ချင်းလူငယ်တွေ အလုပ်မရှိ၊ကျောင်းလည်းတက်လို့မရတော့လို့ နိုင်ငံခြားပဲသွားရတဲ့ခေတ်

ချင်းလူငယ်တွေ အလုပ်မရှိ၊ကျောင်းလည်းတက်လို့မရတော့လို့ နိုင်ငံခြားပဲသွားရတဲ့ခေတ်

“ အလုပ်မရှိသလို၊ ကျောင်းလည်းတက်လို့မရတော့ နိုင်ငံခြားကိုပဲ သွားကြတော့တယ်”

ဒါကတော့ ခရီးသွားအေဂျင်စီ လုပ်တဲ့ လုပ်ငန်းပိုင်ရှင်တစ်ဦးက ပြောတဲ့စကားဖြစ်ပါတယ်။

နိုင်ငံရေးမတည်ငြိမ်တဲ့နောက်ပိုင်းမှာ ချင်းလူငယ်တွေဟာ ဒေသကာကွယ်ရေးတပ်တွေမှာ ဝင်တဲ့သူရှိသလို လက်နက်ကိုင်တော်လှန်ရေးမှာမပါဝင်နိုင်တဲ့ လူငယ်အတော်များများဟာလည်း ပြည်တွင်းမှာရှိနေပါသေးတယ်။

လူငယ်တွေဟာ သွားလေရာမှာ လုံခြုံရေးအရ စစ်ကောင်စီရဲ့ စစ်ဆေးမှုတွေ ကြမ်းတမ်းတာကြောင့် မိဘတွေကိုယ်တိုင် သူတို့သားသမီးတွေကို နိုင်ငံရပ်ခြားကို ပို့ဆောင်ဖို့ ပိုအားပေးလာပါတယ်။

အလုပ်အကိုင်ခက်ခဲတဲ့အခြေအနေမှာလည်း လူငယ်တွေဟာ နိုင်ငံရပ်ခြားသွားဖို့ လက်ရှိအချိန်မှာ စိတ်ဓာတ်ပြင်းပြနေတာဖြစ်ပါတယ်။

အသက် ၁၉ နှစ်အရွယ်ဖြစ်တဲ့ ချင်းအမျိုးသမီး၁ဦး က “ ကျမနိုင်ငံခြားဖက်ကို သွားပြီးအလုပ်လုပ်ဖို့သွားချင်တယ်။ အချိတ်အဆက်တော့ရှာနေတုန်း။ နိုင်ငံခြားဖက်က အသက် ၂၃ ဝန်းကျင်ရှိမှ လက်ခံတာမျိုးတွေရှိတော့ နိုင်ငံကူးလက်မှတ်လုပ်ဖို့ ခက်ခဲပါတယ်။ အခုတော့ အိမ်အလုပ်ကိုပဲလုပ်ပေးနေတယ်” လို့ဆိုပါတယ်။

အခုချိန်မှာ ချင်းလူငယ်များအနေနဲ့ စင်ကာပူ၊ မလေးရှား၊ အိုမန် စတဲ့နိုင်ငံတွေကို အဓိသွားနေကြတာဖြစ်ပါတယ်။ အမျိုးသမီးလူငယ်တွေအနေနဲ့တော့ အိုမန်နိုင်ငံကို အဓိက သွားနေကြပါတယ်။

လက်ရှိလူငယ်တွေအနေနဲ့  အမျိုးသားများဟာ မြန်မာပြည်အတွင်း စက်မှုအတတ်သင်တွေ၊ ဆောက်လုပ်ရေးလုပ်ငန်းသင်တန်းတွေ၊ လျှပ်စစ်မီးနဲ့ပတ်သက်တဲ့ သင်တန်းတွေ သင်ကြားပြီးသွားကြရသလို အမျိုးသမီးတွေကတော့ အိမ်ဖော်အဖြစ်နဲ့သွားကြတာများပါတယ်။ ဘာသာစကား အခက်အခဲတွေကြောင့် ရန်ကုန်မှာ သင်တန်းတွေအရင်တက်ပြီး သွားကြရပါတယ်။

နိုင်ငံခြားဖက်ကို ကျောင်းသွားတက်ဖို့ ကြိုးစားနေတဲ့ အမျိုးသမီးတစ်ဦးက “ ကိုဗစ်ကတည်းက တက္ကသိုလ်ကျောင်းမတက်ဖြစ်လိုက်ဘူး။ ဒါကြောင့် အိင်္ဂလိပ်စာကိုပဲလေ့လာနေတယ်။ နိုင်ငံခြားမှာပဲ ကျောင်းတက်ဖို့ရည်ရွယ်ထားတယ်။ ဒီနိုင်ငံမှာတော့ ပညာရေးပိုင်းဆက်တက်ဖို့က လုံး၀အဆင်မပြေဘူး” လို့ပြောပါတယ်။

အခုလက်ရှိမှာ ဆယ်ကျော်သက်လူငယ်တွေအနေနဲ့ ကျောင်းဆက်တက်ဖို့ အဆင်မပြေတာကြောင့် ဒေသကာကွယ်ရေးတော်လှန်ရေးမှာ ပါဝင်ကြသလို တော်လှန်ရေးတပ်မှာ မဝင်တဲ့လူငယ်တွေဟာ ဒေသအတွင်း အလုပ်အကိုင်ရှားပါးမှုကြောင့် နိုင်ငံခြားဖက် ထွက်ဖို့ကို ဦးတည်လာကြတာဖြစ်ပါတယ်။

အခုလိုနိုင်ငံခြားဖက်ကို သွားရောက်အလုပ်လုပ်ကိုင်ဖို့ ကြိုးစားလာမှုမှာ CDM ဝန်ထမ်းတွေလည်း အများအပြားရှိနေပါတယ်။

CDM ဝန်ထမ်းလူငယ်တစ်ဦးက “ ကျနော်ကတော့ အလုပ်ပြန်ဝင်ဖို့စိတ်ကူးမရှိဘူး။ တစ်ဖက်မှာလည်း အလုပ်အကိုင်နဲ့ဝင်ငွေမရှိတော့ ခက်ခဲလာတယ်။ ဒါကြောင့် အိန္ဒိယဖက်ဖြစ်ဖြစ်၊ မလေးရှားဖြစ်ဖြစ် သွားဖို့စိတ်ကူးထားတယ်” လို့ဆိုပါတယ်။

လက်ရှိမှာ CDM ဝင်ထားသူတွေအနေနဲ့ နိုင်ငံကူးလက်မှတ်လုပ်ရာမှာလည်း အခက်အခဲများစွာရှိနေသလို တရားဝင်လေကြောင်းလိုင်းနဲ့ နိုင်ငံခြားဖက်ကို ထွက်ဖို့အတွက်လည်း လုံခြုံရေးအရ စိုးရိမ်မှုတွေရှိတယ်လို့ CDM ဝန်ထမ်းတစ်ဦးကပြောပါတယ်။

သူက “ CDM ဝန်ထမ်းအနေနဲ့တော့ ဘယ်နေရာသွားသွားစိုးရိမ်ရတယ်။ တရားဝင်အပေါ်လမ်းကမသွားပဲ အောက်လမ်းကနေလည်း နိုင်ငံခြားဖက်ရောက်ဖို့သွားကြရတယ်” လို့ဆိုပါတယ်။

တစ်ချို့လူငယ်တွေကိုတော့ တရားဝင်အဖြစ် နိုင်ငံခြားဖက်က ဆွေမျိုးတွေက ကျောင်းတက်ဖို့ဆိုပြီး ခေါ်တာမျိုးရှိပေမယ့် အခုကာလမှာ သံရုံးတွေရဲ့ reject ပေးတာတွေများပြားလျက်ရှိပါတယ်။

တစ်ရက်ကို အယောက်ပေါင်း ရာကဏန်းနီးပါး သံရုံးမှာ အင်တာဗျူးဖြေသူတွေရှိနေသလို အားလုံးဝန်းကျင်ဟာ reject မိတယ်လို့ အမေရိကန်သံရုံးမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတစ်ဦးကဆိုပါတယ်။

လက်ရှိအချိန်ထိ ချင်းပြည်အတွင်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေ ပြင်းထန်ဆဲဖြစ်နေသလို ပိုမိုဆိုးရွားလာနိုင်တဲ့အခြေအနေ ဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါကြောင့် ချင်းပြည်ဖက်ကနေ ပြည်မဖက်ကို ရွှေ့ပြောင်းလာကြပြီး လူငယ်တွေအနေနဲ့ နိုင်ငံခြားဖက်ကို သွားဖို့ဦးတည်လာတာဖြစ်ပါတယ်။

စင်ကာပူသွားဖို့လုပ်နေတဲ့ အသက် ၂၁ နှစ်အရွယ်လူငယ်က “ သင်တန်းတော့တက်နေတယ်။ သင်တန်းစရိတ်လည်းအတော်များတယ်။ နိုင်ငံခြားဖက်က ဆွေမျိုးတွေဆီကပဲအကူအညီတောင်းရတယ်။ နိုင်ငံရေးအခြေအနေမကောင်းတော့ နိုင်ငံခြားဖက်က ဆွေမျိုးတွေကလည်း နိုင်ငံခြားထွက်ဖို့ကို အားပေးပါတယ်။ ကူညီပေးပါတယ်” လို့ဆိုပါတယ်။

ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ လွန်ခဲ့တဲ့ ငါးလကျော်က စာရင်းအရ ချင်းပြည်လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းကျော်ဟာ စစ်ဘေးတိမ်းရှောင်နေရပါတယ်။ အခုမိုးရာသီကုန်ပြီး ပွင့်လင်းရာသီရောက်လာချိန်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ်ပိုများလာသလို ဒေသခံလူတွေဟာ ပြည်မဖက်ကို ရွှေ့ပြောင်းလာတာပိုများပြားလာပါတယ်။

Most read this week

May 3, 2024
စစ်ကိုင်းတိုင်း ကလေးမြို့ မြောက်ပိုင်း ကလေး - လက်ပံချောင်း လမ်းမဘေးမှာတည်ရှိတဲ့...
April 29, 2024
မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီ(၂၆)ရက်နေ့ တစ်ရက်အတွင်း အထောက်အထားမဲ့ ရွေ့ပြောင်းအလုပ်သမား ၂...
April 26, 2024
ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ် (၂)က ဝမ္မသူးဆေးရုံကို ယမန်နေ့ည ဧပြီလ(၂၅) ရက်နေ့ ...