အုတ်ဖို လဝက နှင့် အမျိုးသား မှတ်ပုံတင်ရေး ရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ

အုတ်ဖို လဝက နှင့် အမျိုးသား မှတ်ပုံတင်ရေး ရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ

သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ရင်း - ၃၈၀၂ က နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် စစ်ကောင်စီ လက်အောက်ခံ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန(လဝက) ရုံးတို့အား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့သည်ဟု မြို့ခံပြည်သူများက ပြောသည်။

အုတ်ဖိုမြို့၊ ချမ်းမြသာမြေရပ်ကွက်၊ ပင်းယလမ်းရှိ မြို့နယ် လဝကရုံးအား သာယာဝတီ ခရိုင်တပ်ရင်း - ၃၈၀၂ က ဇန္နဝါရီလ ၃ ရက်နေ့၊ နံနက် ၁၁ နာရီ အချိန်ခန့်တွင် အဝေးထိန်းစနစ်ဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု အဖွဲ့တာဝန်ရှိသူများက ပြောသည်။

သာယာဝတီခရိုင်တပ်ရင်း - ၃၈၀၂ မှ ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက “စစ်ကောင်စီ လက်အောက် Non-CDM ဝန်ထမ်းမို့လို့ လုပ်တာတော့ မဟုတ်ပါဘူး။ ပြည်သူတွေ မှတ်ပုံတင် လုပ် တိုင်း မတရားငွေတောင်းပြီး ပြည်သူ ချွေးနည်းစာတွေ အမြတ်ထုတ်လို့ပါ။ နောက်ပြီးတော့ စစ်ကောင်စီအတွက် ဒလန်လုပ်ပေးနေလို့ ဒီလို အရေး ယူဆောင်ရွက်တာပါ” ဟု ပြောသည်။

အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် လဝကရုံး၏ ရုံးပစ္စည်းအချို့ ထိခိုက်ပျက်စီးခဲ့ပြီး ရုံးဝန်ထမ်းတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု အမည်မဖော်လိုသည့် ဝန်ထမ်းအချို့က ပြောသည်။

သို့သော် စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီယာများတွင် “အကြမ်းဖက် PDF များ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် မှတ်ပုံ တင်လာရောက် ပြုလုပ်သည့် အပြစ်မဲ့ပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရ” ဟု ရေးသားဖော်ပြထားသည်။

ပေါက်ကွဲမှုအပြီးတွင် အုတ်ဖို မြေအောက် ပြောက်ကျားတပ်ဖွဲ့များမှ အထိခိုက်အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင် ခဲ့သော်လည်း စစ်ကောင်စီတပ်များသည် မှတ်ပုံတင်လာရောက် ပြုလုပ်သည့် ပြည်သူ ၄ ဦးကို PDF များဟု စွပ်စွဲ ကာ ဖမ်းဆီးလိုက်သည်ဟု ဒေသခံများက ပြောသည်။

အဖမ်းခံရသူများနှင့် နီးစပ်သည့် အမျိုးသားတစ်ဦးက “၃ ယောက်က ခရီးသွားစရာ ရှိလို့ဆိုပြီး ၁၈ နှစ်ပြည့် မှတ် ပုံတင်လာ လဲတာ။ ကျန်တဲ့တယောက်က တခြားမြို့က ပြောင်းလာလို့ အိမ်ထောင်စုဇယား အသစ် လာလုပ်တာ။ မဖြစ်မနေမို့လို့ပါ။ ဒီကာလကြီး ဘယ်သူမှ အစိုးရရုံးတွေ မသွားချင်ဘူးလေ” ဟု ပြောသည်။

ထိုလဝကရုံးသည် ၁၈ နှစ်ပြည့် မှတ်ပုံတင် လဲလှယ်သူများကိုပင် ငွေကျပ် ၂၀၀,၀၀၀ နီးပါးခန့်အထိ တောင်းပြီး မပေးနိုင်သည့် ပြည်သူများကိုမူ “ဒီနေ့ ဦးစီးမှူး မရှိဘူး” ဟု ပြောလေ့ရှိကြောင်း မြို့ခံပြည်သူများက ပြောသည်။

အလားတူ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ နွားခြံကုန်း ကျေးရွာအုပ်စု၊ကုန်းသာကျေးရွာရှိ ဆည်မြောင်းရုံးရှေ့တွင် တပ်စွဲထားသော စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဇန္နဝါရီလ ၂ ရက်နေ့၊ နေ့လည် ၁ နာရီ ခွဲ အချိန်ခန့်တွင် ပြည်ခရိုင် တပ်ရင်း ၃၆၀၁ မှ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် မိုင်းခွဲတိုက်ခိုက်ခဲ့သေးသည် ဟု ဆိုသည်။

ပေါက်ကွဲမှု အပြီးတွင် စစ်ကောင်စီ တပ်သား ၂ ဦး ထိခိုက်လဲကျသွားသည်ကို တပ်ရင်း ၃၆၀၁ မှ မျက်မြင် အတည်ပြုနိုင်ခဲ့သည်ဟု ဆိုသည်။

ထိခိုက်လဲကျသွားသည့် အဆိုပါ စစ်ကောင်စီတပ်သား ၂ ဦးအား အရေးပေါ်ကားဖြင့် လာရောက် သယ်ဆောင် သွားပြီး နောက်ဆက်တွဲ ဖြစ်စဉ်များကိုမူ အတည်ပြုနိုင်ရန် သတင်းနှင့် မီဒီယာကွန်ယက် အနေဖြင့် စုံစမ်းနေဆဲ ဖြစ်သည်။

Most read this week

December 16, 2025
စစ်ကော်မရှင်က ကျင်းပရန် စီစဉ်နေသည့် အတုအယောင် ရွေးကောက်ပွဲသည် တရားမျှတမှု မရှိဘဲ စစ်အာဏာ...
December 15, 2025
မွန်ပြည်တွင် စစ်ကော်မရှင်က ကျားဖြန့်ခေါင်းစဉ်ဖြင့် ရှမ်းပြည်သားများကို တည်းခိုခွင့်...
December 10, 2025
သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် ရွေးကောက်ပွဲ ဥပဒေဖြင့် သတင်းမီဒီယာနှင့် ပြည်သူများ ခြိမ်းခြောက်...
December 10, 2025
+++  ဖုံးကွယ်ထားရသည့် မျက်ရည်များ +++ ကရင်နီ စစ်ဘေးရှောင် တစ်ဦး ဖြစ်သူ ဒေါ်ကားခူဖောက...