မိုင်ဂျာယန်ကောလိပ်တွင် ဘာသာရပ် ၃ ခု တိုးချဲ့ သင်ကြား

မိုင်ဂျာယန်ကောလိပ်တွင် ဘာသာရပ် ၃ ခု တိုးချဲ့ သင်ကြား

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ဖြစ်သည့် မိုင်ဂျာယန် (ပညာရေး) မြို့တွင် ဖွင့်လှစ်ထားသည့် မိုင် ဂျာယန်ကောလိပ်ကျောင်းတွင် ယခုနှစ် ၂၀၂၃ ခုနှစ် ပညာသင်နှစ်တွင် ဘာသာရပ်အသစ် ၃ ခုကို ထပ်တိုးသင်ကြားသွားမည်ဟု ကျောင်းတာဝန်ရှိသူများက ပြောသည်။

ထပ်တိုးသင်ကြားပေးသွားမည့် ဘာသာရပ်အသစ်များမှာ တရားရေးရာနှင့်ဆိုင်သည့် ဥပဒေ - Law ဘာသာရပ်၊ တရုတ်ဘာသာ Chinese language program၊ သင်္ချာ Mathematics ဘာသာရပ်တို့ ဖြစ်သည်။

မိုင်ဂျာယန်ကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာဇော်ဂျတ်က “အခုလို ဘာသာရပ်တွေ ထပ်တိုးဖို့ ကျောင်းစဖွင့် ကတည်းက ပြင်ဆင်ခဲ့တယ်။ အခုထပ်တိုး သင်ကြားပေးမယ့် ဘာသာရပ်တွေကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ သင် ကြားပေးနိုင်တဲ့ အခြေအနေဖြစ်လာလို့ ထပ်တိုးသင်ကြားပေးတာပါ။

ဒီဘာသာရပ်တွေကို မာစတာ၊ ဒေါက်တာ အဆင့်ရှိပြီး ၅ နှစ် အထက် အတွေ့ကြုံရှိတဲ့ ဆရာ၊ ဆရာမတွေကို ရှာပြီး ဒီနှစ်တော့ ဒီဘာသာရပ် သုံးခုကို အခက်အခဲမရှိ ထပ်တိုးခဲ့တာ ဖြစ်ပါတယ်” ဟုပြောသည်။

မိုင်ဂျာယန်ကောလိပ်မှာ KIO အစိုးရက ဖွင့်ထားသည့် အဆင့်မြင့်ပညာ သင်ကြားရေး ကျောင်းဖြစ်သည့် အတွက် ကျောင်းသားအများစုမှာ KIO အစိုးရဝန်ထမ်းများနှင့် ၎င်းတို့က ထောက်ပံ့ပေးထားသည့် ကျောင်းသား/သူများ အများစုတက်သည့် ကျောင်းတစ်ကျောင်းဖြစ်သည်။

သို့သော် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကချင် လူငယ် ကျောင်းသူ/သားများက အဆိုပါ ကျောင်းတွင် လာတက်ကြသည့်အတွက် ကျောင်းသားဦးရေလည်း တိုးလာသည်ဟု ကျောင်းအုပ်ကြီးက ပြောသည်။

“အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည် အစိုးရ ကျောင်းပိတ်လိုက်တဲ့အတွက် မိုင်ဂျာယန်ကောလိပ် ကျောင်း ကို လာတက် ကြတာများတယ်။ ဒါပေမယ့် မြို့ကကျောင်းတွေနဲ့ ဒီကကျောင်းတွေ သင်ကြားပေးတာ စနစ်တွေ မတူတော့ နည်းနည်း အခက်ခဲရှိတယ်” ဟု ကျောင်းအုပ်ကြီး ဒေါက်တာဇော်ဂျတ်က ပြောသည်။

၂၀၂၃ ခုနှစ်တွင် တရားရေးရာနှင့်ဆိုင်သည့် Law-ဥပဒေ ဘာသာရပ်၊ တရုတ်ဘာသာ - Chinese language program၊ Mathematics သင်္ချာ ဘာသာရပ်တို့ကို ထပ်တိုးသင်ကြားပေးမည်ဖြစ်သည့်အပြင်

လာမည့် ၂၀၂၄ ခုနှစ်တွင်လည်း Physics - ရူပ ဗေဒ နှင့် Chemistry - ဓါတုဗေဒ ဘာသာရပ်တို့ကို ထပ်တိုးသင်ကြားပေးနိုင်ရေး စတင် စီစဉ်ဆောင်ရွက်နေပြီဟု ပြောသည်။

မိုင်ဂျာယန်ကောလိပ်ကျောင်း၏ pre-class ကို ကျောင်းစရိတ်မယူဘဲ အခမဲ့သင်ကြားပေးနေခြင်း ဖြစ်သည်ဟု ကျောင်းအုပ်ကြီးက ပြောသည်။

“လွန်ခဲတဲ့ ၂၀၂၂ ခုနှစ် ပညာသင်နှစ်က စပြီး မိုင်ဂျာယန် ကောလိပ်ကျောင်းရဲ့ pre-class ကို ကျောင်းစရိတ် မယူ ဘဲ free တက်လို့ ရတယ်။ အဲ့အချိန်က ကျောင်းသားပေါင်း ၈၀၀ ကျော်လာတက်ကြတယ်။ အခုလက် ရှိမှာတော့ ကျောင်းသားပေါင်း ၅၀၀ ကျော်ရှိတယ်” ဟု ဆက်ပြောသည်။

ကျောင်းသူ/ကျောင်းသားများ ကျောင်းထွက်ကုန်ရသည့် အဓိကအကြောင်းအရင်းမှာ စစ်တပ်က အာဏာသိမ်း ပြီးနောက် မိသားစုတိုင်း ကြုံနေရသည့် ငွေရေးကြေးရေးအခက်အခဲများကြောင့် ဖြစ်သည်ဟု ဆိုသည်။ ကျောင်း စရိတ်မှာ အခမဲ့ဆိုသော်ငြားလည်း အခြားသော အသုံးစရိတ်များတွင်

ရေရှည်တွင် အခက်အခဲများ ဖြစ်လာရသည်ဟု ကျောင်းသားအချို့က ပြောသည်။

မိုင်ဂျာယန်ကောလိပ်ကျောင်းအား ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့တွင် KIOထိန်းချုပ်နယ်မြေအတွင်း စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

မိုင်ဂျာယန်ကောလိပ်တွင် preparation calss (ပြင်ဆင်မှု အတန်းများ), BSc ဘွဲ့ သင်တန်းများ အဖြစ်ကွန်ပြူတာ ၊ သဘာဝ ပတ်ဝန်းကျင် စီမံခန့်ခွဲရေး၊ BA သင်တန်းများ အဖြစ် ဖွံ့ဖြိုးရေး ဘာသာရပ်၊အင်္ဂလိပ်စာ နှင့် နိုင်ငံရေး ဘာသာရပ်များကို သင်ကြားပေးနေပြီး ၂၀၁၉-၂၀၂၀ ပညာသင် နှစ်တွင်

Journalism program အသစ်ကိုလည်း ထည့်သွင်း သင်ကြားပေးခဲ့သည်။

Most read this week

September 19, 2026
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း ရွာစဉ်ပတ်၍ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ်က ကျောက်ပြင်...
September 19, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်များကို စစ်အုပ်စုတပ်က ဆက်တိုက်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ရှိ အကျဉ်းထောင်တွင် အရေးပေါ် ဆေးကုသခွင့်တောင်းဆိုမှုကို...
September 17, 2026
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၌ စစ်အုပ်စုတပ်က အဓမ္မစစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ...