KIA ဌာနချုပ်အနီး လေယာဉ်ဖြင့် ဗုံးကြဲ၊ လက်နက်ကြီးဖြင့် ပစ်ခတ်

KIA ဌာနချုပ်အနီး လေယာဉ်ဖြင့် ဗုံးကြဲ၊ လက်နက်ကြီးဖြင့် ပစ်ခတ်

ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် KIO/KIA ဗဟိုဌာနချုပ် လိုင်ဇာမြို့အနီး စစ်ကောင်စီတပ်က ဒီဇင်ဘာလ တတိယပတ်အတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အပြင် လေယာဉ်ဖြင့်လည်း ဗုံးကြဲခဲ့သည်ဟု ဒေသခံ များက ပြောသည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့၊ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တို့တွင် စစ်ကောင်စီဘက်က တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွား ခြင်း မရှိဘဲပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

လိုင်ဇာဒေသခံတစ်ဦးက “လက်နက်ကြီးက ဟိုးဝေကျိုင်တောင်လေ ဇီးအွန်ဆုတောင်းတောင် ရှိတဲ့ နေရာမှာ အဲ့ဘက်မှာ ကျတယ်။ အတိအကျတော့ မသိဘူး။ တိုက်ပွဲဖြစ်တာမျိုးတော့ မရှိဘူး။ မနက် အစော ၃ နာရီ ကျော်လောက်မှာ လက်နက်ကြီးနဲ့ လေး ငါးခေါက်လောက် ပစ်တယ်။ ဗမာစစ်တပ်က တိုက်ပွဲမဖြစ်ပဲ ပစ် တာဟုတ်တယ်” ဟု ပြောသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့၊ နံနက်ပိုင်းတွင် မန္တလေး - တံတားဦး လေတပ်စခန်းမှ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် KIO/KIA ဗဟိုဌာနချုပ်နယ်မြေဖြစ်သည့် နမ်ဆန်ယန်ကျေးရွာ အကျော်ရှိ ဆိုင်မိုင်ပါ (Seng Mai Pa) ကျေးရွာ အနီး ဝန်းကျင်တွင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ လက်နက်ကြီးပစ်ခတ်မှုသည် ကျေးရွာအတွင်းကျရောက်ခြင်းမဟုတ်ပဲ ကျေးရွာပြင်ပတွင်ကျရောက်ခဲ့ သည့်အတွက် အရပ်သားပြည်သူ ထိခိုက်မှု၊ နေအိမ်ပျက်စီးမှုများ မရှိခဲ့ဘူးဟု ဆိုသည်။

“အခုကျတော့ ရွာတွေထဲမှာတော့မဟုတ်ဘူး။ ဒါပေမယ့် လေယာဉ်သံ လက်နက်ကြီးသံကြားရင်တော့ စိုးရိမ် တာမျိုးတော့ ရှိတယ်။ လူကြီးတွေပြောတာတော့ တိုက်ပွဲမဖြစ်ဘူး။ ဗမာတွေက တမင်လာပစ်တယ်လို့ ပြော တယ်။ အခုတလော တိုက်ပွဲဖြစ်တယ်ဆိုတဲ့ အသံလည်း မကြားမိဘူးလေ” ဟု လိုင်ဇာဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

ထို့အပြင် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင်လည်း ခါရာဘွမ်တောင် (Hkaya bum) နှင့် ဘွမ်ရယ်ဘွမ်တောင် (Bum Re Bum) တွင် တပ်စွဲနေရာယူထားသည့် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် KIO ဗဟိုဌာနချုပ် ရှိရာဘက်သို့ ပစ်ခတ်ခဲ့သည်။

ထိုသို့ ရမ်းသမ်း ပစ်ခတ်ခဲ့ရာ လိုင်ဇာဒေသအတွင်းရှိ မုန်လိုင်ခက်ကျေးရွာအနီးနှင့် ဝေကျိုင်ဘွမ်တောင် (Woi Chyai bum) တဝိုက်တါင် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သည်ဟု လိုင်ဇာဒေသခံများက အတည် ပြုပြောသည်။

ထို့အပြင် ဒီဇင်ဘာ ၁၇ ရက်နေ့၊ နံနက် ၁ နာရီ အချိန်ခန့်တွင် တံတားဦး လေတပ်စခန်းကနေ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် နမ်ဆန်ယန်အကျော် ဆိုင်မိုင်ပါ (Seng Mai pa) ကျေးရွာအနီးဝန်းကျင်တွင် လာရောက်ဗုံးကြဲခဲ့ သေး သည်ဟု ဆိုသည်။

ထိုသို့ လိုင်ဇာအနီးတဝိုက်ကို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်မှုများ၊ လေကြောင်း မှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သောကြောင့် အရပ်သားများ ရှိရာ ကျေးရွာများထဲ ကျရောက်ခြင်းမဟုတ်သော်လည်း အနီးအနားတွင် ကျရောက်ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့သောကြောင့် ဒေသခံအချို့က စိုးရိမ်နေကြသည်ဟု ပြော သည်။

အလားတူ ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်ဘက်က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ထိန်းချုပ်နယ်မြေ တစ်ခုဖြစ်သည့် မိုင်ဂျာယန်မြို့ကို လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်ခဲ့ပါသေး သည်။

April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...
April 27, 2026
စစ်ဦးစီးချုပ်အသစ် “လက်စွမ်းပြလိုမှုနှင့်အတူ” ကချင်ပြည်အတွင်း စစ်ရေးပိုမိုတင်းမာလာနိုင်ဟု...