ပျောက်ဆုံးနေသည့် မောင်တောက ပညာရေးဝန်ထမ်းနှစ်ဦးကို ရှာမတွေ့သေး

ပျောက်ဆုံးနေသည့် မောင်တောက ပညာရေးဝန်ထမ်းနှစ်ဦးကို ရှာမတွေ့သေး

မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာမှ မူလတန်းကျောင်းအုပ်တစ်ဦးနှင့် ကျောင်းဆရာမတစ်ဦးသည်  ဇွန်လ ၁၆ ရက် နေ့လည် ၁ နာရီခန့်ကပင် ပျောက်ဆုံးနေပြီး  လက်ရှိအချိန်ထိ ရှာမတွေ့သေးကြောင်း သိရသည်။

ပျောက်ဆုံးနေသူများမှာ ကျောင်းအုပ်ကြီး ဦးဘိုဝင်းနှင့် ကျောင်းဆရာမ ဒေါ်ဥမ္မာကျော်တို့ဖြစ်ပြီး မောင်တောမြို့သို့အသွား လမ်းခရီးတွင် ပျောက်ဆုံးသွားခြင်းဖြစ်သည်။ ၎င်းတို့သည် ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့နှင့်အတူ မြို့နယ်ပညာရေးရုံးမှူးရုံးသို့ သွားရောက်စဉ် သင်္ဘောလှကျေးရွာနှင့် ၇ မိုင်ခန့်ဝေးကွာသည့် ကျောက်ချောင်းကျေးရွာအနီးတွင် ပျောက်ဆုံးခြင်းဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိန်ထွန်းက ဆိုသည်။

“ဆိုင်ကယ် ပါတာက ၃ စီး၊ လူ က ၆ယောက်၊ နှစ်စီးကတော့ ရန်အောင်ပြင်ရွာလမ်းဆုံကို ရောက်တယ်။ ရန်အောင်ပြင်ကနေပြီး ကျောင်းအုပ်ကြီးနဲ့ ဆရာမကိုစောင့်တယ်။ သူတို့ကတော့ သာယာကုန်းဘက်က ဆရာတစ်ဦးကိုဝင်ပြီး နုတ်ဆက်ခဲ့သေးတယ်။ ရန်အောင်ပြင်ကို ကျနော်တို့နဲ့ရောက်လာတဲ့ ဆရာတစ်ယောက်က ကျောင်းအုပ်ကြီးတို့ကို ဖုန်းဆက်တယ်။ ဆက်လို့မရဘူး မရတော့ ကျနော်တို့လည်း ပြန်လှည့်ပြီးလာကြတယ်။ ရွာက လူတွေခေါ်ပြီးရှာတော့ ဆိုင်ကယ်ကို ကျွန်းပေါက်ဆင်အိုး နားက ချုံပုတ်ထဲမှာတွေ့ပါတယ်။ ဖုန်းကာဗာတွေတွေ့တယ်။ မနေ့ညက အဲဒီနားမှာ အကုန်လုံးရှာပြီးပါပြီ။ အခုလည်း ရွာသားတွေနဲ့ပေါင်းပြီး ရှာနေပါတယ်”ဟု သူဆက်ပြောသည်။

လက်ရှိတွင် အဆိုပါ ပညာရေးဝန်ထမ်းနှစ်ဦးကို အနီးအနားမှ ဒေသခံများနှင့်မြန်မာစစ်တပ်တပ်ဖွဲ့ဝင်များက ရှာဖွေလျက်ရှိနေကြောင်း ဒေသခံများကဆိုသည်။ ထိုသို့ ပျောက်ဆုံးနေသောကြောင့် အနီးအနားမှဒေသခံများလည်း လုံခြုံမှုမရှိသကဲ့သို့ ခံစားနေရသည်ဟု တောင်ပြိုလက်ဝဲမြို့ အမှတ် (၁) ရပ်ကွက်အုပ်ချုပ်‌ရေးမှူး ဦးမောင်မောင်ချေက ပြောသည်။

“အနီးအနားက ဒေသခံအနေနဲတော့ စိုးရိမ်တာပေါ့။ ကျနော်လည်းစိုးရိမ်တယ်။ ကျနော်တောင် အဲ့လမ်းက မသွားရဲတော့ဘူး။ ကျနော်တစ်လ တစ်ခါ မောင်တောမြို့ အစည်းအဝေး သွားရတယ်လေ။ အသွားအလာရှိတဲ့ လမ်းမှာ အခုလိုအခင်းဖြစ်တော့ ဘယ်သူမှ သွားရဲတော့မှာ မဟုတ်ဘူး”ဟု ၎င်းကဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့ကို  DMG က ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...