ဆနင်း – ဖောင်းဆိုင်ဒေသ SSPP တပ် ဆုတ်ခွာရန် စစ်ကောင်စီ ထပ်မံ အမိန့်ပေး

ဆနင်း – ဖောင်းဆိုင်ဒေသ SSPP တပ် ဆုတ်ခွာရန် စစ်ကောင်စီ ထပ်မံ အမိန့်ပေး

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ အနောက်ဘက် ဆနင်း – ဖောင်းဆိုင် ဒေသရှိ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့များ တပ် ဆုတ်ခွာရန်အတွက် စစ်ကောင်စီဘက် မှ ထပ်မံ အမိန့်ပေး ထုတ်ပြန်လာကြောင်း သတင်းသိရသည်။

ဒီဇင်ဘာ ၁၉ ရက် မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃ ရက် အထိ ပင်လုံမြို့ အနောက်ဘက်ခြမ်းရှိ ဆနင်း – ဖောင်းဆိုင်ဒေသဘက်တွင် စစ်တပ်မှ မူးယစ်ဆေးဝါး နှိမ်နင်းရေး လုပ်မည်ဖြစ်သဖြင့် အဆိုပါ ဒေသတွင် လှုပ်ရှားနေသည့် SSPP တပ်များ ဆုတ်ခွာရန် နှင့် မူးယစ်နှိမ်နင်းရေးအဖွဲ့အား နှောက်ယှက်ဟန့်တားမှု ပြုသည့်လုပ်ရပ်များ မလုပ်ရန် စစ်ကောင်စီ မှ SSPP ထံ ယနေ့ (ဒီဇင်ဘာ ၁၉) ရက်စွဲဖြင့် ပေးပို့လာကြောင်း SSPP အရာရှိ တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ယင်းကဲ့သို့ စစ်ကောင်စီဘက်မှ ထုတ်ပြန်အမိန့်ပေးခြင်း နှင့် ပတ်သက်ပြီး ဆနင်းဒေသရှိ SSPP/SSA အရာရှိတစ်ဦးက တပ်ဆုတ်ခွာရန် မဖြစ်နိုင်ကြောင်း သျှမ်းသံတော်ဆင့်ကို ပြောဆိုလိုက်သည်။

“သူတို့ဘက်က ဘယ်လိုပဲ ထုတ်ပြန်ပါစေ၊ မဆုတ်လို့ ပစ်မယ်ဆိုရင်လည်း ကျနော်တို့က တပ်ဆုတ်ဖို့ မရှိပါဘူး” ဟု ဆနင်းဒေသမှ SSPP/SSA အရာရှိက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ဖြစ်စဥ်နှင့် ပတ်သက်ပြီး အသေးစိတ် မေးမြန်း သိရှိနိုင်ရန် အတွက် SSPP/SSA တပ်ဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူး ဖုန်းဟန် နှင့် ဗိုလ်မှူးကြီး စိုင်းဆုတို့ကို အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဖုန်းလက်ခံ ဖြေကြား ခြင်း မရှိခဲ့ပါ။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပင်လုံမြို့မှ ဆနင်း – ဖောင်းဆိုင် အတွင်း သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် RCSS/ SSA နှင့် တိုက်ပွဲဖြစ်ပွားပြီးချိန်မှ စတင်ပြီး ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA က ယနေ့အချိန်အထိ နေရာယူ လှုပ်ရှားနေလျက်ရှိကြောင်း သိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...