KNU ပြောခွင့်ရ ပဒိုစောတောနီးနှင့် မေးမြန်းချက်

KNU ပြောခွင့်ရ ပဒိုစောတောနီးနှင့် မေးမြန်းချက်

“တော်လှန်ရေးလုပ်တာက စစ်အာဏာရှင်ကို အမြစ်ပြတ်တိုက်တာတစ်ခုတည်း မဟုတ်ဘူး။ အမြစ်ပြတ်တိုက်ဖျက်ပြီးပြီဆိုတာနဲ့ တာဝန်က ကိုယ့်ဆီကို ရောက်လာမှာပဲ။ အဲ့အတွက် အုပ်ချုပ်ရေး ပိုင်းအတွက်ဖြစ်စေ၊ စီးပွားရေးအရဖြစ်စေ သံရေးတမန်ရေးနည်းလမ်းတွေအတွက် ဖြစ်စေ၊ စစ်ရေးအရဖြစ်စေ အကုန်လုံး ပြင်ဆင်ထားရမှာဖြစ်တယ်” ပဒိုစောတောနီး

မြန်မာ နိုင်ငံတွင် ပေါ်ပေါက်လာသည့် နွေဦးတော်လှန်ရေးတွင် လက်ရှိလက်နက်ကိုင်တော်လှန်ရေးအပေါ် ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာကြသလို တဖက်တွင် လက်နက်ကိုင် တော်လှန်ရေးသည်သာ တော်လှန်ရေး၏ အဆုံးသတ်နည်းလမ်းတစ်ခုအနေဖြင့် လက်တွေ့ ယူဆလာကြသူများလည်း ရှိသည်။

ထို့အတူ မြန်မာနိုင်ငံရှိ လူငယ်များအကြား အထူးသဖြင့် တော်လှန်ရေးတွင် လက်နက်ကိုင်ပါဝင်ကြသည့် လူငယ်များအနေဖြင့် တခြားသော လက်နက်ကိုင်မှုတွင် မပါဝင်ကြသည့် လူငယ်များအပေါ် ဝေဖန်ပြစ်တင် ပြောဆိုသည်များကိုလည်း မြင်တွေ့လာရသည်။

ထိုသို့ လက်နက်ကိုင်တော်လှန်မှုအပေါ် အရှိန်မြှင့် လုပ်ဆောင်လာခြင်းနှင့်ပတ်သက်ပြီး ဝါရင့် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး-KNU ၏ ပြောခွင့်ရ ပဒိုစောတောနီးနှင့် ဆက်သွယ်မေးမြန်းထားပါသည်။

မေး- လတ်တလော အများပြည်သူအကြားမှာ လက်ရှိ တော်လှန်ရေးအပေါ် လက်နက်ကိုင်တဲ့ နည်းလမ်းနဲ့ပဲ သွားဖို့ အမြင်သဘောထားတွေ ဝေဖန်မှုတွေရှိနေတဲ့အပေါ်မှာ လက်ရှိ တော်လှန်ရေးရဲ့ အဆုံးသတ်ပန်းတိုင် ရောက်ဖို့က လက်နက်ကိုင်တဲ့ နည်းလမ်းတစ်ခုတည်းနဲ့ လုံလောက်လား။

ဖြေ – လက်နက်ကိုင်တိုက်ပွဲတော့ လုပ်ရမှာပဲ။ တစ်ခု ရှိတာက လက်နက်ကိုင် တိုက်ပွဲတစ်ခုတည်းနဲ့တော့ အာဏာရှင်ကို မဖြုတ်ချနိုင်ဘူး။ အခြားကျန်ရှိတဲ့ နည်းလမ်းတွေလည်း ပါဝင်ရမှာပေါ့။ သံတမန်နည်းလမ်းတွေ အရ ဖြစ်စေ၊ နိုင်ငံရေး နည်းလမ်းတွေအရ ဖြစ်စေ၊ အုပ်ချုပ်ရေး နည်းလမ်းတွေအရ ဖြစ်စေ စီးပွားရေး ပိတ်ဆို့ အရေးယူတာတွေဖြစ်စေ ဒါတွေကို တစ်ပြိုင်နက်လုပ်ဆောင်ရမှာဖြစ်တယ်။

မေး- စစ်ရေးနည်းလမ်းအပြင် အဲ့ဒီ သံတမန်နည်းလမ်းတွေ၊ နိုင်ငံရေးနဲ့ စီးပွားရေး ပိတ်ဆို့မှုနည်းလမ်းတွေ အုပ်ချုပ်ရေးနည်းလမ်းတွေကကော ဘယ်လောက် အရေးကြီးတာလဲ။

ဖြေ-အဲ့ဒါတွေက အရေးအကြီးဆုံပါပဲ။ စစ်အာဏာသိမ်းပြီးတဲ့နောက် ပြန်ကြည့်ရင် သံတမန်နည်းလမ်းတွေအရ သူတို့ကို သူတို့ အရမ်းအထင်ကြီးပုံရတယ်။ သူများတွေ တားတဲ့ကြားကကို အာဏာသိမ်းမှုကို လုပ်လိုက်တာ။ ဒါပေမဲ့ နောက်ပိုင်းမှာ အာဆီယံ အဆင့်မှာပဲဖြစ်ဖြစ် ကုလသမဂ္ဂ အဆင့်မှာပဲဖြစ်ဖြစ် သူတို့ ကိုယ်စားလှယ် တောင် သူများ လက်မခံတော့ဘူး။ အစည်းအဝေး သွားတက်ဖို့လည်း နေရာမရှိတော့ဘူး။ အဲ့ဒါတွေက သံတမန် နည်းလမ်းတွေအရ ကျနော်တို့ တိုက်ပွဲဝင်ခဲ့တဲ့ ရလဒ်တွေပဲဖြစ်တယ်။ တစ်နှစ်ပတ်လုံးမှာ ကျနော်တို့ ကြိုးစားပြီး NUCC ဖြစ်စေ၊ NUG ဖြစ်စေ ကိုယ်စားပြုပြီး UNမှာ သွားထိုင်နေတဲ့သူရှိနေပြီးဖြစ်တယ်။ ဒီနှစ်ထဲမှာလည်း ကျနော်တို့ ထပ်ကြိုးစားရမှာက နောက်ထပ် နှစ်သစ်အတွက်လည်း ဦးကျော်မိုးထွန်းသည် ကျနော်တို့ တော်လှန်ရေး အဖွဲ့အစည်းအားလုံးကို ကိုယ်စားပြုနိုင်ဖို့က ကျနော်တို့ ကြိုးစားနေတုန်းပဲ ဖြစ်တယ်။ ဒါတွေသာ မရှိဘူးဆိုရင် လက်နက်နဲ့တိုက်ပြီး အာဏာရသွားရင်တောင် ကျနော်တို့ ကရင်တွေ တိုက်လာခဲ့တာကြာပြီး ဘယ်သူမှအသိအမှတ်ပြုမှု မပေးခဲ့ဘူးဆိုတာ ကိုယ့်ကိုကို အသိဆုံးပဲ။ အဲ့ဒါကြောင့် ဒါတွေက အရေးကြီးဆုံးပဲ ဖြစ်တယ်။

မေး- လက်ရှိ တော်လှန်ရေးကို ဦးဆောင်နေတဲ့ Stakeholder တွေအနေနဲ့က နိုင်ငံတကာနဲ့ကော၊ အာဆီယံနဲ့ကော သံတမန်ရေးနည်းလမ်းတွေအရ ဘယ်လို ချဉ်းကပ်လုပ်ဆောင်မှုတွေ ရှိနေလဲ။

ဖြေ-ကျနော်တို့အနေနဲ့ ဒီစစ်ကောင်စီကို နိုင်ငံတကာ ကိုယ်စားလှယ်တွေ အနေနဲ့ တက်ရောက်ခွင့်မရအောင် ကြိုးစားလုပ်ဆောင်ခဲ့ပြီးပြီဖြစ်တယ်။ နိုင်ငံတကာ တိုင်းပြည်တွေကတော့ အပြုသဘောဆောင်တဲ့ တွေ့ဆုံ ညှိနှိုင်းရေး လုပ်ငန်းစဉ်တွေနဲ့ သွားဖို့ ဆန္ဒတွေရှိနေခဲ့ပေမယ့် တဖက်မှာက စစ်ကောင်စီတွေက ဒီလိုသွားဖို့ နိုင်ငံတကာက တိုက်တွန်းပေမယ့်လည်း သူတို့ သဘောထားက ဘာမှ မပြောင်းလဲသွားတဲ့အပေါ်မှာ အချိန်ကြာ လာတာနဲ့အမျှ ပိုမိုသတ်ဖြတ် ကြမ်းတမ်းလာတယ်။ တိုက်ပွဲ အတွင်းမှာဖြစ်စေ၊ ရွာထဲမှာဖြစ်စေ၊ ပိုဆိုးတာက ထောင်ထဲမှာ အကျဉ်းကျခံထားရတဲ့သူတွေကိုပါ တရားဥပဒေကြောင်းအရ ဆိုပြီး စီရင်ချက်ချ သတ်ဖြတ်လာတာ တစ်ယောက်၊ နှစ်ယောက်မက နောက်ထပ် ဆယ်နဲ့ချီ ရာနဲ့ချီပြီးလုပ်ဖို့ ရှိလာတဲ့အတွက် ကျနော်တို့ကြိုးပမ်းနေတဲ့ သံတမန်နည်းလမ်းတွေအရ အခုဆိုရင် အာဆီယံထဲမှာဖြစ် UN ထဲမှာဖြစ်စေ ပိုမိုလက်ခံ လာပုံပေါ်တယ်။

အာဆီယံထဲမှာလည်း ကျနော်တို့ကို ထောက်ခံတဲ့သူ ရှိသလို မထောက်ခံတဲ့ အဖွဲ့လည်း ရှိနိုင်ပေမယ့် အခု တွေ့ဆုံ ညှိနှိုင်းတဲ့ နည်းလမ်းကိုသွားလိုတဲ့ သူတွေလည်း နည်းပါးလာတယ်။ ဘာဖြစ်လဲဆိုတော့ စစ်ကောင်စီအနေနဲ့က ဘာကိုမှ နားမထောင်ဘဲ စိတ်ထင်တိုင်း လိုက်လုပ်နေတာတွေက ပိုပိုပေါ်လာတဲ့အပေါ်မှာ ကျနော်တို့ ကြိုးပမ်း လုပ်ဆောင်နေတဲ့ နိုင်ငံရေးအရဖြစ်စေ၊ စီးပွားရေးပိတ်ဆို့ အရေးယူမှုအရ ဖြစ်စေ သံတမန်နည်းလမ်းတွေ အရ ဖြစ်စေ စစ်ရေးနည်းလမ်းအရ ဖြစ်စေ အခု စစ်ရေးအရဆိုရင်လည်း ကန့်ကွက်မယ့်သူက ရှိတောင်မရှိတော့ဘူး လို့ ပြောနိုင်တယ်။ အဲ့အတွက် သူတို့အနေနဲ့ ဘယ်လို ကူညီထောက်ပံ့ပေးနိုင်မလဲဆိုတာကိုပဲ ကျနော်တို့ နောက် တစ်ဆင့် ကြိုးပမ်းရတော့မယ့်အချိန်ဖြစ်တယ်။

မေး- လက်ရှိ တော်လှန်ရေးထဲမှာ လက်နက်ကိုင်ပါဝင်နေတဲ့သူတွေ အထူးသဖြင့် လူငယ်တွေက လက်နက်ကိုင်မှ တော်လှန်ရေးထဲ ပါဝင်တယ်ဆိုတဲ့ အမြင်မျိုးတွေ တချို့ရှိကြတယ်။ လက်နက်မကိုင်ချင်ကြတဲ့ တခြားသော သူတွေ လူငယ်တွေအနေနဲ့ကော တော်လှန်ရေးထဲမှာ ဘယ်လို နည်းလမ်းတွေနဲ့ ပါဝင်နိုင်လဲ။

ဖြေ-တော်လှန်ရေးဆိုတာက သေနတ်ကိုင်ပြီး ရန်သူကို ပစ်သတ်ရုံနဲ့ တော်လှန်ရေး လုပ်တယ်လို့ မခေါ်ဘူး။ တိုက်ပွဲ အရှိန်မြှင့်လာနိုင်ဖို့အတွက် ကိုယ်နဲ့ လက်တွဲပြီး ထောက်ပံ့ကူညီပေးရမည့် နည်းလမ်းတွေ လည်း ရှိသေးတယ်။ ခုနက ပြောသလိုပဲ လက်နက်ကိုင်တော်လှန်ရုံနဲ့ မပြီးဘူး။ ဒီကိစ္စကြီး အားကောင်းဖို့နဲ့ ပြီးဆုံးဖို့က သံတမန်နည်းလမ်းတွေအရဆိုရင် သံရေးတမန်ရေးနားလည်တဲ့ လူငယ်တွေအများကြီး လိုအပ်တယ်။ ကျနော်တို့မှာ လူတွေအများကြီး မရှိဘူး။ အဲ့တော့ ကျနော်တို့ လူငယ်တွေ အများကြီးလိုအပ်နေတယ်။

ဒီ သံတမန်နည်းလမ်းတွေ နဲ့ ကျနော်တို့လို အဖိနှိပ်ခံလူမျိုးတွေအတွက် လွတ်မြောက်နိုင်ဖို့နဲ့ ဒီနည်းလမ်းတွေကလည်း လက်နက်ကိုင်တော်လှန်ရေးကို အားကောင်းစေမှာဖြစ်တယ်။ ဒါတွေ မရှိရင် လက်နက်ကိုင်တော်လှန်ရေးကို ဘာကြောင့်လုပ်နေရလဲဆိုတာ နှစ်ရာနဲ့ချီပြီး လုပ်နေလည်း ဘယ်သူမှ သိမှာမဟုတ်ဘူး။ အဲ့အတွက် သံတမန်နည်းလမ်းတွေကလည်း လိုအပ်တယ်။ နောက်ပြီး အထူးသဖြင့် Campaign စည်းရုံးလှုံ့ဆော်တဲ့ နည်းလမ်းနဲ့ လုပ်ဆောင်နိုင်တဲ့သူတွေကလည်း Advocacy နည်းလမ်းတွေကို အရမ်းတတ်ကြတယ်။ အဲ့တော့ လက်နက်မကိုင်တဲ့ လူငယ်တွေမှာ ဒီလက်နက်ကိုင်တော်လှန်ရေးကို အားကောင်းစေဖို့အတွက် သူတို့ရဲ့ လုပ်ဆောင်နိုင်စွမ်းကို အထင်သေးလို့ မရသလို သူတို့ ကဏ္ဍနဲ့ သူတို့ လုပ်ဆောင်နိုင်တာတွေ အများကြီးရှိတယ်။ နိုင်ငံရေး နားလည်တဲ့ သူတွေကလည်း လူထုတွေ ရှေ့မှာ ရပ်ပြီး ပြောဆိုနိုင်တဲ့ သူတွေဖြစ်တဲ့အတွက် ဒါကလည်း အရေးကြီးပြီး လုပ်ဆောင်ရမဲ့ ကဏ္ဍမှာ ပါဝင်နေတယ်။

မေး- နောက်ပြီး ဒီတော်လှန်ရေး ကာလအပြင် တော်လှန်ရေး ကာလအလွန်မှာ ပြန်လည်ထူထောင်းရေးအတွက် လူငယ်တွေ အနေနဲ့ ဘာတွေ ပြင်ဆင်ထားသင့်လဲ၊ လက်ရှိ တော်လှန်ရေး ဦးဆောင်သူတွေအနေနဲ့ကော ဘာတွေ စဉ်းစားလုပ်ဆောင်ချက်တွေ ရှိနေပြီးလဲ။

ဖြေ-အရေးကြီးဆုံးက တော်လှန်ရေးအောင်မြင်ဖို့ တစ်ခုတည်း မဟုတ်ဘူး။ ကျနော်တို့ တော်လှန်ရေးလုပ်တာက စစ်အာဏာရှင်ကို အမြစ်ပြတ်တိုက်တာတစ်ခုတည်း မဟုတ်ဘူး။ အမြစ်ပြတ်တိုက်ဖျက်ပြီးပြီဆိုတာနဲ့ တာဝန်က ကိုယ့်ဆီကို ရောက်လာမှာပဲ။ အဲ့အတွက် အုပ်ချုပ်ရေးပိုင်းအတွက် ဖြစ်စေ၊ စီးပွားရေးအရဖြစ်စေ သံရေး တမန်ရေးနည်းလမ်းတွေအတွက် ဖြစ်စေ၊ စစ်ရေးအရဖြစ်စေ အကုန်လုံး ပြင်ဆင်ထားရမှာ ဖြစ်တယ်။

အုပ်ချုပ်ရေး မစခင်ကတည်းက လူတွေက ကိုယ့်ကို စောင့်ကြည့်နေကြပြီ။ ဒီလူတွေက တိုင်းပြည်မှာ တာဝန်ရ ယူတဲ့အခါမှာ ဘယ်လောက်အထိ အပြည့်အဝ ကိုင်တွယ်နိုင်လဲဆိုတာကို နိုင်ငံတကာတွေက အကူအညီပေးတဲ့ နေရာမှာ ဒါကိုအရေးကြီးဆုံးကြည့်တာပဲ။ တစ်ကမ္ဘာလုံးက အကူအညီရရှိဖို့ ဆိုတာက ကိုယ်က ဘယ်လောက် အထိ ကိုင်တွယ်နိုင်လဲ ဆိုတဲ့အပေါ်မှာ ပြီးတော့ တိုင်းပြည်ကို ပြန်လည် ထူထောင်တဲ့ အနေရာမှာ ထူထောင်နိုင် တဲ့ အရည်အချင်း ရှိမရှိအပေါ်မှာ သူတို့က အမြဲစောင့်ကြည့်နေတာပဲ။ အဲ့ဒါကြောင့် ဒါကို ဘယ်အချိန်မှ လုပ်မ လဲ ဆိုတာက ဒီတော်လှန်တဲ့ ကာလမှာ သူ့ကဏ္ဍ နဲ့ သူ ပါဝင်တော်လှန်ရင်း တချိန်တည်းမှာ ကိုယ့်အရည်အချင်း တွေ မြှင့်တင်ပြီး လေ့လာသင်ယူမှုတွေကို လုပ်ဆောင်သွားရမှာဖြစ်တယ်။ ဆိုလိုတာက ဘေးမှာထိုင်ပြီး အဆိုးမြင် ဝေဖန်နေရုံနဲ့ ဘာမှအလုပ်ဖြစ်နေမှာမဟုတ်ဘူး။ အဲ့တော့ ပြောချင်တာက လူငယ်တွေအနေနဲ့ တဖက် မှာ ကိုယ်ဝေဖန်ခွင့်ရှိသလို တဖက်မှာကလည်း ကိုယ်တိုင်တော်လှန်ရေးမှာ ပါဝင်ဖို့လိုတယ်။

နောက်တစ်ခုက စစ်အာဏာရှင်တွေက အကြမ်းဖက်တဲ့ လုပ်ရပ်တွေ လုပ်ဆောင်လာတဲ့အပေါ်မှာ လူငယ်တွေက မခံမရပ်နိုင်ဖြစ်လာပြီး စိတ်နာကျည်းချက်တွေနဲ့ လုပ်ချင်လာကြတယ်။ ဒါတွေက သတိထားရမယ့်အချက်ဖြစ် တယ်။ နိုင်ငံတကာ ဥပဒေနဲ့အညီ လုပ်ဆောင်ဖို့ ဆိုတာက ပေါက်တပ်ကရ မလုပ်အောင် ဥပဒေတွေကို ထုတ် ထားတာဖြစ်တယ်။ တကယ်လို့ အချုပ်အခြားအာဏာကိုယ့်လက်ထဲ တစ်နေ့ ရောက်လာလို့ သူတို့လိုပဲ ပေါက်တပ်ကရတွေ လုပ်နေမယ်ဆိုရင် ကိုယ်ကိုတိုင်ကလည်းပဲ တိုင်းပြည်ကို နောက်တစ်ကြိမ် ပြန်ဖျက်ဆီး တဲ့သူတွေဖြစ်လာပြီး အခြေအနေတွေက အရင်ကထက် ပိုဆိုးလာဖို့ပဲ ရှိနေမယ်။ တိုက်ပွဲအတွင်းမှာ ရန်သူကို ဖမ်းမိလို့ သတ်ဖြတ်နေမယ်ဆိုရင် ဒါက ကိုယ့်အဖွဲ့အစည်းအတွက် အရမ်းကို အကျည်းတန်အရုပ်ဆိုး စေတယ်။ ဒါက လုံးဝကို မလုပ်သင့်တဲ့ အလုပ်ဖြစ်တယ်။ အဲ့ဒါကြောင့် ကိုယ်တွေက အခုကော အရင်ကတည်းက ကော အမြဲတမ်းကို ပြင်ဆင်ထားရမယ့်သူတွေဖြစ်တယ်။ မလုပ်သင့်တဲ့ အရာတွေကိုလည်း အမြဲတမ်းရှောင်ရမှာဖြစ်တယ်။

မေး- လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းနဲ့ စစ်ကောင်စီရဲ့ လှမ်းနေတဲ့ ခြေလှမ်းအနေအထားမှာ လက်နက် ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးရေး အာဆီယံ သဘောတူညီချက် အကောင်အထည်ဖော်ရေး ရွေးကောက်ပွဲ ကျင်းပပေးမယ် ဆိုတာမျိုးတွေ တွေ့ရတဲ့ အပေါ်မှာ ဘယ်လို သုံးသပ်လဲ။

ဖြေ-ဒီ ကိစ္စတွေမှာ ဘယ်လိုမှ ပူးပေါင်း ပါဝင်ဖို့ကို မသင့်တာ။ ကျနော်တို့ ကေအဲန်ယူ အနေနဲ့ကလည်း ဒီအပေါ်မှာ ရဲရဲကြီးကို ဆန့်ကျင်ထားတယ်။ ဒီစစ်ကောင်စီဆီမှာ တခြားနည်းလမ်းတွေ မရှိတော့ဘူး။ တရားဝင်တဲ့ နည်းလမ်း ကို ပြန်ရဖို့က ဒီလမ်းကြောင်းတစ်ခုကိုပဲ သူမြင်တော့တယ်။ ရွေးကောက်ပွဲလုပ်ပြီး တရားဝင်တဲ့ အစိုးရ အဖွဲ့ တစ်ခု ပြန်ဖြစ်ဖို့ လုပ်မယ် ဒီလောက်ပဲ။ တကယ်လို့ သွားပူးပေါင်းဆက်ဆံလိုက်ရင် လူထုရဲ့ ဆန္ဒကို ဆန့်ကျင် လိုက်တာပဲဖြစ်တယ်။ လူထုက ဒါကို မကြိုက်ပါဘူး၊ ဒါမျိုး တောင်းဆိုထားတာကို ကိုယ်က သွားသွားပြီး ဆက်ဆံ ပူးပေါင်း လုပ်ဆောင်နေမယ်ဆိုရင် ကိုယ့်လူထုကို ကိုယ်ပြန်ဆန့်ကျင်တာနဲ့ အတူတူပဲ။ အဲ့ဒါကြောင့် ၂၀၂၃ မှာလုပ်မယ့် ရွေးကောက်ပွဲကို ကိုယ်က သွားပူးပေါင်း ပါဝင်လိုက်ခြင်းဖြင့် သူက ကိုယ့်ကို ပြန်အုပ်စိုးဖို့ အခွင့်တခါ ပြန်ရမှာပဲ။ ဘာဖြစ်လဲဆိုတော့ ဒီရွေးကောက်ပွဲကလည်း ၂၀၀၈ဖွဲ့စည်းပုံ အခြေခံ ဥပဒေအောက်မှာပဲ လုပ်သွားမှာဖြစ်တဲ့အတွက် ၂၀၀၈ ခြေဥနဲ့က ကျနော်တို့တွေ သိသင့်တာကြာပြီ။ အဲ့ ၂၀၀၈ အောက်ကို ပြန်ရောက်တာနဲ့ စစ်အာဏာရှင် စနစ်အောက်ကို ဆယ်စုနှစ်နဲ့ချီ ရာစုနဲ့ချီ ပြီး ပြန်ရောက်သွားမှာပဲ။

မေး- နောက်ဆုံးအနေနဲ့ ဒီနွေဦးတော်လှန်ရေး နဲ့အတူ ပါဝင်တဲ့သူတွေကော မပါဝင်လာနိုင်သေးတဲ့ သူတွေကိုကော ဘယ်လို အားပေးတိုက်တွန်း ပြောကြားချင်လဲ

ဖြေ-ကျနော်တို့ ကရင်တော်လှန်ရေး စတင်လာခဲ့တာ အရင် နှစ် ၇၀ ကျော်ကြာလာတဲ့ အထိက ရှေ့ဆက် ဆက်သွား နေတုန်းပဲ။ နိုင်ငံတိုင်းမှာ တော်လှန်ရေးကို ပုံစံမျိုးစုံနဲ့ လုပ်လာကြပေမဲ့ ပြောရမယ်ဆိုရင် ကိုယ့်မြန်မာက အရင်တုန်းကလို ဗကပ လိုမျိုး တခြားတော်လှန်ရေး အဖွဲ့အစည်တွေ အများကြီးရှိခဲ့ပေမဲ့ အခုဆိုရင် အကုန် ပျောက်ကုန်ပြီး။ ဒါပေမဲ့ အခု တစ်နှစ်ကျော်လာခဲ့တဲ့ ခေတ်သစ်တော်လှန်ရေးမှာက အရင်ကနဲ့ မတူပဲ ထူးခြားတာက ၈၈ တုန်းကလို ကိုယ်တွေက လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်နဲ့ သွားနေတာကို လူထုတွေက လုံးဝ မလိုလာခဲ့ကြဘူး။ အခုချိန်မှာကျတော့ စစ်ကောင်စီနဲ့ စကားသွားပြောမှာကို ပြည်သူက လုံးဝကို လက်မခံ နိုင်တော့ဘူး။ အခုက လက်နက်ကိုင်တော်လှန်မယ်ဆိုရင် ပြည်သူက အပြည့်အဝ တကယ်ကို ထောက်ခံတယ်။

နောက်တစ်ခုက နိုင်ငံမှာ ပါတီကြီး တစ်ခုဖြစ်တဲ့ နာမည်တောင် ဖော်ပြောစရာ မလိုဘူး။ အဲ့အချိန်တုန်းက အကြမ်းမဖက်နဲ့ နည်းလမ်းနဲ့ သူတို့က လုပ်မယ်ပေါ့။ အဲ့တော့ ၁၉၈၈ ခုနှစ်တုန်းက ကျနော်တို့ နဲ့ လာပူးပေါင်း လုပ်တဲ့ သူတွေဆိုရင် သူတို့(ပါတီ)က လက်မခံခဲ့ဘူး။ သူတို့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေက ကျနော်တို့ လုပ်ဆောင်ခဲ့တာတွေကို အသိအမှတ်ပြုပေးခဲ့တာမဟုတ်ဘူး။ ဒါပေမဲ့ အခုချိန်မှာကျတော့ နိုင်ငံတကာ ရဲ့ အကူအညီ မရဘဲနဲ့ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ ကိုယ့်နည်းလမ်းကိုယ်ရှာပြီး လက်နက်ကိုင် တော်လှန်ရေးကို လုပ်လာကြတာဖြစ်တယ်။ အခု ကျနော်တို့ တိုက်နေတာကလည်း ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ပဲ သွားနေတယ် ဆိုတာကို ပြောလို့ရတယ်။ နိုင်ငံတကာနဲ့ ပူးပေါင်း လုပ်ဆောင်မှုက အရေးကြီးတယ်ဆိုပေမဲ့ တကယ်တမ်း ကျနော်တို့ရဲ့ အရေးကြီးဆုံး အင်အားက ကျနော်တို့ အချင်းချင်း ကြားမှာပဲ ရှိတယ်။ အဲ့အတွက် အချင်းချင်းကြားမှာ ဖေးမကူညီကြရင် စည်းလုံးညီညွတ်မှုနဲ့သွားဖို့က အရေးကြီးဆုံးပဲဖြစ်တယ်။

May 13, 2024
မြဝတီမြို့သို့ စစ်ကူလာသော စစ်ကောင်စီတပ်၏ အောင်ဇေယျစစ်ဆင်ရေးစစ်ကြောင်းများသည် ဒေါန...
May 10, 2024
မြဝတီမြို့ ကို ဦးတည်ထိုးနေသည့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ဆင်‌ စစ်ကြောင်းမှ စစ်ကောင်စီတပ်ဖွဲ့...
May 9, 2024
မြဝတီမြို့တောင်ဘက်ပိုင်းရှိ ပလောတပို စစ်ရှောင်စခန်းတွင် နွေရာသီအချိန် ရေများခမ်းခြောက်ကာ...
May 8, 2024
ဖားအံမြို့ရှိ စစ်ကောင်စီဝန်ထမ်းများကို ဌာနဆိုင်ရာ အကြီးအကဲများက ကြိုတင်အသိပေးခြင်းမရှိဘဲ...