မိုးမိတ်မြို့နယ် စစ်ကောင်စီ နှင့် PDF တို့ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွား

မိုးမိတ်မြို့နယ် စစ်ကောင်စီ နှင့် PDF တို့ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။

ယနေ့ ဒီဇင်ဘာလ ၁၅ ရက် နံနက် ၈ နာရီကျော်တွင် မိုးမိတ်မြို့မှ မိုးကုတ်ဘက်သွားသည့် လမ်းကြောင်းဘက်ရှိ ဝမ်လွယ်ဆာကျေးရွာ အနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်ကြောင်း ဒေသခံများ ထံမှ သိရသည်။

“စစ်ကောင်စီဘက်က လက်နက်ကြီး နဲ့ လှမ်းပစ်ခဲ့လို့ တိုက်ပွဲဖြစ်တယ်လို့ သိရတယ်။ အဲ့အနီးမှာ ရှိတဲ့ PDF တွေက ပြန်ပစ်လိုက်တဲ့ အခါကျတော့ တိုက်ပွဲကြမ်းသွားတယ်၊ တိုက်ပွဲက ၁၀ နာရီထိ ဖြစ်တယ်” ဟု မိုးမိတ်မြို့မှ အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီတို့ကို ခုခံတိုက်ခိုက်သော PDF တပ်ဖွဲ့သည် ဦးအောင်ဖြိုး ဦးဆောင်သည့် PDF ဖြစ်ပြီး နှစ်ဖက်တပ်ဖွဲ့၏ ထိခိုက်ကျဆုံးမှုကို မသိရသေးကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

ထို့အပြင် ယင်းထိတွေ့တိုက်ပွဲ ၂ နာရီနီးပါး ဖြစ်ပွားပြီးသည့်နောက် ၁၀ နာရီဝန်းကျင်တွင် မိုးမိတ်မြို့ရှိ စစ်ကောင်စီ တပ်စခန်းမှ တိုက်လေယာဥ် နှစ်စီးသည် SSPP/SSA တို့ အခြေချ တပ်စခန်းရှိရာ လွယ်မောက်ဘက်သို့ ဦးတည်ပျံသန်းသွားကြောင်းလည်း သိရသည်။

“လွယ်ဆာဘက်က တိုက်ပွဲသံငြိမ်ပြီးတဲ့နောက် ခဏအကြာမှာတော့ မိုးမိတ်တပ်ထဲကနေ ရဟတ်ယာဥ်နှစ်စီးက လွယ်မောက်ဘက်ကို ဦးတည်ပျံသန်းသွားတယ်၊ အဲ့ဒီလွယ်မောက်ဘက်မှာ SSPP/SSA တပ်စခန်းရှိတယ်၊ KIA/PDF တွေလည်းရှိတယ်၊ အဲ့ဘက် ပစ်ခတ်သံတွေတော့ မထွက်လာသေးဘူး” ဟု အထက်ပါ အမျိုးသားက ဆက်ပြောသည်။

လွယ်မောက်တောင်ကြောတစ်ဝိုက်တွင် ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်းမှာလည်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တို့နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် အသေအကျ များခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင်လည်း စစ်ကောင်စီတပ် ခလရ ၂၇၆ နှင့် ခမရ ၃၄၈ တို့သည် အဆိုပါ လွယ်မောက်တောင်ကြောအနီးတစ်ဝိုက်သို့ စစ်အင်အား အများပြားဖြင့် နေရာယူ ဝပ်ထားနေကြောင်းလည်း သိရသည်။

အလားတူ သျှမ်းမြောက်မှ နမ့်ဆန်မြို့နယ်အတွင်းမှာလည်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ ရက်နေ့မှ စတင်ပြီး ၁၃ ရက်နေ့အထိ စစ်ကောင်စီတပ်က TNLA တပ်ဖွဲ့ကို လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း သတင်းသိရသည်။

ယင်းကဲ့သို့ နမ့်ဆန်မြို့နယ်အတွင်း လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကုန်းသာကျေးရွာမှ နေအိမ်နှင့် သာသနာအဆောက်အအုံများ ရွာလုံးကျွတ်နီးပါး မီးလောင် ပျက်စီးရပြီး၊ ကုန်းသာရွာ အပါအဝင် အနီးပတ်ဝန်းကျင်မှ ဒေသခံ ၁၀၀၀ ကျော် နေရပ်စွန့်ခွာကာ စစ်ရှောင်ထွက်ပြေးနေရကြောင်းလည်း သိရသည်။

Most read this week

စစ်အုပ်စုတပ်များအား တွေ့ရစဉ်။ / Photo Crd
September 19, 2026
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်က ဧည့်စာရင်း လိုက်လံစစ်ဆေးရာ၌...
ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...