နိုင်ငံရေးမတည်ငြိမ်မှုကိုအကြောင်းပြပြီး ဓားမြတိုက်ခံနေရတဲ့ တမူးမြို့ပေါ်က ဂေါ်ရခါးလူမျိုးနဲ့ချင်းလူမျိုးနေအိမ်များ

နိုင်ငံရေးမတည်ငြိမ်မှုကိုအကြောင်းပြပြီး ဓားမြတိုက်ခံနေရတဲ့ တမူးမြို့ပေါ်က ဂေါ်ရခါးလူမျိုးနဲ့ချင်းလူမျိုးနေအိမ်များ

Salai Kabaw — “ကျွန်မတို့ဒီမှာနေရတာ လုံးဝ မလွတ်လပ်ဘူး မလုံခြုံဘူး ၊ ဓားမြတိုက်တဲ့ သူတွေပါးစပ်က ဂေါ်ရခါးအိမ်နဲ့ ချင်းတွေနေတဲ့အိမ်တွေကို အဓိကထားပြီးတော့တိုက်မှာ အခုတော့ ရှိသမျှရွှေတွေကို ယူသွားမယ် ၊ နောက်တစ်ခေါက်ပြန်လာရင် သိန်း(၁၅၀)အဆင်သင့်လုပ်ထားပေးပါလို့ ခြိမ်းခြောက်ပြီး ပြောသွားတာ”

ဒီစကားကိုတော့ တမူးမြို့မှာ ဩဂုတ်လ(၂၉)ရက်နေ့က ဂေါ်ရခါးတွေနေထိုင်တဲ့ လူနေအိမ်(၂)လုံးကို လက်နက်တွေ ကိုင်ဆောင်ထားတဲ့ လူတစ်စုက ဓားမြတိုက်ခဲ့တာဖြစ်ပြီး ၊ နေအိမ်အတွင်းက ရွှေ ၊ငွေ ၊တွေအပြင် စားစရာ ဆန် ၊ဆီ၊ဆားတို့ကိုလဲ အကုန်ဓားမြတိုက်သွားကြပြီး နယ်မြေတည်ငြိမ်အေးချမ်း မှုမရှိတဲ့အတွက် ဉပဒေအရအကာအကွယ်လိုနေတဲ့ တမူးဒေသခံ ဂေါ်ရခါးလူမျိုးတစ်ယောက်က အခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့မှာ မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုတွေကို အကြောင်းပြပြီး ညဘက် လူခြေသိပ်ချိန်သာမက နေ့ခင်းဖက်မှာလဲ ပေါ်ပေါ်တင်တင် လက်နက်ကိုင်ဆောင်ထား သူတွေကအုပ်စုဖွဲ့ လုယက် ၊ ခိုးယူ မှုတွေကို ပေါ်ပေါ်တင်တင်လုပ်ဆောင်နေကြတာဖြစ်ပါတယ်။ အခုလို လုပ်ဆောင်ရာမှာလဲ လူနည်းစုတွေနေတဲ့ ဂေါ်ရခါးလူမျိုးနဲ့ချင်းလူမျိုးတွေနေထိုင်တဲ့ နေအိမ်ကို ပစ်မှတ်ထား ပြီးတော့ ဉပဒေမဲ့လုပ်ရပ်တွေ ပေါ်တင်လုပ်ဆောင်နေကြတာဖြစ်ပါတယ်။

လက်နက်ကိုင် အုပ်စုဖွဲ့ဓားမြတိုက်မှု၊လုယက်မှုစတဲ့ပြစ်မှုတွေကျူးလွန်နေတဲ့ နေရာတွေဟာ တမူးမြို့ မြို့မ-၁၂(ခ)ရပ်ကွက် ဒေသအခေါ် နန်းဖာလုံရပ်ကွက်အတွင်းအဖြစ်များပြီး အဆိုပါနေရာအနားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားတွေ၊ ပြည်သူ့စစ်တွေနဲ့ ပျူစောထီးတွေအဓိက လုံခြုံရေးယူထားတဲ့နေရာတွေပဲဖြစ်နေပါတယ်။

“ငွေကြေးတက်နိုင်တဲ့ ဂေါ်ရခါးလူမျိုးအများစုတော့ အာဏာစသိမ်းပြီးကတည်းက သူတို့ မိဘတွေနေတဲ့ ရွာတွေမှာ အိမ်ပြောင်းနေထိုင်ကြပြီးတော့ ၊ အနည်းစုတော့ တမူးမြို့ပေါ်မှာပဲနေကြတယ် နေတော့မနေရဲဘူးပေါ့ ၊ ဘယ်ကိုပြောင်းရမယ်မှန်းမှမသိလို့ဆက်နေရတာ”လို့ ဒေသခံဂေါ်ရခါးလူမျိုး တစ်ယောက်ကပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့မှာ ချင်းလူမျိုး (၅၄၀၀၀)ကျော်နေထိုင်ပြီး၊ လူဦးရေအများဆုံး နေထိုင်တဲ့ ဗမာလူမျိုး (၅၇၀၀၀)ကျော်ထက် (၃)ရာခိုင်နှုန်းခန့် နည်းနေပြီး ဂေါ်ရခါးလူမျိုးအပါအဝင် ကျန်လူမျိုးနေထိုင်သူမှာ (၇)ရာခိုင်နှုန်းသာရှိပါတယ်။ အခုလို လက်နက်ကိုင်တွေက လူနည်းစုဖြစ်တဲ့ ဂေါ်ရခါးလူမျိုးနဲ့ ချင်းလူမျိုးတွေကို ရည်ရွယ်ချက်ရှိရှိ ဓားမြတိုက်တာနဲ့ပတ်သက်လို့ တမူးမြို့မရဲစခန်းကို ဖုန်းဆက်အကြောင်းကြားပေမယ့် တစ်စုံတစ်ရာ တုံ့ပြန်မှုမပြုသလို လုံခြုံရေးကို အကြောင်းပြပြီး အရေးယူဆောင်ရွက်တာမရှိဘူးလို့ တုံ့ပြန်ပြောဆိုတယ်လို့ သူကဆက်ပြောပါတယ်။

“ ဓားမြတိုက်တာနဲ့ပတ်သက်လို့ ရဲစခန်းကိုတိုင်တာပေါ့ ၊ အခုလောလောဆယ် နိုင်ငံကိုအုပ်ချုပ်နေတာက စစ်တပ်ကမဟုတ်ဘူးလာ၊ ဘာလို့ဒါတွေမဖြေရှင်းပေးတာလဲလို့ပြောတော့ မလာရဲတဲ့အကြောင်းကိုပဲပြတယ် ၊ နောက်ပြီးတော့ ဒီကိစ္စကိုဖြေရှင်းပေးမယ်လို့လဲ မပြောဘူး”လို့ ပြောပါတယ်။

တမူးမြို့ပေါ်က ဒေသခံတစ်ယောက်က ပြည်သူ့စစ်အဖွဲ့ဝင်တွေနဲ့ ပျူစောထီးများဟာ နိုင်ငံရေးမတည်ငြိမ်မှုတွေကို အကြောင်းပြပြီး ည(၇)နာရီအချိန်ခန့်ကစပြီး ကင်းလှည့်ကာ လုံခြုံရေးတာဝန်ကို ဆောင်ရွက်နေပေမယ့်၊ ဓားမြတိုက်ခံရတဲ့ဖြစ်စဉ်တွေနဲ့ ဆက်စပ်မှုနိုင်တယ်လို့ သူရဲ့အမြင်ကိုအခုလိုပြောပါတယ်။

“ဓားမြတိုက်ခံရတဲ့ချိန်က ည(၈)နာရီလောက်မှာအဖြစ်များတာ ၊ အဲ့အချိန်ဘယ်သူကမှ အပြင်မထွက်ရဲဘူး ၊ ကိုယ့်ခြံဝန်းထဲ ဂိမ်းဆော့နေတဲ့ကလေးကိုတောင် သူတို့(ပျူစောထီး ၊ ပြည်သူ့စစ်) ပစ်နေတာဘဲ ၊ ဓားမြတိုက်တဲ့သူတွေကိုင်တဲ့သေနတ်တွေကျပြန်တော့ လက်လုပ်သေနတ်တွေ ဖြစ်နေပြန်တယ် ဘယ်သူကအဲ့လောက်အတင့်ရဲမှာလဲဗျ ၊ အုပ်စုလိုက်ဓားမြတိုက်တဲ့သူတွေကို ကင်းလှည့်တဲ့အဖွဲ့က မမြင်ဘူးဆိုတာလဲ မဖြစ်နိုင်ဘူး ၊ သူတို့( ပျူစောထီးနဲ့ ၊ ပြည်သူ့စစ်အဖွဲ့)ကို မင်္သကာဘူး”လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

အခုလို နိုင်ငံရေးမတည်ငြိမ်မှုတွေကိုအကြောင်းပြပြီး လက်နက်ကိုင် ခိုးဆိုးလုယက်မှုတွေ ကျူးလွန်နေတဲ့ နေရာအနီးမှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နဲ့ ပျူစောထီးအဖွဲ့ဝင် တပ်စွဲထားတဲ့ နေရာအနားမှာ ဖြစ်လေ့ရှိပြီး တမူးဒေသခံတွေကတော့ အဆိုပါ ဉပဒေမဲ့လုပ်ရပ်တွေ လုပ်ဆောင်နေတဲ့သူတွေဟာ ပျူစောထီးအဖွဲ့ဝင်တွေဖြစ်တယ်လို့ ဆိုကြပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF Tamuက လုပ်ဆောင်တာ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

“ အခုချိန်လက်နက်ကို ပေါ်တင်ကိုင်နိုင်တာ ၊ ကိုင်ရဲတာဆိုလို့ ပြည်သူ့စစ်တွေနဲ့ ပျူစောထီးတွေပဲရှိမှာ ၊ လူငယ်တွေ (PDF)တွေက အဲ့ဖက်ကိုမသွားရဲဘူး ၊ သွားရလောက်အောင်လဲ အဲ့လောက်မမိုက်မဲလောက်ဘူး”လို့ တမူးဒေသခံတစ်ယောက်ကပြောပါတယ်။

အခုလို ဒုစရိုက်မှုတွေ ကျူးလွန်တယ်လို့ ဒေသခံတွေပြောဆိုတဲ့ ပျူစောထီးအဖွဲ့ဝင်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဇူလိုင်လ (၂၆)ရက်နေ့ နေပြည်တော်ရုံးအမှတ်(၇)မှာ ကျင်းပတဲ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ (၁၀)ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲမှာအခုလိုပြောပါတယ်။

“ပျူစောထီးဆိုတဲ့ အသုံးအနှုန်းဟာ ၂၀၂၁ခုနှစ်ဖေဖော်ဝါရီလကုန်ခါနီး နွေရောက်လုဆဲဆဲ ဆောင်းအကုန် နွေအကူးကစပြီး အရူးထခြင်းတစ်မျိုးသာဖြစ်ကြောင်း ၊ ပျူစောထီးနဲ့ပတ်သက်ပြီးအစိုးရအနေနဲ့ကော တပ်မတော်အနေနဲ့ပါ ဒီမိုကရေစီအရေခြုံအာဏာရှင်စနစ်တည်ထောင်ဖို့ ခါးပိုက်ဆောင်တပ် ပျူစောထီးကိုဖွဲ့ခဲ့ တာလဲ မရှိဘူး ၊ ပျူစောထီးဆိုတဲ့ အသုံးအနှုန်းကိုမရှိခဲ့ဘူး” လို့ပြောပါတယ်။

တမူးမြို့က ဓားမြတိုက်ခံနေရတဲ့ ဂေါ်ရခါးလူမျိုးအိမ် ေတွ တစ်ရက်ပြီးတစ်ရက်ပိုမိုများပြားလာပေမယ့် တမူးမြို့က အာဏာပိုင်တွေကတော့ ယခုအချိန်အထိ ဓားမြတိုက်မှုမှာပါဝင်နေသူတွေကို ဖမ်းဆီးအရေးယူတာတွေ လုပ်ဆောင်မှုမရှိဘူးသေးဘူးလို့ဒေသခံတွေကပြောပါတယ်။

အခုလို ခိုးဆိုးလုယက်မှုတွေနဲ့ပတ်သက်လို့ တမူးဒေသခုခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စက်တင်ဘာလ (၇)ရက်နေ့ကထုတ်ပြန်ချက်မှာ တမူးမြို့နယ် နန်းဖာလုံရပ်ကွက်မှာနေတဲ့ပြည်သူတွေနဲ့ တမူး-အောင်ဇေယျ ကားလမ်းပိုင်းတွေမှာ ဓားမြတိုက်လုယက်နေတဲ့ ဓားမြဂိုဏ်းဝင်တစ်ယောက်ကို ဖမ်းဆီးရမိပြီး ကွင်းဆက်တရားခံတွေကိုအတိအကျ သိရှိထားပြီး အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် လုပ်ဆောင်နေတယ်လို့ ဖော်ပြထားပေမယ့် အခုချိန်ထိတော့ ကျန်ကွင်းဆက်တရားခံတွေကို စုံစမ်းဖော်ထုတ်ပြီး ဖမ်းဆီးရမိတဲ့သတင်း တွေကိုတော့ ထုတ်ပြန်ထားတာတော့မရှိသေးပါဘူး။

တမူးဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဓားမြမှုတွေမှာ ပါဝင်ပတ်သက်နေသူတွေကို ဖမ်းဆီးနေတဲ့အပြင် စက်တင်ဘာလ(၅)ရက်နေ့တုန်းကလဲ တမူးမြို့ ဇမျူရတနာကျောင်းအနားမှာ ဩဂုတ်လ(၃၀)ရက်နေ့က ပဒေတာ စားသောက်အနားက အိမ်ဆိုင်တစ်ဆိုင်ကို သေနတ်ဖောက်ပြီး ဓားမြတိုက်တုန်းက ပါသွားတဲ့ဆိုင်ကယ်(၂)စီးနဲ့ အတူ လူငယ်(၅)ယောက်ကိုဖမ်းဆီးခဲ့ကြပြီး ရဲစခန်းကို အပ်ကြတယ်လို့ တမူးဒေသတွင်း မီဒီယာတွေက ဖော်ပြထားပါတယ်။

အခုလိုဂေါ်ရခါးလူငယ်တွေက ဓားမြတိုက်တုန်းမှုတွေမှာ ပါဝင်တဲ့သူတွေကို ဖမ်းဆီးပြီး ရဲလက်အပ် ပေမယ့် ဒေသခံပြည်သူတွေကတော့ ဓားမြမှုမှာပါဝင်သူတွေဟာ ဗျူစောထီးအဖွဲ့ဝင်တွေ ဖြစ်နိုင်ပြီး သူတို့ကိုမကြာခင်ပြန်လွှတ်ပေးမှာဖြစ်ပြီး မကြာခင်ဓားမြတိုက်တာတွေ ပြန်လုပ်လာနိုင်တယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။

“သူခိုးဖမ်းလဲ ပြန်လွတ်လွတ်ပေးနေတာပဲ ၊ ရပ်ကွက်ထဲ ဆိုင်ကယ်ခိုးတာမိလို့ ရဲလက်ထဲအပ်တာ ၊ သင်္ချိုင်းရောက်တော့ပြန်လွှတ်ပေးတယ်၊ အဲ့ကောင်အခုပြန်သောင်းကျန်းနေတာပဲ”လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

တမူးမြို့မှာ မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုတွေကိုအကြောင်းပြပြီး ခိုး ၊ဆိုး၊ လုယက်၊ ဓားမြတိုက်ခံရတဲ့ အိမ်ခြေအရေအတွက်ဟာ (၁၀)အိမ်ကျော်အထိရှိလာပြီး အခုလိုဓားမြတိုက်ခံရတာတဲ့ အိမ်တွေဟာ ဂေါ်ရခါးလူမျိုးနဲ့ ချင်းလူမျိုးတွေနေထိုင်တဲ့ အိမ်တွေဖြစ်ကြပြီးတော့ ဓားမြတိုက်မှုကိုကျူးလွန်နေသူတွေဟာ အိမ်ထဲမှာရှိတဲ့ ပစ္စည်း ဉစ္စာကိုသာမက လူ့အသက်ကိုပါ ခြိမ်းခြောက်တဲ့အတွက်ကြောင့် သက်ဆိုင်ရာ အာဏာပိုင်တွေက ထိရောက်တဲ့ အရေးယူမှုတွေကို အမြန်ဆုံးဆောင်ရွက်ရန် အရေးတကြီးလိုအပ်သလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့လဲ ဖမ်းဆီးမိထားတဲ့ ဓားမြတိုက်မှုမှာပါဝင်သူနဲ့ဆက်စပ်တရားခံတွေကို အမြန်ဆုံးဖမ်းဆီးပြီး အပြစ်ပေးအရေးယူရန်လိုအပ်ပါတယ်။

Most read this week

May 3, 2024
စစ်ကိုင်းတိုင်း ကလေးမြို့ မြောက်ပိုင်း ကလေး - လက်ပံချောင်း လမ်းမဘေးမှာတည်ရှိတဲ့...
April 29, 2024
မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီ(၂၆)ရက်နေ့ တစ်ရက်အတွင်း အထောက်အထားမဲ့ ရွေ့ပြောင်းအလုပ်သမား ၂...
April 26, 2024
ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ် (၂)က ဝမ္မသူးဆေးရုံကို ယမန်နေ့ည ဧပြီလ(၂၅) ရက်နေ့ ...