သွေးစွန်းခဲ့တဲ့ အနန့်ပါ(Anang Pa)

သွေးစွန်းခဲ့တဲ့ အနန့်ပါ(Anang Pa)

ရေးသားသူ- ထရေဇာ

ဖားကန့်မြို့နဲ့ မိုင်(၂၀) လောက်ဝေးတဲ့ ဒေသလေးတစ်ခုမှာ အထိမ်းအမှတ်နေ့တစ်ခု ပြုလုပ်ဖို့အတွက် လူတွေစုဝေးပြီး ရယ်မောသံတွေနဲ့အတူ ကြိုတင်ပြင်ဆင်မှုတွေကို ပြုလုပ်နေကြပါတယ်။

ဘောလုံးကွင်းအနီးက စတိတ်စင်ရယ်၊ လူနေတဲ့အဆောက်အဦရယ် မီးဖိုချောင်အဆောင်တွေ အနားမှာ ပြုလုပ်နေတဲ့ မိတ်ဆုံစားပွဲထဲမှာ အရာရှိတွေနဲ့ သူဌေးတွေ (၃၀)ဦးထက်မနည်း စားသောက်နေကြပြီး အနီးအနား ပတ်ဝန်းကျင်တစ်ဝိုက်မှာတော့ ရှိုးပွဲကြည့်နေသူတွေ ဝန်းရံလျက်ရှိနေပါတယ်။

Sound Box (အသံချဲ့စက်)နဲ့ သီဆိုနေပြီး မိတ်ဆုံစားပွဲကျင်းပနေတဲ့ အဲဒီနေရာမှာ လူရာဂဏန်းလောက် ရှိနေပြီးတော့  သီချင်းတောင်းသူကတောင်း၊ သီဆိုဖျော်ဖြေတဲ့သူက ဖျော်ဖြေနဲ့ ပါဝင်ဆင်နွှဲနေကြတဲ့အထဲ ကိုဆွတ်ရိန် တစ်ယောက်လည်း အပါအဝင်ဖြစ်ပါတယ်။

“အော်ရာလီရဲ့ သီချင်းတောင်းတဲ့အချိန်။ စင်ပေါ်တက်ခါနီး ဖြစ်သွားတာ။ ကျွန်တော်ကြည့်နေရင်းကို သွပ်တွေဆို လွင့်ထွက်နေတယ်။” လို့ လျှပ်တပြက်အတွင်း ပြောင်းလဲသွားခဲ့တဲ့ အဖြစ်အပျက်ကို ကိုဆွတ်ရိန်က ပြောပြပါတယ်။

ပွဲကျင်းပနေတဲ့အချိန် လူရာချီ သွေးစွန်းခဲ့ရတဲ့ သွေးလန့်စရာ အဖြစ်အပျက်တစ်ခုကို မျက်စိတစ်မှိတ်အတွင်းမှာပဲ ကိုဆွတ်ရိန် ကြုံတွေ့လိုက်ရတာပါ။

အောက်တိုဘာလ(၂၅)ရက်နေ့မှာ ကျရောက်မယ့်(၆၂)နှစ်ပြည့် ကေအိုင်အိုနှစ်ပတ်လည်နေ့ကိုကျင်းပဖို့ ဖားကန့်မြို့နယ်၊ ကေအိုင်အေ တပ်မဟာ(၉)၊  အနန့်ပါမှာ ပြင်ဆင်နေကြတာဖြစ်ပြီး ရပ်ဝေးရပ်နီးက သူဌေးတွေ၊ အနီးအနားက ရွာသူ/သားတွေသာမက ကချင်အနုပညာရှင်တွေပါ အဲဒီနေရာကို သွားရောက်နေခဲ့ကြတာပါ။

နှစ်ပတ်လည်နေ့ မတိုင်ခင်ည အောက်တိုဘာလ(၂၃)ရက်နေ့မှာတော့ ကေအိုင်အေ တပ်မဟာ(၉)၊ တပ်ရင်း(၆)နယ်မြေ၊ အနန်ပါဆိုတဲ့နေရာလေးမှာ အဲဒီပွဲကျင်းပနေတဲ့ လူအုပ်ထဲကို စစ်ကောင်စီကနေ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး လူ(၆၀) ဦး ထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ များပြားခဲ့တာပါ။

လေယာဉ်ဗုံးမကြဲမီ ပျော်ရွှင်ရယ်မောပြီး ပွဲနေ့အတွက် ပြင်ဆင်နေကြတဲ့ မြင်ကွင်းကနေ ပြေးသူကပြေး၊ အော်သူက အော်၊ ငိုသူက ငိုနဲ့ မီးလောင်သိုက်တစ်ခု ဖြစ်သွားတယ်လို့ အသက်ဘေးကနေ လွတ်မြောက်လာခဲ့တဲ့ ကိုဆွတ်ရိန်က ပြောပြပါတယ်။

“လေယာဉ်က အနီးကပ်ကို ဆော်သွားတာ။ အနန့်ပါ အကုန် ပြန့်ကျဲသွားတာ။ အကုန်ပါသွားတာပေါ့ ။ဗုံးက ကျတာနဲ့ကို ပေါက်တာ။ ကျွန်တော်ကြည့်နေရင်းကို သွပ်တွေဆို လွင့်ထွက်နေတယ်။” လို့ ကိုဆွတ်ရိန်က ပြောပါတယ်။ “လေယာဉ်သံကြားတာနဲ့ နောက်လှည့်ကြည့်တဲ့ အချိန်ခဏအတွင်း ဖြစ်ပျက်ခဲ့တာ”

ကိုဆွတ်ရိန်ဟာ ပွဲအတွင်းကနေ အပြင်ကို ခဏထွက်သွားတဲ့အချိန်  ဘောလုံးကွင်း အကျော်က ထွက်ပေါက် ဂိတ်တံခါးအရောက်မှာ ဖြစ်ပျက်ခဲ့တာ ဖြစ်လို့ သူက အသက်ရှင်လွတ်မြောက်ခဲ့ပါတယ်။

လေယာဉ်သံကြားရတာနဲ့ မကြာခင်မှာပဲ ဗုံးသံတွေ(၄)ချက်လောက် ဆက်တိုက်ဆိုသလို ကြားခဲ့တယ်လို့ ဆိုပါတယ်။

 “အိမ်တွေဆို အရှင်းကို လွင့်ပြီး ပြန့်ကျဲသွားတာ။ လူတွေရော လွင့်။ သေတဲ့သူကသေ။ ဘေးက မထိတဲ့သူတွေက လေယာဉ်ရဲ့ လေအရှိန်နဲ့ လွင့်တဲ့သူကလွင့်” လို့ ကိုဆွတ်ရိန်က ပြောပြပါတယ်။

ကိုဆွတ်ရိန်အနေနဲ့ လေယာဉ်သံကြားရပေမယ့် ရှိုးပွဲနဲ့ မိတ်ဆုံစားပွဲလုပ်နေတဲ့ အနီးအနားက လူတွေကတော့ (Sound Box) အသံချဲ့စက်ကြီးတွေကြောင့် သတိမမူလိုက်တာ ဖြစ်နိုင်ပြီး သူ့အနေနဲ့ သွားရောက် သတိပေးဖို့ လုပ်ခဲ့ပေမယ့် မျက်စိတမှိတ်အတွင်း ဖြစ်ပျက်ခဲ့တာကြောင့် မမှီလိုက်ဘူးလို့  ပြောပါတယ်။

“ဘေးမှာ အကုန်ဝိုင်းပြီး ရှိုးပွဲကြည့်နေကြတာ။ ကျွန်တော်ပြန်သွားတဲ့ အချိန်က သွပ်တွေမှာ ကျတဲ့သူကကျ။ ပေါင်၊ လက်တွေ သပ်သပ် ဖြစ်တဲ့သူက ဖြစ်။ အူတွေ၊ ဦးနှောက်တွေ ထွက်” လို့ ကိုဆွတ်ရိန်က သူမြင်တွေ့ခဲ့ရတာကို ထပ်ပြီး ပြောပြပါတယ်။

ကိုဆွတ်ရိန်ရဲ့ ပြောပြချက်အရ လူတွေရှိနေတဲ့ အိမ်နားမှာကို တစ်လုံးနဲ့ စတိတ်စင်အနီးအနားမှာ တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အနီးအနားဝန်းကျင်တွေမှာ နှစ်လုံး စုစုပေါင်း (၄)လုံး ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

လူနေအိမ်တွေပါ မီးလောင်သွားခဲ့တာဖြစ်ပြီး ဗုံးပေါက်ကွဲသံကြားတာနဲ့တပြိုင်နက် လုံခြုံမယ်လို့ ယူဆရတဲ့ မျက်မှန်းတမ်းရာအရပ်ဆီကို ထွက်ပြေးခဲ့တဲ့အကြောင်း အဲဒီပွဲမှာ ရောက်ရှိနေခဲ့ပြီး အသက်ရှင်ကျန်ရစ်ခဲ့တဲ့ နောက်ထပ် ဒေသခံပြည်သူတစ်ဦးကလည်း အခုလိုပြောပါတယ်။

“ကျွန်တော်တို့နေနေတဲ့ အဆောင်ဘက်လည်း ကျောက်ခဲတွေ လွင့်တာတွေရှိတယ်။ မိုးရွာချသလိုပဲ။ ဒုန်းကနဲ ဒိုင်းကနဲ။ ကျွန်တော်တို့ ပြေးလာတော့ ဘောလုံးကွင်းတွေမှာ ထင်းတွေ၊ ဝါးတွေ ပြန့်ကျဲနေတာ ”

ထွက်ပြေးပြီး ပုန်းနေချိန် ငိုပြီး အကူအညီတောင်းနေတဲ့ အော်သံတွေကို အခုအချိန်အထိ မြင်ယောင် ကြားယောင်နေဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

သေဆုံးသွားတဲ့သူတွေထဲမှာ KIA အဆင့်မြင့် အရာရှိတွေနဲ့ တပ်သားတွေ၊ ပွဲအတွက် ရောက်လာကြတဲ့ ကချင်အနုပညာရှင် အချို့နဲ့ အရပ်သားပြည်သူတွေ ပါဝင်တယ်လို့လည်း ဆိုပါတယ်။ သေဆုံးခဲ့တဲ့အထဲ အဆိုတော် အော်ရာလီပါ ပါဝင်ခဲ့တာဖြစ်ပါတယ်။

မနေ့က( အောက်တိုဘာ ၂၄) ရက်နေ့ အထိ သေဆုံးသူအလောင်း တွေ့ရသလောက်ကို ရေတွက်ကြည့်တဲ့အခါ (၆၀)ကျော်လောက်ရှိပြီး လက်နက်ကြီးကျတဲ့ ပြင်းအားကြောင့် အလောင်းရှာမတွေ့တော့တာတွေပါ ပေါင်းရင် သေဆုံးသူတွေ ပိုများနိုင်တယ်လို့ ကိုဆွတ်ရိန်က ပြောပါတယ်။

ကျရောက်ပေါက်ကွဲတဲ့ ဒဏ်ကြောင့် လူတွေဟာ ကိုယ်အင်္ဂါ မစုံတော့တဲ့သူတွေ၊ အရှိန်ကြောင့် လွင့်သွားသူတွေဟာ  တစ်စစီကျိုးပဲ့သွားပြီး စိတ်မချမ်းမြေ့စရာ မြင်ကွင်းကို ထပ်မြင်ခဲ့ရတယ်လို့ ပြောပါတယ်။

“အလောင်းမတွေ့တော့တာတွေ လည်း များတယ်။ နံရိုးတွေဆိုရင် သစ်ပင်တွေမှာ ကျနေတာ။”  လို့ ကိုဆွတ်ရိန်က ဗုံးကြဲအပြီးတွေ့ရတဲ့ မြင်ကွင်းကို ပြောပြပါတယ်။

ပေါက်ကွဲသံဟာ လူတစ်ယောက်ရဲ့ နားခံနိုင်ရည်ထက်ကျော်တာကြောင့် နားမကြားတာတွေတောင် ဖြစ်သွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကနေ အခုချိန်ထိ တားမြစ်မှုတွေ ရှိနေတာကြောင့် သေဆုံးသူတွေကို သယ်ယူခွင့် မရ၊ ဒဏ်ရာရရှိသူတွေကို သွားရောက်ကယ်ထုတ်နိုင်ဖို့ ခက်ခဲနေတဲ့အပြင် ဆေးကုသခွင့် မရရှိတာကြောင့် သေဆုံးမှုတွေ တိုးလာတယ်လို့လည်း သိရပါတယ်။

အဲဒီလို ပိတ်ပင်တားဆီးထားတာကြောင့် ဒဏ်ရာရရှိသူတွေထဲက ထပ်မံသေဆုံးမှုတွေ ရှိနေပြီး လက်ရှိအချိန်ထိ သေဆုံးသူ စုစုပေါင်း (၈၀) လောက် ရှိနိုင်တယ်လို့လည်း အဲဒီ အနီးအနားကိုရောက်ရှိနေတဲ့ ကူညီနေသူ ဖားကန့်ပြည်သူတစ်ဦးကပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပြည်တွင်းအဖွဲ့စည်းတွေက ဝမ်းနည်း ရှုံ့ချကြောင်း အသီးသီးထုတ်ပြန်ပါတယ်။

စစ်ကောင်စီဘက်ကလည်း စစ်ကောင်စီတပ်စခန်းတွေ အကြိမ်ကြိမ် တိုက်ခိုက်ခံရလို့ လက်တုံ့ပြန်ခြင်းသာ ဖြစ်ပြီး ပြည်သူတွေနဲ့ အနုပညာရှင်တွေ သေဆုံးတာ မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။

အနန့်ပါဆိုတာဟာ KIA စခန်းမဟုတ်ဘဲ ခရီးသွားတွေ ခေတ္တနားကြတဲ့ စျေးဆိုင်တန်းစခန်းငယ်သာ ဖြစ်ပြီး အနန့်ပါမှာ အသက်ဆုံးရှုံးခဲ့ရသူတွေအားလုံး ကောင်းရာဘုံ ရောက်ရှိကြပါစေလို့ ဆုတောင်းမေတ္တာပို့တဲ့အကြောင်း ဗိုလ်ချုပ်ဂွမ်မော်က သူရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားပါတယ်။

“KIO ဗဟိုကော်မတီသည် မြန်မာအစိုးရအဆက်ဆက်ကို ကူညီထောက်ခံသည့် သူများကိုပင်လျှင် ရန်ဖက်အဖြစ် မသတ်မှတ်ခဲ့ပါ။ ယခု A Nang Pa သို့လာရောက်သော ပြည်သူများ ဒေသခံများကို စကစမှ ရန်သူသဖွယ်ပြုမူခဲ့ပြီ ဖြစ်သည်။ အားလုံးရဲ့ ဝမ်းနည်းကြေကွဲမှုနဲ့ မျက်ရည်တွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ရင်းနှီးမှုတွေ ဖြစ်လာမှာပါ” ဆိုတဲ့ စာကို ဗှိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆီ လိပ်မူပြီး ဗိုလ်ချုပ်ဂွမ်မော်က ရေးသားခဲ့တာပါ။

စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုအတွင်း ကိုဆွတ်ရိန် တစ်ယောက် အသက်ရှင် လွတ်မြောက်နိုင်ခဲ့ပေမယ့် ပွဲအတွင်း ကျန်ခဲ့တဲ့ သူရဲ့သူငယ်ချင်းဖြစ်သူကို မီးလောင်နေတဲ့ အိမ်တိုင်တွေကြား သွားရောက် ရှာဖွေပါတယ်။

ကိုဆွတ်ရိန် မျှော်လင့်ထားသလိုတော့ ဖြစ်မလာခဲ့ပါဘူး။ နောက်နေ့မနက်(၄)နာရီလောက်မှာတော့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို သယ်ဆောင်နေတဲ့အချိန် သူငယ်ချင်းဖြစ်သူရဲ့ ရုပ်အလောင်းကို ဒဏ်ရာဒဏ်ချက်တွေနဲ့ သေဆုံးနေရက်သား တွေ့မိခဲ့ပါတယ်။

သတင်းဖြေကြားသူ၏ လုံခြုံရေးကြောင့် ကိုဆွတ်ရိန်ဟု နာမည်ပြောင်းလဲအသုံးပြုထားပါသည်။

Most read this week

May 17, 2024
ပူတာအိုဒေသမှာ ဆန်တစ်ပုံး(၈ ပြည်) ကို ကျပ်တစ်သိန်း နဲ့ ဓာတ်ဆီ တစ်ပုလင်းကို ၇၀,၀၀၀ ကျပ် အထိ...
May 16, 2024
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ကျောင်းဖွင့်လှစ်နိုင်ရေး...
May 16, 2024
ပညာသင်ယူမှုပြီးမြောက်လျှင် လူ့အသက်များကို ကယ်တင်ရင်း အမျိုးသားရေးပခုံးပြောင်းတာဝန်များကို...
May 15, 2024
မြစ်ကြီးနားအကျဉ်းထောင်နဲ့ မိတ္ထီလာအကျဉ်းထောင်က အကျဉ်းသားတွေအနေနဲ့ ရေကိုဝယ်ယူသုံးစွဲရနေရသလို...