အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်တယ်- ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းနှင့် ဆက်သွယ်မေးမြန်းချက်

အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်တယ်- ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းနှင့် ဆက်သွယ်မေးမြန်းချက်

ရခိုင်ပြည်နယ်အတွင်း လတ်တလော ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာစစ်တပ်အကြား စစ်ရေးတင်းမာနေသည့်အနေအထား၊ စစ်ပွဲများ နေရာအနှံ့ဖြစ်ပွာလာမည်ဆိုပါက ဖြစ်ပေါ်လာနိုင်မည့်ဆိုးကျိုးများ၊ ထို့ကြောင့် စစ်ပွဲမဖြစ်ပွားစေရန် မည်ကဲ့သို့ ညှိနှိုင်းဖြေလျှော့သင့်သည်များကို ရခိုင်နိုင်ငံရေးသမား ဦးဖေသန်း၏ သုံးသပ်ချက်အမြင်ကို မွန်သတင်းအေဂျင်စီက ဆက်သွယ်မေးမြန်းခဲ့ခြင်းဖြစ်သည်။

မေး။    အခုရခိုင်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်တပ်အကြား စစ်ရေးတင်းမာနေတာကို ဘယ်လိုဖြေလျှော့လို့ မရမလဲ၊ ဘယ်လို ညှိနှိုင်းရင် အဆင်ပြေမယ်လို့ သုံးသပ်မိသလဲဆရာ။

ဖြေ။     သူတို့ အနေနဲ့ပေါ့လေ နှစ်ဖက်ကြားဝင်ညှိနှိုင်းရေးလမ်းကြောင်း တစ်ခုတော့ ရှိတယ်ပေါ့၊ ဒါပေမဲ့ ပေါ်ပေါ်ထင်ထင်တော့ မဟုတ်ဘူး။ နှစ်ဖက်ညှိနှိုင်းပြီးတော့ အရင်တုန်းက ဆာဆာကာဝါ နောက်ပိုင်းပေါ့၊ ဆာဆာကာဝါနဲ့ ပတ်သက်ပြီးတော့ သူတို့ နှစ်ဖက် သဘောတူညီချက်ရပြီးတဲ့ နောက်ပိုင်းမှာ သူတို့မှာ နှစ်ဖက်ကြားဝင်ဖြေရှင်းတဲ့ အဖွဲ့အစည်းတွေရှိတာပေါ့နော်၊ ဒါက သူတို့က တရားဝင်ပြောပြီးသားပဲ။ ဆိုတော့ အဲဒီလိုလမ်းကြောင်းဖက်ကတော့ လမ်းကြောင်းတစ်ကြောင်းရှိတယ်၊ ဒါပေမဲ့ တခြားအဖွဲ့အစည်း အနေနဲ့တော့ ကျနော်သိသလောက်တော့ မရှိလောက်ဘူး။ မရှိလောက်ဘူးဆိုတာက တချို့လည်း ပါတီတွေက ကြားဝင်ဆောင်ရွက်ပေးနေတယ်ဆိုတဲ့ ပုံစံမျိုးလည်း ပြောတာတွေတော့ရှိတယ်၊ ဒါပေမဲ့ အဲဒါတွေလည်း အရာမရောက်ဘူးလို့ သိရတယ်။

ဆိုတော့ ဒီလိုအခြေအနေမျိုးမှာ ဆက်ပြီးတော့ တိုက်ပွဲတွေ မဖြစ်လာအောင် နဂိုပုံမှန်လမ်းကြောင်းက သူတို့ ညှိနှိုင်းလို့ရသလား၊ မရသလားဆိုတာလည်း ကျနော်တော့ အတိအကျမသိဘူး။ ဒါပေမဲ့ မြေပြင်အခြေအနေမှာတော့ သူတို့ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ တင်းမာတဲ့ အနေအထားမျိုးတော့ ရှိတယ်၊ ပထမ ULA/AA ရဲ့ ဒီ တရားစီရင်ရေး၊ အုပ်ချုပ်ရေး၊ လုပ်ငန်းစဉ်တွေကို ပျက်စီးရာ ပျက်စီးကြောင်း သူတို့စစ်တပ်ဖက်က လုပ်တာရှိတယ် ULA/AA အမာခံဆိုပြီးတော့ သူတို့ကို ဖမ်းဆီးတာတွေ ရှိတယ်၊ တချိန်ထဲမှာပဲ ဒီဖက်ကလည်း စစ်ကောင်စီတပ်ဖွဲ့တွေကို ဖမ်းလာတယ်ပေါ့၊ ဖမ်းလာတဲ့ အချိန်ကစပြီးတော့ ဒုတိယအနေနဲ့ ကရင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ အကျိုးဆက်ပေါ့ သူတို့ဖက်က ပြန်ပြီး လက်တုံပြန်တယ်ဆိုတာ အဲဒါနဲ့ မောင်တောဖြစ်စဉ်က ဖြစ်သွားတာပေါ့။

အဲဒီနောက်ပိုင်းမှာလည်းပဲ တခြားနေရာတွေမှာ ဆက်တိုက်ဖြစ်လာသလားဆိုတာလည်း ဖြစ်မလာပြန်ဘူး။ တခြားနေရာမှာလည်း ULA/AA နဲ့ မြန်မာစစ်တပ်ကြားမှာ မျက်နှာချင်းဆိုင်ထားကြတဲ့ နေရာတွေ အများကြီးရှိတယ်၊ အဲနေရာမျိုးမှာလည်း ဖြစ်မလာဘူး။ တခြားနေရာမှာလည်း ဖြစ်မလာဘူး။ အဲဒီတိုက်ပွဲပြီးတော့ ပြန်ငြိမ်သွားပြန်ရော၊ ဆိုလိုတာကတော့ သူတို့အနေနဲ့တော့ ညှိနှိုင်းမှုရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ တိုက်ပွဲတွေကို သိပ်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ချင်ပုံတော့ မရဘူး။ နှစ်ဖက်စလုံးမှာ အဲဒီလို သဘောမျိုးတော့ တွေ့နေရတယ်။ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ချင်တယ်ဆိုရင်တော့ တိုက်ပွဲတွေ တိုက်လို့ရတာပေါ့။ ဒီစခန်းက သိနေတာပဲ။ ULA/AA ရဲ့ စခန်းလည်း သိတယ်။ စစ်တပ်ရဲ့ စခန်းကိုလည်း ဟိုဖက်က သိတယ်ဆိုတော့ ဖြစ်မယ်ဆိုရင် နေရာစုံမှာ ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ အဲဒီလိုလည်း မဟုတ်ပါဘူး။ တစ်ချက်ဖြစ်ပြီးတော့ ပြန်ငြိမ်သွားတယ်ဆိုတဲ့ အခြေအနေမျိုးရှိတယ်၊ ဒါပေမဲ့ ULA/AA ဖက်ကလည်း နောက်ထပ် သတိပေးချက်တွေ ထုတ်ပြန် လာတာရှိတယ်။ ပြည်သူတွေကို သတိပေးထားတာရှိတယ်၊ အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်တယ်။ အဲဒါကြောင့် အသွားအလာ၊ အနေအထိုင်ဆင်ယှဉ်ကြဖို့၊ ဖုန်းတွေ၊ လက်တော့ပ်တွေ အဲဒါတွေကို မှတ်တမ်းတွေ၊ ဓါတ်ပုံတွေကို မသိမ်းဆည်းထားကြဖို့ပေ့ါ၊ ပြည်သူတွေကို သတိပေးတာလည်း ရှိတယ်ဆိုတော့ မြေပြင်အခြေအနေမှာတော့ ဘယ်နေ့ဖြစ်မလဲ၊ ဘယ်လိုအခြေအနေမျိုး ဖြစ်လာမလဲဆိုတာ ဘယ်သူမှ မှန်းဆလို့ မရဘူး။ အဓိကကတော့ စစ်ကောင်စီတပ်ဖွဲ့တွေက ULA/AA တပ်ဖွဲ့ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို သွားပြီးတော့ လက်တံချဲ့မယ်ဆိုရင်တော့ ဒါအချိန်မရွေးဖြစ်လာနိုင်တယ်၊ အဲဒီလို ဖြစ်လာနိုင်တဲ့ အနေအထားမျိုးလည်း မြေပြင်မှာ တွေ့နေရတယ်ပေါ့။

မေး။    ၂၀၂၀ မတိုင်ခင်တုန်းကလို တိုက်ပွဲတွေ ပြန်ဖြစ်လာတယ်ဆိုရင်တော့ အခြေအနေက ဘယ်လောက်အထိ ပြင်းထန်လာနိုင်လဲ။

ဖြေ။     သူတို့ ဖြစ်ချင်ရင် ဖြစ်ချင်သလောက် တိုက်ပွဲတွေက ကျယ်ပြန့်မှာပဲ။ ဘာလို့လဲဆိုတော့ အရင်တုန်းက ၂၀၂၀ မှာ ULA/AA တပ်ဖွဲ့တွေက ရခိုင်ပြည် မြောက်ပိုင်းလောက်ပဲ အဓိကထားပြီးတော့ သူတို့ အုပ်ချုပ်ရေးတို့၊ တရားစီရင်ရေးတို့ စစ်‌ရေးတို့ကို လွမ်းမိုးထားတာ ရှိတယ်။ ဒါပေမဲ့ အခုဆို ရခိုင်ပြည်အလယ်ပိုင်း နပခရှိတဲ့ နေရာအထိ စစ်ရေး၊ နိုင်ငံရေး၊ စည်းရုံးရေးကို သူတို့ဖက်က ချဲ့ထွင်လာတယ်။ နောက် အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုရင် ရခိုင်ပြည်နယ် တောင်ပိုင်းအထိ ဩဇာသက်ရောက်မှု ရှိလာတယ်ဆိုတဲ့ အခြေအနေမှာ ဖြစ်မယ်ဆိုရင်တော့ ရခိုင်တစ်ပြည်လုံးကို ဖြစ်လောက်တယ်လို့ ပြောလို့ ရတာပေ့ါ။ စစ်ရေးအားဖြင့်လည်း အရင်တုန်းကထက် ပိုပြီးတော့ ရခိုင်ပြည်ရဲ့ ၃ ပုံ ၂ ပုံလောက်ကတော့ စစ်ရေးဟာပိုပြီး တော့ ကျယ်ပြန့်လာမယ့် အနေအထားမျိုးတော့ ရှိပါတယ်။ သူတို့ ကျယ်ပြန့်အောင် တိုက်ရင်တော့ ကျယ်ပြန့်အောင် တိုက်နိုင်တဲ့ အခြေအနေမျိုး ရှိပါတယ်။ နှစ်ဖက်စလုံးမှာပေါ့။

မေး။    ၂၀၂၀ မတိုင်ခင်တုန်းကဆို အဓိကဖြစ်တာက ရွာတွေမှာဖြစ်တယ်၊ နယ်တွေမှာ ဖြစ်တယ်ပေါ့လေ၊ အခုတိုက်ပွဲတွေ ပြန်ဖြစ်လာတယ်ဆိုရင် မြို့ပေါ်တွေမှာရော ဖြစ်လာနိုင်လားဆရာ။

ဖြေ။     မြို့ပေါ်မှာတော့ ULA/AA ဖက်က တိုက်တော့ တိုက်နိုင်တာပေါ့။ ဒါပေမဲ့ အဲဒီလို ထိန်းထားနိုင်တဲ့ အခြေအနေက တော်တော်ကို ခက်ခဲလိမ့်မယ်၊ ခက်ခဲလိမ့်မယ်ဆိုတာက သူတို့က ပြည်သူတွေကို ညာရမှာ ဘာပဲပြောပြော သူတို့က ပြည်သူတွေရဲ့ ထောက်ခံမှုကို အလုံးအရင်း ရထားတဲ့ အချိန်မှာ ပြည်သူတွေကိုတော့ ညာမယ်ဆိုရင်တော့ မြို့ပေါ်ကို အဲဒီလို တက်သိမ်းတာတွေ လုပ်မှာ မဟုတ်ဘူး။ ဘာလို့လည်းဆိုတော့ အဲဒီလို ဖြစ်လာရင်လည်း အဲဒီလို တက်သိမ်းလာရင်လည်း သူတို့က လက်နက်ကြီး ပစ်ကူတွေ မြေပြင်ကရော၊ ဗျူဟာကုန်းကရော၊ လေယာဉ်ကရော အဲဒါ စိစိညက်ညက် ကျေအောင် အဲဒီနေရာကို လုပ်လိုက်နိုင်တာပေါ့။ ရွာကိုလုပ်တာထက် အများကြီးတော့ သူတို့ ပိုပြီးတော့ ထိထိရောက်ရောက်ချေမှုန်းနိုင်တဲ့ အနေအထားမျိုးရှိတယ်ပေါ့၊ သူတို့ကလည်း မြန်မာစစ်တပ်ကလည်း အဲဒီလို အစဉ်အလာမျိုးလည်း ရှိတယ်လေ၊ ဖြစ်နေရင် ရန်သူကို မတိုက်ပဲနဲ့ ပြည်သူတွေကိုပဲ တိုက်နေတာတို့ ရွာကို မီးရှို့တယ်၊ လက်နက်ကြီးတွေနဲ့ ပစ်တယ်၊ ULA/AA ရဲ့ တပ်ဖွဲ့တွေကို တိုက်တာမဟုတ်ပဲနဲ့ ရမ်းတမ်းပြီးတော့ ကျချင်ရာကျပေါ့နော်၊ မြို့တွေ၊ ရွာတွေကို တိုက်ခိုက်တဲ့ သဘောသဘာဝရှိတယ်၊ ULA/AA တပ်ဖွဲ့တွေကတော့ ပြည်သူတွေကို ထိခိုက်နစ်နာမယ်ဆိုရင် အဲဒီလို မြို့တွေဘာတွေတော့ တိုက်မယ်မထင်ဘူး။ ဒါပေမဲ့ မြို့တွေရွာတွေမှာလည်း သူတို့ အချိန်မရွေး သူတို့ ဖမ်းချင်တဲ့လူဖမ်းနေတာပဲ၊ စစ်တွေကအစ တောင်ကုတ်အထိ သူတို့ ဖမ်းချင်တဲ့ လူကို လိုက်ဆွဲနေတာပဲ၊ ဖမ်းချင်တဲ့လူဆိုတာ စစ်ကောင်စီ တပ်သားတွေ၊ ရဲတပ်သားတွေကို ပြောတာပါ၊ သူတို့ ဖမ်းနေတာပဲ၊ သူတို့ လုပ်လို့ ရပါတယ်။ ဒါပေမဲ့ နိုင်တာ မနိုင်တာ တစ်ခုရှိမယ်၊ သူတို့ အင်အားနဲ့ ချိန်ဆပြီးတော့ တစ်ဖက်က ခုခံစစ်ပြန်ပြီးတော့ ဖြစ်နေတော့ ULA/AA က အဲဒီကို တိုက်နိုင်တယ်၊ တကယ်တမ်း စစ်တွေမြို့လို နောက်ပြီးတော့ နပခ တည်ထားတဲ့ အမ်းလို အဲဒီလို နေရာမျိုးကို လွှဲပြီးတော့ အခြားမြို့ကို တိုက်မယ်ဆို တိုက်လို့ရတာပေ့ါ။ ဒါပေမဲ့ မထိန်းထားနိုင်တဲ့အတွက် သူတို့အနေနဲ့ အဲဒီလို တိုက်မယ်မထင်ဘူး။ ပြည်သူတွေကိုလည်း သူတို့ အဲဒီလောက် ဒုက္ခရောက်အောင် လုပ်မယ်လို့ ကျနော်မထင်ဘူး။

မေး။    လက်ရှိပြည်တွင်းမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကြားမှာ စစ်တပ်အနေနဲ့ ရခိုင်ဘက်မှာ စစ်မျက်နှာ ဖွင့်ပါမလားဆရာ။

ဖြေ။     သူတို့လည်း မဖွင့်ချင်လို့ပဲ ဒီလို စစ်ပွဲကို ကျယ်ကျယ်ပြန့်ပြန့် မလုပ်တာလို့ ကျနော်နားလည်တယ်၊ သူတို့အနေနဲ့ ရခိုင်စစ်မျက်နှာမှာ အဲဒီလိုဖြစ်လာပြီဆိုရင်တော့ တခြားစစ်မျက်နှာလို မဟုတ်ဘူးလေ။ ရခိုင်ပြည်မှာကျတော့ ULA/AA ရဲ့ ဩဇာအရှိန်အဝါ တော်တော် ကြီးမားတဲ့ အခါမှာ သူတို့က တပ်ကို အလုံးအရင်းပို့ရတော့မယ်၊ အရင်တုန်းကလို ကြည်းတွေ၊ လေတွေ စစ်ဆင်ရေးသူလုပ်ရတော့မယ်ဆိုတော့ ဒါသူ့အနေနဲ့ အခုအခါမှာတော့ မြို့ရော၊ နယ်ရော၊ တနိုင်ငံလုံးမှာ နေရာအနှံ့ ထိန်းချုပ်ထားရတဲ့ အခြေအနေမျိုးမှာ ရခိုင်စစ်မျက်နှာမှာ အဲဒီလို အင်နဲ့ အားနဲ့ ပြန်တိုက်မယ်ဆိုရင်တော့ သူ့အနေနဲ့ တော်တော်ကို ဒုက္ခရောက်နိုင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ရခိုင်စစ်မျက်နှာက တကယ်တမ်းတိုက်လာပြီဆိုရင်တော့ ပြည်မအခြေအနေနဲ့ မတူဘူး။ ပထဝီနယ်မြေကျွမ်းကျင်မှု အရရော ဒီဖက်က ULA/AA တပ်သားတွေရဲ့ ပြည်သူထောက်ခံမှုအရရော၊ နောက်သူတို့ရဲ့ လူငယ်၊ လူရွယ်တွေ များပြီးတော့ မျိုးချစ်စိတ်ဓါတ်နဲ့ တိုက်နေတဲ့ စစ်သားတွေဖြစ်တဲ့ အခါမှာ ပြည်မအခြေအနေနဲ့တော့ တူမှာ မဟုတ်ဘူး။ ဒီဖက်က စစ်သားတွေက အကုန်လုံးလေ့ကျင့်ပြီးသား စစ်သားတွေဖြစ်တယ်၊ ဆိုတော့ တော်တော်ကို အထိနာနိုင်တာပေါ့နော်၊ သူတို့ အထိနာနိုင်တယ်၊ ဆိုလိုတာကတော့ ကုန်းကြောင်းကတော့ ဘယ်လိုမှ တိုက်လို့မရတော့ဘူး။ လေကြောင်းနဲ့ ဗျူဟာကုန်းနဲ့ အဲဒီလို အမြောက်ကြီးတွေနဲ့ လှမ်းပစ်တာတော့ သူတို့ဖက်က နောက်ပိုင်းမှာ လုပ်လာတယ်ပေါ့၊ ကုန်းကြောင်းတွေနဲ့ သူတို့ ဘယ်နေရာမှ သွားတိုက်တာတော့ မရှိတော့ဘူး။ ဒါကြောင့် အဲဒီလိုသာ မတိုက်နိုင်ဘူးဆိုရင်တော့ သူတို့ အဝေးကြီး လက်နက်တွေနဲ့ ပစ်လို့လည်း သိပ်ပြီးတော့ ULA/AA ကို ချေမှုန်းနိုင်မှာတော့ မဟုတ်ဘူး။ တကယ်တမ်း နင်လားငါလား ကြည်းတပ်အချင်းချင်းတိုက်မယ်ဆိုရင်လည်း တိုက်နိုင်မှာ မဟုတ်ဘူး။ အဲဒီလို အခြေအနေမျိုးမှာ သူ့အနေနဲ့ တပ်လှန်စရာပဲ အကြောင်းရှိတယ်လေ၊ အရှေ့တိုးနိုင်စရာ အကြောင်းမရှိဘူး၊ အဲဒါကြောင့် သူက ULA/AA ကို နိုင်ငံရေးအရ အကြိမ်ကြိမ်ဆွေးနွေးဖို့ ဖိတ်ခေါ်တယ်၊ မတိုက်ဘူးလို့တော့ ကျနော်တို့ကတော့ ယူဆတာပေ့ါ။

ဒါပေမဲ့ ဖြစ်ချင်တော့ ကရင်ပြည်နယ်မှာ သွားပြီးတော့ ဗုံးကြဲလိုက်တာက တော်တော်ကို ဒီဖက်ကို စစ်ပွဲပြန်ဖြစ်ဖို့ သူ့အနေနဲ့ သွားဆွလိုက်သလို ဖြစ်သွားတာပေ့ါ။ ဆိုလိုတာကတော့ဗျာ ULA/AA ဖက်ကလည်း တိုက်ချင်ပုံမရဘူး၊ အပြတ်အသတ်၊ ဟိုဖက်ကလည်း တိုက်ချင်ပုံမရဘူး။ ခုချိန်မှာတော့ နှစ်ဖက်စလုံးက သူ့နားလည်မှုနဲ့ သူ နယ်မြေတွေကို ထိန်းထားကြတဲ့ သဘောတော့ ရှိတယ်ပေါ့။ ဒီကြားထဲမှာ စည်းဖောက်ပြီးတော့ သူ့နယ်မြေ၊ ကိုယ့်နယ်မြေ သူများနယ်မြေသွားပြီးတော့ ကျူးကျော်ရင်တော့ ရန်စရင်တော့ ဒါပြဿနာဖြစ်လာမှာပဲလေ၊

မေး။    ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်တွင်းမှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ အသုံးချချင်တယ်ဆိုပြီး အာဆီယံအထူးကိုယ်စားလှယ်ပြောသွားတယ်၊ ဆိုတော့ စစ်တပ်အနေနဲ့ နိုင်ငံရေးထွက်ပေါက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရေးကိစ္စ၊ နောက် ရွေးကောက်ပွဲအဲဒါတွေကို အသုံးချလာနိုင်လားဆရာ၊

ဖြေ။     ရွေးကောက်ပွဲကတော့ သေချာပါတယ် သူတို့ အသုံးချမှာပါ။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ သူတို့ အသုံးချမယ်မထင်ဘူး။ ဘာလို့လည်းဆိုတော့ အဲဒီပြဿနာက သူတို့ကို တော်တော်ကို ပြန်ပြီးတော့ မထိန်းနိုင် မသိမ်းနိုင်ဖြစ်မယ်လေ၊ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီးတော့ နိုင်ငံရေးနယ်ပယ်ထဲကို ပြန်ဝင်ခိုင်းလိုက်တယ်ဆိုရင်ပဲ လက်ရှိစွဲထားတဲ့ အမှုတွေကို ရပ်ပစ်ရတော့မယ်၊ လက်ရှိချထားတဲ့ ပြစ်ဒဏ်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရတော့မယ်၊ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေး၊ ပြည်သူထောက်ခံမှု ဩဇာအရှိန်အဝါကို သူဘယ်လိုမှ ထိန်းနိုင်မှာ မဟုတ်ဘူး။ ပြည်သူတွေကလည်း ဒေါ်အောင်ဆန်းစုကြည် အဲဒီလိုဖြစ်လာရင် လမ်းပေါ်မှာ တစ်ခဲနက် ထွက်လာနိုင်တယ်၊ ဒီအခြေအနေကြောင့်တော့ လောလောဆယ်မှာ သူတို့ဖက်က နိုင်ငံရေးအရ လုံးဝ လက်ဆုတ်လက်ကိုင်ရှိတဲ့ အချိန်မှာ စစ်ရေးအရ ပိုင်ပိုင်နိုင်နိုင်ထိန်းထားနိုင်တဲ့ အခါမျိုးမှာ အဲဒီလောက်အချိန်မျိုးမှ အဲလောက်အထိ အချိန်ရောက်မှ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးဖို့ ဆိုတာတွေကို ကမ်းလှမ်းနိုင်တာပေါ့နော်၊ ဒါမှမဟုတ်ရင်တော့ သွားတွေ့ရုံကလွဲလို့ သူ့အနေနဲ့ ထောင်သားတစ်ဦးပါဆိုပြီး အကြောင်းပြချက်နဲ့ပဲ အခုလည်း နိုင်ငံတကာလည်း တွေ့ခွင့်မပေးဘူး။ သူတို့လည်း အဲဒီအကြောင်းပြချက်နဲ့ပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးဆွေးနွေးမှာ မဟုတ်ဘူး။

သူတို့ရဲ့ အဓိက ထွက်ပေါက်ကတော့ ၂၀၂၃ ရွေးကောက်ပွဲပဲ၊ အဲဒီအချိန်မှ သူတို့ တည်တည်ငြိမ်ငြိမ် ရွေးကောက်ပွဲနဲ့ ပေါ်လာတဲ့ အစိုးရတစ်ရပ်ဖြစ်လာလိမ့်မယ်၊ အဲချိန်ခါမှ သူတို့ လိုသလို ကစားပြီးတော့ သူတို့လိုသလို သူတို့ရဲ့ စီမံချက်တွေ ချပြီးတော့ ဗျူဟာတွေ ဆွဲပြီးတော့ လုပ်တော့မှာပေါ့။ နောက်ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုတဲ့ လမ်းကြောင်းကိုလည်းပဲ အလိုလိုရောက်သွားလမ့်မယ်၊ အဲဒီအခါမှာ ပိုပြီးတော့ အခြေအနေတွေကို အကန့်အသတ်မရှိသူတို့ အဲဒီမှာ သုံးပြီးတော့ ပါတီနိုင်ငံရေးလမ်းကြောင်းကိုတော့ တတ်နိုင်သမျှ မှေးမိန်အောင် လုပ်ပလိုက်မှာ ပေါ့ဗျာ၊ ဆိုလိုတာကတော့ ရွေးကောက်ပွဲကို သူတို့က အသုံးချရုံသက်သက်သာ ဘယ်လိုမှ ရွေးကောက်ပွဲနဲ့ အနိုင်ရလာတဲ့ ပါတီတွေအပေါ်မှာ သူ့အနေနဲ့ ပြောပိုင်ဆိုပိုင်ခွင့်တို့ အစိုးရအဖွဲ့ထည့်မှာ ပါဝင်ခွင့်တို့ အဲဒါတွေကိုတော့ ပေးလိမ့်မယ်မဟုတ်ဘူး။ အထူးသဖြင့် NLD လို အတိုက်အခံမျိုး မရှိတဲ့ အခါမှာ သူ့အနေနဲ့ ဘယ်လိုမှ ဒါကို ထည့်တွက်စရာလည်း မလိုဘူး။ ဒါကြောင့်လည်းပဲ နိုင်ငံရေးအရ ဖြေရှင်းမှု ဆိုတာထက် စစ်ရေးအသာစီးရလိုမှုနဲ့ နိုင်ငံရေးထွက်ပေါက်အဖြစ် ၂၀၂၃ ကို အသုံးချမှု ဒီလမ်းကြောင်းအပေါ်မှာပဲ သူရပ်တည်နေမှာပါ။

မေး။    ရခိုင်ပြည်နယ်မှာ ULA/AA နဲ့ စစ်တပ်အကြား စစ်ရေးတင်းမာနေတာနဲ့ ပတ်သက်ပြီး နောက်ဆုံး ဘာများ ဖြည့်စွက်ပြောကြားလိုသေးလဲခင်ဗျ။

ဖြေ။     ကျနော်တို့ကတော့ အဲဒီလို တိုက်ပွဲတွေ ပြန်ဖြစ်လာမှာကိုတော့ ကျနော်တို့လည်း စိုးရိမ်တယ်၊ ပြည်သူတွေလည်း စိုးရိမ်တယ်၊ ဒီဖက်က သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေကလည်း ဒါကို အလေးထားပြီးတော့ စဉ်းစားကြမှာပါ။ ဆိုတော့ ဒီလို မဖြစ်ရင်တော့ အကောင်းဆုံးပေါ့။ ဒီလိုမဖြစ်ပဲ နိုင်ငံရေးအရ အဖြေရှာနိုင်ကြမလား။ ဒါမှ မဟုတ် စစ်ရေးနဲ့ အဆုံး အဖြတ်ပေးကြတော့မလား ဆိုတဲ့ဟာကတော့ ကျနော်တို့ ဘယ်လို ဖြစ်လာမယ် မှန်းဆလို့ မရဘူး။ ဒါပေမဲ့ နိုင်ငံရေးနည်းနဲ့ အဖြေရှာမယ်ဆိုရင်လည်းပဲ ပေးတဲ့ဈေးနဲ့ ရယူချင်တဲ့ ဆန္ဒနဲ့ တစ်ထပ်တဲ့ကျမှာ ဖြစ်လိမ့်မယ်၊ ဆိုတော့ ULA/AA လို ကွန်ဖက်ဒရိတ်တောင်းလိုက် တကယ့်ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့် ပြောလိုက် အဲဒီလို ဆိုရင်တော့ အများစုကတော့ သူတို့ဖက်ကလက်ခံနိုင်မယ်လို့ ကျနော်မထင်ဘူး။ သူတို့က မဆို့မပို့ ဖက်ဒရယ်လေး အရင်တုန်းကလို နည်းနည်းပိုပေးလိုက် နည်းနည်းအဆစ်ပိုပေးလိုက် အဲပုံစံမျိုးပဲ သွားလိမ့်မယ်၊ ကွန်ဖက်ဒရိတ်တို့ ‘ဝ’လို အဆင့်အတန်းမျိုးတို့ အာရက္ခနိုင်ငံတော်တို့ ဆိုတာ သူတို့ စဉ်းစားမှာ မဟုတ်ဘူး။ ဆိုတော့ နိုင်ငံရေးထွက်ပေါက်ကလည်း တော်တော်ကို ကျဉ်းလာတယ်ပေါ့နော်၊ အဲဒီလို အချိန်မျိုးမှာ ကျဉ်းတယ်၊ စစ်ရေးနဲ့ အဆုံးအဖြတ်ပေးမယ်ဆိုရင်လည်းပဲ ဒီကိစ္စက အဖိုးအဆက နှစ်ဖက်ပေးရမယ့် တိုက်ပွဲဖြစ်လာလိမ့်မယ်၊ အရှုံးအထွက် တိုက်ပွဲပေါ့နော်၊ အဖိုးအဆက တော်တော်ကို ကြီးပါတယ်။ ဒါကြောင့် ဒီလိုမျိုးဖြစ်လာမယ်ဆိုရင် အဓိက နစ်နာမှာကတော့ ပြည်သူတွေပေါ့။ ပြည်သူတွေ နစ်နာလိမ့်မယ်၊ အဲဒါကြောင့် ကျနော်တို့ကတော့ ဒီလို အခြေအနေမျိုးမှာ ဘယ်လိုဖြစ်လာမလဲဆိုတာတော့ ကျနော်တို့ ဖက်ကလည်း စဉ်းစားပြီးတော့ အကောင်းဆုံးဖြစ်လာပါစေလို့ပဲ ပြောရတော့မှာပေါ့ဗျာ။

Most read this week

May 9, 2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်နှင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အစပ်...
May 8, 2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် မွန်အမျိုးသားပညာရေးဌာနမှ ဦးဆောင်ဖွင့်လှစ်ထားသည့်...
May 8, 2024
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့ပေါ်ရပ်ကွက်အချို့တို့တွင် မြေမြှုပ်မိုင်း...
May 7, 2024
လာမည့် ဇွန်လ ၃ ရက်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံပညာကျောင်းများအားလုံး...