အဆိုးဖက်ကို တရိပ်ရိပ်တက်နေဆဲ ကိန်းကဏန်းများ

အဆိုးဖက်ကို တရိပ်ရိပ်တက်နေဆဲ ကိန်းကဏန်းများ

လက်ရှိမြန်မာပြည်တွင်းအခြေအနေများ၊ သေဆုံးမှု၊ ဖမ်းစီးခံရမှု၊ နေအိမ်များမီးရှို့ခံရမှု၊ စစ်ဘေးရှောင်များနှင့် ပတ်သက်ပြီး ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ လေ့လာသုံးသပ်သူများ၏ အစီရင်ခံစာများ အပတ်စဉ်၊ လစဉ်စသည်ဖြင့် လေ့လာထုတ်ပြန်နေပြီး ကိန်းကဏန်းများမှာ အဆိုးဖက်ကိုဦးတည်ပြီးသာ တိုးလျက်ရှိနေသည်။

ထိုသို့ စစ်ပွဲပဋိပက္ခကြား တိုးပွားလာသည့် ကိန်းကဏန်းများတွင် မြန်မာနိုင်ငံ၏ လူဦးရေဒုတိယအနည်းဆုံး လည်းဖြစ်၊ စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်တိုက်ခိုက်မှု အလူးအလဲခံရသည့် ချင်းပြည်နယ်၏ စာရင်းမှာ မမြဲထိပ်ဆုံးပိုင်းတွင် ပါဝင်လျက်ရှိနေပါသည်။

တစ်နိုင်ငံလုံး၏ သေဆုံးမှု၊ ပျက်စီးမှု၊ စစ်ဘေးရှောင်နေရမှုများ တိုးပွားလာသည့် ကိန်းကဏန်းများတွင် ချင်းပြည်နယ်၏ အခြေအနေသည် ရာခိုင်နှုန်းမြင့်မားစွာ အစီအရင်ခံစာများတွင် ပုံမှန်ပါဝင်လျက်ရှိနေပါသည်။

ချင်းပြည်နယ်တွင်းနှင့် ချင်းပြည်နယ်ပြင်ပမှ ချင်းလူမျိုး စစ်ဘေးရှောင်သူ ၁၁၂၄၈၆ ဦးအထိရှိနေပြီဟု အစီအရင်ခံစာများက ဖော်ပြသည်။

လက်ရှိ ပဋိပက္ခအခြေအနေအရ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်သည့် အခြေအနေတွင်သာ ရှိနေသကဲ့သို့ ချင်းပြည်နယ် တစ်ပြည်နယ်လုံးတွင်လည်း နေ့စဉ်နှင့်အမျှ စစ်ပွဲများ ကွက်ကြားကွက်ကြား ဖြစ်ပွားလျက်ရှိသည်။

သေဆုံးမှု၊ နေအိမ်များပျက်စီးမှုများ နေ့စဉ်နှင့်အမျှ တိုးလျက်ရှိသည့် နေရပ်ပြန်ရန် နေနေသာသာ စစ်ဘေးရှောင်များ ထပ်မံတိုးမည့် အနေအထားတွင် ရှိနေသည်။

မြန်မာနိုင်ငံလူဦးရေ ၅၃၅၈၂၈၅၅ တွင် ချင်းပြည်နယ်လူဦးရေမှာ ၄၇၈၈၀၁ ဟု သန်းခေါင်စာရင်းက ဖော်ပြထားသည့်အတွက် ချင်းပြည်နယ်တွင်းရှိလူဦးရေသည် မြန်မာတစ်နိုင်ငံလုံးလူဦးရေ၏ တစ်ရာခိုင်နှုန်းရှိသည်။ ထိုသို့ တစ်နိုင်ငံလုံးလူဦးရေအရေအတွက်မှ ချင်းပြည်နယ်လူဦးရေသည် တစ်ရာခိုင်နှုန်းရှိသကဲ့သို့ပင် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက် စစ်ဘေးရှောင်အခြေအနေနှင့် စာရင်းများတွင်လည်း တစ်နိုင်ငံလုံးအတိုင်းအတာ၏ တစ်ရာခိုင်နှုန်းအဖြစ် ပါဝင်လျက်ရှိသည်။ ဥပမာ တစ်နိုင်ငံလုံးအတိုင်းတာဖြင့် စစ်ဘေးရှောင် ၁၀ ဦးလျှင် ချင်းပြည်နယ်မှ စစ်ဘေးရှောင် ၁ ဦးပုံမှန်ပါဝင်နေသည့် သဘောဖြစ်သည်။

ဧပြီလ ၄ ရက်နေ့အထိ UNHCR ၏စာရင်းအရ မြန်မာတစ်နိုင်ငံလုံးတွင် စစ်ဘေးရှောင် ၉၀၇၅၀၀ အထိရှိနေပြီး စစ်ကိုင်းတိုင်းမှအများဆုံးဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ စစ်ဘေးတိမ်းရှောင်နေရသူ ၂ သိန်းခွဲနီးပါးအထိရှိနေပြီဖြစ်ပြီး ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းနှစ်ခုပေါင်း စစ်ဘေးရှောင် သုံးသိန်းခွဲအထိ ရှိနေပြီဖြစ်သည်။

ချင်းပြည်နယ်တွင်းမှ စစ်ဘေးရှောင်နှင့်ပတ်သက်ပြီး UNHCR ၏ဧပြီလဆန်းပိုင်းအထိ စာရင်းအရ ၄၂၀၀၀ ဟုဖော်ပြသော်လည်း ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO စာရင်းအရ ၆၇၉၃၂ ဟုဖော်ပြထားသည်။ ISP Myanmar ၏စာရင်းအရ ချင်းပြည်နယ်တွင်းမှ စစ်ဘေးရှောင် ၅၇၀၀၀ ကျော်ဟုဖော်ပြထားပြီး စစ်ဘေးရှောင်များ၏ လေးပုံသုံးပုံမှာ အိန္ဒိယနိုင်ငံဖက်သို့ ထွက်ပြေးတိမ်းရှောင်ကြရသည်ဟု ဆိုသည်။

Data for Myanmar စာရင်းအရ ဖေဖော်ဝါရီလ အာဏာသိမ်းပြီး ချိန်မှာ ၂၀၂၂ မတ်လကုန်အထိ ပြုစုသည့် စာရင်းတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ကောင်စီတပ်မှ မီးရှို့လိုက်သည့် နေအိမ်ပေါင်း ၇၇၂၉ အိမ်ရှိပြီး ချင်းပြည်နယ်တွင် ၁၅၆၂ အိမ်မီးရှို့ဖျက်စီးခံရကြောင်း ဖော်ပြထားသည်။

တစ်နိုင်ငံလုံးတွင် နေအိမ်များ မီးရှို့ခံရမှုအများဆုံး ဒေသမှာ စစ်ကိုင်းတိုင်းဖြစ်ပြီး ချင်းပြည်နယ်သည် ဒုတိယအများဆုံးဖြစ်သည်။ တစ်နိုင်ငံလုံး နေအိမ်မီးလောင်မှုအရေအတွက်၏ ၁၇ ရာခိုင်နှုန်းသည် ချင်းပြည်နယ်မှ ဖြစ်သည်။

 တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နေအိမ်ီးရှို့ခံရသည့် အထက်ပါအရေအတွက်များသည် ၂၀၂၂ ခုနှစ်မတ်လ ကုန်ပိုင်း အစီရင်ခံစာများ၏ စာရင်းဖြစ်ပြီး ဧပြီလအတွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် များတွင် နေအိမ်ရာချီထပ်မံမီးလောင်ကျွမ်းသည့် စာရင်းများမပါရှိသေးပေ။

မြို့တွင်းတိုက်ပွဲများအတွင်း လူနေအိမ်များမီးရှို့ခံရရုံမက ခရစ်ယာန်ဘာသာရေးဆိုင်ရာ အဆောက်အဦးများလည်း မီးရှို့ဖျက်စီးခြင်းများ ခံရသည်။ ခရစ်ယာန်ဘာသာရေးအဆောက်အဦးများ ပျက်စီးမှုအခြေအနေသည် တစ်နိုင်ငံလုံးတွင် ၆၂ ခုရှိသည့်အနက် ချင်းပြည်နယ်မှ ၅၀ ခုဖြစ်ကြောင်း Irrawaddy News ကဖော်ပြသည်။ အထူးသဖြင့် ချင်းပြည်နယ် ထန်တလန်မြို့တွင် ခရစ်ယာန်ဘာသာရေးအဆောက်အဦးအများဆုံး မီးလောင်ပျက်စီးခဲ့သည်။

တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် စစ်ကောင်စီမှ ဖေဖော်ဝါရီကတည်းက ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်သည့် ဦးရေမှာ မတ်လကုန်အထိ AAPP ၏စာရင်းအရ ၁၇၁၄ ဦးအထိရှိပြီး ချင်းလူမျိုး ၂၂၁ ဦးအထိရှိလာပြီဖြစ်ကြောင်း ဖော်ပြထားသည်။ စစ်ကောင်စီတပ်များ၏ သတ်ဖြတ်သည့် တစ်နိုင်ငံလုံးဦးရေ၏ ၁၁ ရာခိုင်နှုန်းသည် ချင်းလူမျိုးများဖြစ်နေသည်ကို တွေ့ရသည်။

စစ်ကောင်စီ၏ ဖမ်းဆီးခံရသူအရေအတွက်သည် တစ်နိုင်ငံလုံးတွင် ၁၂၉၈၉ ဟု နိုင်/ကျဉ်း ကူညီရေးအဖွဲ့မှ ဆိုထားပြီး အဖမ်းခံရသည့် ချင်းလူမျိုးဦးရေမှာ ၉၆၄ အထိရှိသည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့က ဖော်ပြထားသည်။ အဆိုပါ အဖမ်းခံရသည့် ချင်းလူမျိုးအရေအတွက်သည် အဖမ်းခံရသည့် တစ်နိုင်ငံလုံးအရေအတွက်၏ ၇ ရာခိုင်နှုန်းရှိ်နေသည်။

စစ်ကောင်စီတပ်မှ သတ်ဖြတ်သည့် အသက်မပြည့်သေးသည့် ချင်းလူမျိုးကလေးငယ်မှာ ၁၄ ဦင်္းအထိရှိပြီး တိုက်ပွဲများကြောင့် ဒဏ်ရာရရှိသူ ၉ ဦးနှင့် အဖမ်းစီးခံရသူ ၁၉ ဦးအထိရှိ်နေသည်။ အသက်မပြည့်သေးသည့် ကလေးငယ်များအသတ်ခံရမှုတွင် အထင်ရှားဆုံးမှာ ၂၀၂၂ ဇန်နဝါရီလ ၆ ရက်နေ့က မတူပီမြို့နယ်တွင် စစ်ဆင်ရေးဦးဆောင်နေသည့် ဗျူဟာလက်အောက်ခံ ဗိုလ်ကြီးရဲကျော်၏ တပ်ဖွဲ့မှ မတူပီမြို့ဘေးနားတွင် သတ်ဖြတ်လိုက်သည့် ၁၃ နှစ်အရွယ်ကလေးဖြစ်သည်။ အဆိုပါ ၁၃ နှစ်အရွယ်ကလေးမှာ လည်ပင်းအလှီးခံရခြင်း၊ ဓားဖြင့်နောက်ကျောတွင်အထိုးခံရကာ သေဆုံးခဲ့သည်။

ထို့အတူ တော်လှန်ရေးတိုက်ပွဲတွင် ပါဝင်ရင်း အသက်ပေးသွားသူ၊ အဖမ်းခံရသူနှင့် ဒဏ်ရာရရှိသည့် ချင်းအမျိုးသမီးဦးရေမှာလည်း ၂၀၀ ကျော်အထိရှိ်နေသည်။ လက်ရှိအချိန်ထိ တော်လှန်ရေးလှုပ်ရှားမှုတွင် ပါဝင်သည်ဟု စွပ်စွဲဖမ်းစီးခံရသူ ချင်းအမျိုးသမီး ၁၆၈ ဦး၊ သေဆုံးခဲ့ရသူ ၁၂ ဦးနှင့် ဒဏ်ရာရရှိခဲ့ရသူ ၁၈ ဦးရှိကြောင်း CHRO စာရင်းကဖော်ပြသည်။

တစ်နိုင်ငံလုံးတွင် တိုက်ပွဲများပိုမိုပြင်းထန်လျက်ရှိနေသဖြင့် ပြည်သူများဖက်မှ ဆုံးရှုံးပျက်စီးမှုများ၊ သေဆုံးမှုစာရင်းများသည် တိုးပွားလျက်ရှိနေမည်ဖြစ်သည်။ စစ်ဘေးနှင့်မလွတ်ကင်းသည့် ချင်းပြည်နယ်နှင့် ချင်းလူမျိုးများနေထိုင်ရာဒေသများတွင်လည်း အဆိုးဖက်ကို ဖော်ပြသည့် ကိန်းကဏန်းများ တိုးနေအုံးမည်ဟု ခန့်မှန်းရသည်။

ရေး - DonBosco

May 3, 2024
စစ်ကိုင်းတိုင်း ကလေးမြို့ မြောက်ပိုင်း ကလေး - လက်ပံချောင်း လမ်းမဘေးမှာတည်ရှိတဲ့...
April 29, 2024
မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီ(၂၆)ရက်နေ့ တစ်ရက်အတွင်း အထောက်အထားမဲ့ ရွေ့ပြောင်းအလုပ်သမား ၂...
April 26, 2024
ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ် (၂)က ဝမ္မသူးဆေးရုံကို ယမန်နေ့ည ဧပြီလ(၂၅) ရက်နေ့ ...