအချို့ က ပြောသည်။

အသက် ၆၀ ကျော် ကျုံပျော်မြို့ခံတစ်ဦး က “ဒေသခံတွေပေါ့ အထူးသဖြင့် လူငယ်တွေ အသွားအလာ ဆင်ချင် သင့်တယ်။ မသင်္ကာလို့ ဆိုပြီး အဖမ်းခံရရင် အနည်းဆုံး အထုအရိုက်ခံရမယ်။ ဟုတ်ဟုတ် မဟုတ်ဟုတ် မိဘ တွေက နောက်ကလိုက်ရပြီ ဆိုရင် ငွေသိန်းဆယ် ချီပြီး ကုန်ကြရတာ။ သတိထားကြစေချင်တယ်” ဟု ပြော သည်။

ဗုံးခွဲတိုက်ခိုက်ခံရသည့် ရဲကင်းမှ ကျုံပျော်မြို့နယ် အတွင်း သွားလာနေသည့် ပြည်သူများကို အကြောင်းအမျိုးဖြင့် တားဆီး စစ်ဆေးမှုများ ပြုလုပ်ပြီး ဒဏ်ရိုက်သည်ဟုဆိုကာ ငွေကြေးတောင်းခံမှုများကို နေ့စဉ် ပြုလုပ်နေသည် ဟု ဒေသခံများ က ဆိုသည်။

ဗုံးပေါက်ခွဲမှုကို ဧရာဝတီ စစ်ဒေသကွပ်ကဲရေး၏ နန်းထိုက်အောင် မြို့ပြ စစ်ဆင်ရေးတစ်ခု အဖြစ် လုပ်ဆောင် ခဲ့ ခြင်းဖြစ်ပြီး ဆက်လက်၍လည်း စစ်ကောင်စီ၏ ထိရောက်သည့် ပစ်မှတ်များကို တိုက်ခိုက်သွားမည်ဟု ကြေငြာ ချက် ထုတ်ပြန်ထားသည်။

ကျုံပျော်မြို့နယ်သည် ဧရာဝတီတိုင်းအတွင်း ရရာလက်နက်ဖြင့် စစ်ကောင်စီကို လှေဆွဲကျေးရွာမှ ပထမဆုံး တိုက်ခိုက်ခဲ့ကာ၊ ဗုံးပေါက်ကွဲမှု ၁၂ ကြိမ် စစ်ကောင်စီ ထောက်တိုင် ရှင်းလင်းမှု ၂ ကြိမ် လုပ်ဆောင်ခဲ့သည်ဟု ဆို သည်။

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...