သြဂတ်စ်လ ၁၈ ရက်နေ့ သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့ နယ် ၊ လဲချားမြို့နယ်နှင့် ပင်လုံမြို့ ဒေသခံများနှင့် သွားရောက်တွေ့ဆုံရာမှုတွင် သျှမ်းပြည်နယ် ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S ဥက္ကဌ ဗိုလ်ချုပ်သန်းလှိုင်၊ ဒုတိယ ဥက္ကဌ ဦးဝင်းတင်၊ အဖွဲ့ဝင် ရဲမှူးချုပ်အောင်အောင် ၊ အတွင်းရေးမှူး ၁ ခွန်ထွန်းတင် (PNLO) စသည့် ပုဂ္ဂိုလ်များ ပါ၀င်သော်လည်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ကိုယ်စားလှယ်များမပါရှိပေ။
နီးကပ်စွာဖိတ်ကြားလာသဖြင့် ပြင်ဆင်ချိန်မရလိုက်ဟုဆိုကာ RCSS မှပူးပေါင်းပါ၀င်ခြင်းမရှိခဲ့ရကြောင်း သိရသည်။
RCSS/SSA ၏ တောင်ကြီးမြို့ ဆက်ဆံရေးရုံးမှအရာရှိ ဒုဗိုလ်မှူးကြီး စိုင်းဦးက " ကြိုတင်မသိထားရဘဲနဲ့ အချိန် နီးကပ်မှ ဖိတ်လာတဲ့ အတွက် ကျနော်တို့လူတွေက ကိုယ်စီအစည်းအဝေးတွေနဲ့မို့မလိုက်ဖြစ်တာပါ။ ဖိတ်စာမ ဟုတ်ပါဘူး ဖုန်းဆက်ဖိတ်လာတာပါ။ ကျနော်တို့အသင့်မဖြစ်လို့ ကျနော်တို့ အနေနဲ့ မလိုက်နိုင်တော့ဘူး လို့တခါတည်းဖြေပေး လိုက်ပါတယ်။ ကျနော်တို့မလိုက်ပေမယ့်လည်း သူတို့ကတော့လုပ်မှာ ဘဲ။ သွားမှာဘဲဆိုတဲ့ သဘော။ ဒီကိစ္စက ဘာဘဲဖြစ်ဖြစ်ပူးပေါင်းဆောင်ရွက်မှ အလုပ်ဖြစ်မှာပါ။ အကောင်းဆုံးက တော့ ကြိုတင်ဆွေးနွေးရင် ကြိုတင်ပြင်ဆင်လို့ရတာပေါ့ " ဟု ပြောသည်။
JMC-S ဥက္ကဌ ၊အရှေ့အလယ်ပိုင်းတိုင်းစစ်တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင် ဦးဆောင်သည့် JMC-S ကိုယ်စားလှယ် များ အဖွဲ့သည် သြဂတ်စ်လ ၁၇ ရက်က ပင်လုံမြို့ဒေသခံများနှင့်လည်းကောင်း၊ သြဂုတ်လ ၁၆ ရက်နေ့တွင် လဲချားနှင့် မိုင်းကိုင်ဒေသခံများအားလည်းကောင်း၊ ၁၈ ရက်နေ့တွင် နမ့်စန်ဒေသခံများ နှင့် လည်းကောင်း ဆက်တိုက်တွေ့ဆုံကာ ငြိမ်းချမ်းရေးဆိုင်ရာများ ရှင်းလင်းပြောကြားခဲ့သည်ဟု ဆိုသည်။
လွိုင်လင်မြို့နယ် ပြည်နယ်လွှတ်တော်အမတ် နန်းမြထွေးက " ဘယ် လက်နက်ကိုင်အဖွဲ့မဆို ဒေသခံလူထုအပေါ် လူ့အခွင့်အရေးကျူးလွန်လာရင် မကြောက်မရွံ့ဘဲနဲ့ တင်ပြပြောဆိုဖို့ လူထုတွေ့ဆုံရာမှာ သူတို့ရှင်းပြသွားတယ်။ ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာလူထုပါ၀င်ဖို့ လိုအပ်တယ်။ အဘက်ဘက်ကပါ၀င်မှ အောင်မြင်မယ်။ နှစ်ပေါင်း ရ၀ ကျော်ပြီ လူထုငြိမ်းချမ်းရေးမရသေးတာ။ အဲ့တာကြောင့်ငြိမ်းချမ်းရေး ရဖို့အားလုံး ပါ၀င်မှရမယ်လို့ကျမမြင်မိပါတယ်" ဟုပြောဆိုသည်။
ပြည်နယ်အဆင့် ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S ကို သျှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA မှကိုယ်စားလှယ်များ ၊ ပအို၀်းအမျိုးသားလွှတ်မြောက်ရေးအဖွဲ့ချုပ်မှကိုယ်စားလှယ်များ၊ လူထုကိုယ်စားလည်များပါ၀င်ဖွဲ့စည်းထားသည်။ JMC-S ရုံးကို လည်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် ခိုလမ်မြို့တွင် ယခုနှစ်မေလ ၃၀ ရက်နေ့က ဖွင့်လှစ်ခဲ့သည်။







