ထိခိုက်ဒဏ်ရာရလူငယ်တွေကို ဝမ်းနည်းစိတ်နဲ့ကုသပေးနေရတဲ့ မီဇိုရမ်ပြည်နယ်ရောက် စေတနာရှင် သူနာပြုဆရာမ

ထိခိုက်ဒဏ်ရာရလူငယ်တွေကို ဝမ်းနည်းစိတ်နဲ့ကုသပေးနေရတဲ့ မီဇိုရမ်ပြည်နယ်ရောက် စေတနာရှင် သူနာပြုဆရာမ

“ကျမအနေနဲ့ဒဏ်ရာရလူနာတွေကို ပြုစုတဲ့အချိန်ခံစားချက်ကတော့ လူငယ်တွေမှာအိမ်မက်တွေ၊ မျှော်မှန်းချက်တွေရှိရဲ့သားနဲ့ ခြေပြတ်၊ လက်ပြတ်၊ မျက်လုံးဆုံးရှုံးတာတွေမြင်ရတော့ ဝမ်းနည်းမှုနဲ့ပဲ သူတို့ကို ကုသပေးနေရတယ်”

ဒီစကားကတော့ တိုက်ပွဲအတွင်း ဒဏ်ရာပြင်းထန်ပြီး ခြေထောက်ဖြတ်ရ၊ လက်ဖြတ်ရ၊ မျက်လုံးကွယ်သွားသူတွေကို အနီးကပ်ပြုစုပေးတဲ့ မီဇိုရမ်ပြည်နယ်ရောက် CDM သူနာပြုဆရာမရဲ့ ပြောစကားဖြစ်ပါတယ်။

သူမအနေနဲ့စေတနာ့ဝန်ထမ်းလုပ်တဲ့ဆေးခန်းကို ချင်းဒေသကာကွယ်ရေးတပ်တစ်ခုဖြစ်တဲ့ CNO/CNDF ကတာဝန်ယူဖွင့်ထားတဲ့ နေရာဖြစ်ပါတယ်။ သူမအနေနဲ့ တိုက်ပွဲတွေကြောင့် ဒဏ်ရာရတဲ့ လူငယ်တွေကို ရှေးဦးသူနာပြုစုမှုတွေလုပ်ပေးရတယ်လို့ဆိုပါတယ်။

သူမက “ကျမအနေနဲ့ကတော့ အဓိကအရေးပေါ်ရောက်လာတဲ့ မိုင်းထိထားတဲ့သူတွေကို ဆေးထည့်ပေးတာတွေလုပ်ရပါတယ်။ CNO/CNDF ကလူနာတွေကို အဓိကပြုစုပေးပါတယ်။ ဒီနေရာကိုလည်း သူတို့ရန်ပုံငွေနဲ့ဖွင့်ထားတဲ့ဆေးခန်းဖြစ်ပါတယ်။

လောလောဆယ်ငါးယောက်ကိုကုသပေးနေတယ်။ အများစုကတော့ ဒဏ်ရာသက်သာပြီး နေကောင်းသွားလို့ရှိရင် ပြန်သွားကြပါတယ်” လို့ပြောပါတယ်။

ဆေးခန်းမှာ တိုက်ပွဲဝင်ပြီးမိုင်းထိတဲ့လူနာတွေ၊ တိုက်ပွဲမှာကျည်ဆံထိမှန်တာတွေကြောင့် လက်ပြတ်၊ ခြေပြတ်တွေလည်းရှိသလို အူအတက်ခွဲတာမျိုးလည်းရှိတယ်လို့ သိရပါတယ်။

တိုက်ပွဲကြောင့် ဒဏ်ရာရသူတွေဟာ မြန်မာပြည်တွင်းမှာ ဆေးကုဖို့အတွက် လုံခြုံရေးအခြေအနေအရ အဆင်မပြေတာကြောင့် အိန္ဒိယနိုင်ငံဖက်ခြမ်းကို ဆေးသွားကုရပါတယ်။

ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်တဲ့နေရာတွေမှာ ဆေးပေးခန်းတွေ ရှိပေမယ့် ဆေးဝါးလုံလောက်မှုမရှိတာ၊ ကျွမ်းကျင်ဆရာဝန်တွေမရှိတာကြောင့် ဒဏ်ရာပြင်းထန်သူတွေတွေကို ချင်းပြည်နဲ့နယ်နိမိတ်ချင်းထိစပ်တဲ့ မီဇိုရမ်ကို ပို့ပေးနေရတာဖြစ်ပါတယ်။ ဒါပေမယ့် မီဇိုရမ်ဖက်ရောက်ရင်လည်း အခက်အခဲပေါင်းစုံရှိနေပါတယ်။

သူနာပြုဆရာမက “အဓိကအခက်အခဲကတော့ ကျမတို့ဆေးခန်းမှာတော့ အနာဆေးထည့်တဲ့ အဆင့်လောက်ပဲလုပ်နိုင်တယ်။ မိုင်းကြောင့် ခြေထောက်၊ လက်ဖြတ်ရမယ့်သူတွေကို ဆေးရုံကြီးတွေမှာပို့ရတာမို့လို့ သွားရေး၊ လာရေးအခက်အခဲရှိတယ်” လို့ပြောပါတယ်။

India for Myanmar ရဲ့တာဝန်ရှိသူတစ်ဦးက “လွတ်မြောက်နယ်မြေတွေမှာ ကိုယ်ပိုင်ဆေးရုံတွေရှိတယ်။ အဲဒီမှာ CDM လုပ်တဲ့ ကျွမ်းကျင်ဆရာဝန်တွေတစ်ချို့နေရာမှာရှိတယ်။ ဒဏ်ရာရလူနာတွေကို အဲဒီမှာကုသကြပါတယ်။ ဒဏ်ရာအရမ်းပြင်းထန်တဲ့သူတွေကိုတော့ အိန္ဒိယနိုင်ငံ မီဇိုရမ်ဖက်ကိုရောက်လာကြတာဖြစ်ပါတယ်” လို့ပြောပါတယ်။

ဆေးခန်းလည်ပတ်မှုနဲ့ပတ်သက်ပြီး ရန်ပုံငွေကို နိုင်ငံခြားရောက် ချင်းပြည်သူတွေက အဓိကကူညီနေတာဖြစ်ပြီး လက်ရှိအချိန်ထိတော့ အခက်အခဲကြီးကြီးမားမားမရှိသေးဘူးလို့ သူနာပြုဆရာမကဆိုပါတယ်။

သူ့အနေနဲ့တော်လှန်ရေးစိတ်ဓာတ်ကြောင့် ရောက်လာတဲ့လူနာတွေအပေါ် သည်းခံရတာရှိသလို စေတနာနဲ့ ပြုစုပေးနေတယ်လို့ပြောပါတယ်။

သူက “နောက်တစ်ခုက ဒဏ်ရာရတဲ့လူမျိုးပေါင်းစုံရောက်လာတာဆိုတော့ သူတို့ဒဏ်ရာရတာနဲ့ပတ်သက်ပြီး ပေါက်ကွဲနေတာမျိုးရှိတော့ လူနာအပေါ်သည်းခံနေရတာတွေလည်းရှိပါတယ်”

ဒဏ်ရာရတော်လှန်ရေးလုပ်နေတဲ့ လူငယ်တွေရဲ့စိတ်ခံစားချက်နဲ့ပတ်သက်ပြီး အနီးကပ်စောင့်ရှောက်ပေးတဲ့ သူနာပြုဆရာမအနေနဲ့ အခုလို သူ့အမြင်ကို ပြောပါတယ်။

ဆရာမက “သူတို့က ဒဏ်ရာသာရတာ၊ သူတို့စိတ်ကတော့ ဒဏ်ရာမရဘူးလို့ပြောရမယ်ထင်တယ်။ ခြေပြတ်လက်ပြတ်ဘ၀ရောက်သွားကြပေမယ့် သူတို့စိတ်ဓာတ်တွေက တိုက်ပွဲမှာ ရှေ့တန်းပြန်ဝင်ချင်နေကြတာတွေ့ရတယ်။ သူတို့ရဲ့တော်လှန်ရေးစိတ်ဓာတ်ကတော့ လုံး၀မပျက်ဘူး။ ကျမတောင် သူတို့ဆီကနေ ခွန်အားပြန်ယူနေရတယ်” လို့ပြောပါတယ်။

ဆရာမအနေနဲ့ မိုင်းအန္တရယ်နဲ့ပတ်သက်ပြီး ယခင်က ကြားသာကြားဖူးကြောင်း၊ အခုဆိုရင် ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာနဲ့ပတ်သက်ပြီး သူ့ခံစားချက်ကို အခုလိုပြောပါတယ်။

“မိုင်းဆိုတာအရင်က ကြားပဲကြားဖူးတယ်။ အခုတော်လှန်ရေးကျမှ မြင်ရတာဆိုတော့ တကယ့်ကို အန္တရယ်ကြီးပါတယ်။ ခြေပြတ်လက်ပြတ်ဖြစ်ရတဲ့အပြင် အသက်ပါဆုံးရှုံးကြရတာဆိုတော့ ကြောက်စရာအတော်ကောင်းပါတယ်။ ကျမအနေနဲ့ပြောရမယ်ဆိုရင် လုံး၀မသုံးစေချင်ဘူး။ ဒီဟာက ရေရှည်အထိ လူကိုဒုက္ခပေးနိုင်တဲ့အရာပါ” လို့သူ့အမြင်ကိုပြောပါတယ်။

ဆရာမကဆက်ပြီး တော်လှန်ရေးဟာ ကြာပြီဖြစ်သလို အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသူလည်းများလာသလို ခန္ဓာကိုယ်အစိတ်အပိုင်းဆုံးရှုံးသူတွေလည်းများနေပြီဖြစ်တဲ့အတွက် ပြည်တွင်းငြိမ်းချမ်းဖို့မြန်မြန်ဖြစ်စေချင်တယ်လို့ သူ့ခံစားချက်ကိုပြောပါတယ်။

India for Myanmar တာဝန်ရှိသူပြောပြချက်အရ အိန္ဒိယနိုင်ငံဖက်ကို တိုက်ပွဲအတွင်း မိုင်းကြောင့် ကိုယ်ခန္ဓာအစိတ်အပိုင်းထိခိုက်ဆုံးရှုံးသူလူငယ် ၁၀၀ ကျော်ဝန်းကျင်ရှိပြီဖြစ်တယ်လို့သိရပါတယ်။

Most read this week

May 3, 2024
စစ်ကိုင်းတိုင်း ကလေးမြို့ မြောက်ပိုင်း ကလေး - လက်ပံချောင်း လမ်းမဘေးမှာတည်ရှိတဲ့...
April 29, 2024
မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီ(၂၆)ရက်နေ့ တစ်ရက်အတွင်း အထောက်အထားမဲ့ ရွေ့ပြောင်းအလုပ်သမား ၂...
April 26, 2024
ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ် (၂)က ဝမ္မသူးဆေးရုံကို ယမန်နေ့ည ဧပြီလ(၂၅) ရက်နေ့ ...