ကလေးမြို့ကဒေသခံပြည်သူတွေကို အချိန်မရွေး ဒုက္ခပေးနိုင်တဲ့ပိုင်ရှင်မဲ့ဗုံးများ

ကလေးမြို့ကဒေသခံပြည်သူတွေကို အချိန်မရွေး ဒုက္ခပေးနိုင်တဲ့ပိုင်ရှင်မဲ့ဗုံးများ

၂၀၂၁ခုနှစ်ဖေဖော်ဝါရီလမှာ မြန်မာစစ်တပ်က မဲမသမာမှုရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အာဏာသိမ်းပြီး နောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ရရာလက်နက်နဲ့ ခုခံတော်လှန်စစ်ပြင်းထန်တဲ့ ဒေသတွေမှာ ချင်းတောင်ခြေက စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်လည်းအပါအဝင် ဖြစ်ပါတယ်။ အခုလို ခုခံတော်လှန်စစ်ပြင်းထန်တဲ့ကလေးဒေသမှာ ၂၀၂၂ခုနှစ် စက်တင်ဘာလ လောက်ကစပြီး ဘယ်အဖွဲ့အစည်းကထောင်ထားမှန်းမသိတဲ့ ပိုင်ရှင်မဲ့ဗုံးတွေ မြို့ပေါ်ရပ်ကွက် အတွင်း နေရာတော်တော်များများမှာ ရှိနေတဲ့အတွက် ဒီပိုင်ရှင်မဲ့ဗုံးတွေဟာ ဒေသခံပြည်သူတွေရဲ့ အသက်တွေကို နေ့စဉ်စိန်ခေါ်လျက်ရှိနေပါတယ်။

အခုလို ကလေးမြို့ပေါ်က ရပ်ကွက်တွေမှာ ပိုင်ရှင်မဲ့ဗုံးတွေ ထောင်ထားတာနဲ့ပတ်သက်လို့ မျက်မြင်သက်သေတွေ ရဲ့ပြောဆိုမှုတွေနဲ့ ဒေသခံတွေရဲ့ထင်မြင်ယူဆချက်တွေဟာလဲ ကွဲပြားနေပါတယ်။ အချို့ဒေသခံတွေကတော့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့လုပ်ဆောင်မှုတွေဟုဆိုပြီး ၊

တစ်ချို့ကတော့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလှုပ်ရှားသွားလာနိုင်တဲ့ နေရာတွေမှာ ကြိုတင်ပြီး ဗုံးထောင်ထားတာလို့ ပြောဆိုနေ ကြပါတယ်။

၂၀၂၂ခုနှစ် ဩဂုတ်လ(၂၄)ရက်နေ့ ညနေ (၅)နာရီအချိန်မှာ တာဟန်းရပ်ကွက်ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ဒိုးဝိုင်းချောင်းလမ်းအကွေ့အေဂျီဘုရားကျောင်းအနားမှာဘယ်အဖွဲ့အစည်းကထောင်ထားမှန်းမသိရတဲ့ ဗုံး(၂)လုံးပေါက်ကွဲတာကြောင့် အဆိုပါ ဗုံးပေါက်တဲ့ နေရာအနားဟင်းသီးဟင်းရွက်ရောင်းနေတဲ့ ဈေးသည်အမျိုးသမီး တစ်ယောက်ပွဲချင်းပြီး သေဆုံးခဲ့သလို ၊ အမျိုးသမီး တစ်ယောက် ကတော့ ဆေးရုံရောက်ပြီး သေသွားခဲ့တဲ့ဖြစ်စဉ် တွေလဲရှိခဲ့ပါတယ်။

အခုလိုဗုံးပေါက်ကွဲပြီးလူ(၂)ယောက်သေဆုံးသွားရတာနဲ့ပတ်သက်လို့ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာ အခုထက်ထိအဖြေရှာလို့မရသေးပါဘူး။

ကလေးဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မိမိထက်လက်နက်အင်အားအဆမတန်သာ လွန်တဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ခုခံတော်လှန်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေစစ်ကြောင်းထိုးလာတဲ့ လမ်းကြောင်း တစ်လျောက်မှာ လက်လုပ်ဗုံးထောင်ပြီးတိုက်ခိုက်တာ ၊စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းချထားတဲ့နေရာကို သွားရောက်ပြီး အလစ်ငိုက်တိုက်ခိုက်တာစတဲ့ပျောက်ကျားနည်းကို အများဆုံး အသုံးပြုနေကြတာဖြစ်ပါတယ် ။

“ဗုံးပုံစံက က ၅လက်မပိုက် အရွယ်အစားလောက်ရှိမယ် ၊ တိတ်တွေနဲ့ပတ်ထားတာရှိတယ် တချို့က ဘိလပ်မြေလို အတုံး လိုက်ကြီးပဲ ဘေးပတ်လည်မှာ သံတိုသံစတွေ ကပ်ထားတယ်၊ ပြီးတော့တော်တော်များများကို ဆိုင်ကယ်ဘတ္တရီတွေနဲ့ တွဲလျက်တွေ့ရတယ်”လို့ ဒေသခံတစ်ယောက်က အခုလိုပြောပါတယ်။

ဒေသခံတွေပြောပြချက်အရ ကလေးမြို့မှာတွေ့နေရတဲ့ ပိုင်ရှင်မဲ့ဗုံးတော်တော်များများဟာ ချိန်ကိုက်ဗုံး(ဖုန်းနဲ့တွဲပြီး ဖုန်းခေါ်ရင်ပေါက်တဲ့ဗုံး) ဖြစ်နေပြီး ကလေးဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အများဆုံးအသုံးပြုတဲ့ ဗုံး အမျိုးအစားဖြစ်တယ်လို့ ဒေသခံတွေ ပြောဆို နေကြပါတယ်။

ပိုင်ရှင်မဲ့ဗုံးအများစုဟာ ကလေးမြို့ ပေါ်ရပ်ကွက်ဖြစ်တဲ့ တာဟန်းရပ်ကွက် ၊ စမ်းမြို့ရပ်ကွက်၊ တောင်ဇလပ်ရပ်ကွက် ၊ မြို့လှရပ်ကွက် ၊ မွန်ထာရပ်ကွက် ၊တောင်ဖီလာရပ်ကွက်တို့မှာ အတွေ့အများဆုံးဖြစ်ပြီး ပိုင်ရှင်မဲ့ဗုံး အများဆုံးတွေ့ရှိတဲ့နေရာတွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အသွားအလာများတဲ့နေရာတွေမှာ တွေ့မြင် နေရတက်သလို ၊စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ အဝင်အထွက်လဲမရှိဘဲ ပြည်သူတွေအများဆုံး အသုံးပြုတဲ့လမ်း စတဲ့နေရာ တွေမှာလဲ တွေ့ရတာလဲ ရှိတယ်လို့ ဒေသခံတွေကဆိုပါတယ်။

“ဒီဗုံးတွေကို ဘယ်အဖွဲ့ကထောင်သည်ဖြစ်စေ လမ်းကြောင်းရှင်းပြီးရင်တော့ ပြန်ဖြုတ်ရမယ် ၊ အခုလိုလာမဖြုတ်ပဲ အကြာကြီးထားတာတော့ စိုးရိမ်စရာကောင်းတယ် “လို့ ဒေသခံတစ်ယောက်က အခုလိုပြောပါ တယ်။

ကလေးမြို့မှာ စက်တင်ဘာလ လဆန်းပိုင်းလောက်ကစပြီး ပိုင်ရှင်မဲ့ဗုံးတွေကို နေရာတော်တော် များများမှာ တွေ့နေရတာဖြစ်ပြီး အခုချိန်အထိ လာရောက်မဖြုတ်သိမ်းပဲ အခုထက်ထိ ဒီအတိုင်းရှိနေသေးပြီး ပေါက်ကွဲမှုတစ်စုံတစ်ရာ ဖြစ်ခဲ့ရင် အများပြည်သူတွေပဲ နစ်နာမှာလို့

တောင်ဇလပ်ရပ်ကွက်က ဒေသခံတစ် ယောက်က အခုလိုပြောပါတယ်။

“ ထောင်ထားတဲ့နေရာက လမ်းဆုံလမ်းခွမှာ ၊ မတော်တဆပေါက်ရင်ပြည်သူတွေပဲထိခိုက်မှာ ၊ အမြန်ဆုံးဖြုတ်ဖို့လိုတယ် ၊ ဘယ်အဖွဲ့ကလုပ်တာပဲဖြစ်ဖြစ် ဒါမျိုး အများပြည်သူတွေနေတဲ့ နေရာမှာ ထောင်တာတော့ လုံးဝလက် မခံနိုင်ဘူး”လို့ပြောပါတယ်။

ကလေးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လက်နက်ကိုင်တော်လှန်ရေး လုပ်နေကြတဲ့ လက်နက်ကိုင်အဖွဲ့အဖြစ် ကလေး ပ.က.ဖ ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF-Kalay ၊ Ranger Kalay defense Force (RKDF) ၊ Chinland Deffense Force Kalay Kabaw Gangaw CDF-KKG ၊ Chin Nation Defense Force (CNDF) ၊ PDF(Zoland) CDF (Siyin)စတဲ့ တော်လှန်ရေးအဖွဲ့တွေအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လက်အောက်ခံဖြစ်တဲ့ ပျူစောထီး ၊ ပြည်သူ့စစ် အဖွဲ့စတဲ့ လက်နက်ကိုင်တွေ လှုပ်ရှားနေတဲ့ဒေသတစ်ခုလဲဖြစ်နေပါတာကြောင့် ပိုင်ရှင်မဲ့ဗုံးနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့အစည်းကထောင်ထားတဲ့ဗုံးလဲဆိုတာ ရေရေရာရာမသိရပဲ ဝေဝါးနေဆဲ ဖြစ်နေပါတယ်။

ကလေးမြို့ပေါ်မှာ အများဆုံးတွေ့မြင်နေကြရတဲ့ ပိုင်ရှင်မဲ့ဗုံးတော်တော်များများဟာ လက်လုပ်ဗုံးတွေ ဖြစ်သလို ၊ ပြည်သူလူထု‌တွေ အသွားအလာအများဆုံးဖြစ်တဲ့ နေရာတွေမှာတွေ့မြင်ရပြီး မတော်တဆပေါက်ကွဲမှုတွေ ဖြစ်ရင် ထိခိုက်သေကြေမှုရှိခဲ့ရင် ဒေသခံပြည်သူတွေသာ ဖြစ်နေတာကြောင့် ဘယ်အဖွဲ့အစည်းက ထောင်ထားတဲ့ ဗုံးဖြစ်နေပါစေ အမြန်လာရောက် ဖြုတ်သိမ်းစေလိုတယ်လို့ နေ့စဉ်အပြင်ထွက်စျေးရောင်းရတဲ့ စျေးသည်၁ဦးကပြောပါတယ်။

ကလေးမြို့မှာ အများပြည်သူအသုံးပြုနေတဲ့  လမ်းစတဲ့နေရာတွေမှာ ပေါက်ကွဲမှု တစ်စုံတစ်ရာ ဖြစ်ခဲ့ရင် အရင်ဆုံးနစ်နာ သူမှာ ပြည်သူတွေသာဖြစ်နေပြီး ဒေသခံပြည်သူတွေက ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို အနည်းနဲ့အများ အထင်အမြင်လွှဲမှားမှုတွေ ရှိနေနိုင်ပြီး ပြည်သူ့ထောက်ခံမှု သိသိသာသာလျော့နည်းလာမှာဖြစ်တဲ့အတွက် ပိုင်ရှင်မဲ့ဗုံးတွေ အရေးကို ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဖက်က သတိထားကြီးကြီးဆောင်ရွက်ရန်လို အပ်သလို ပိုင်ရှင်မဲ့ ဗုံးတွေတွေ့တယ်လို့ ဒေသခံတွေပြောထားတဲ့နေရာတွေကို သွားရောက်ပြီး ဖြုတ်သိမ်းတာ ၊ သက်မဲ့ဗုံးဖြစ်အောင်လုပ်ဆောင်ပေးဖို့ ကလေးမြို့ဒေသခံတွေကလိုလားနေကြပါတယ်။

Most read this week

May 3, 2024
စစ်ကိုင်းတိုင်း ကလေးမြို့ မြောက်ပိုင်း ကလေး - လက်ပံချောင်း လမ်းမဘေးမှာတည်ရှိတဲ့...
April 29, 2024
မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီ(၂၆)ရက်နေ့ တစ်ရက်အတွင်း အထောက်အထားမဲ့ ရွေ့ပြောင်းအလုပ်သမား ၂...
April 26, 2024
ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ် (၂)က ဝမ္မသူးဆေးရုံကို ယမန်နေ့ည ဧပြီလ(၂၅) ရက်နေ့ ...