ဗိုလ်ချုပ်မှူးကြီးရဲ့ သမ္မတအိပ်မက်နဲ့ ခရိုင်တွေတိုးချဲ့ဖွဲ့စည်းသွားမယ့် PR စနစ်ရွေးကောက်ပွဲ

ဗိုလ်ချုပ်မှူးကြီးရဲ့ သမ္မတအိပ်မက်နဲ့ ခရိုင်တွေတိုးချဲ့ဖွဲ့စည်းသွားမယ့် PR စနစ်ရွေးကောက်ပွဲ

သမ္မတအိပ်မက်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

“နှစ်ပေါင်း ၄ဝ ကျော် အတွေ့အကြုံ တိုင်းမှူးနဲ့ ပြည်နယ် ဥက္ကဋ္ဌလုပ်ခဲ့သလို တိုင်းပြည်အတွက် ဆက်ပြီးတော့ လုပ်သွားမှာပါ”လို့ ရုရှားအခြေစိုက် Arguments and Facts သတင်းဌာနနဲ့ ၂၀၂၀ ခုနှစ်၊ ဇွန် ၂၅ ရက်နေ့ အင်တာဗျူးပြောဆိုခဲ့စဥ်ကတည်းကပင် သမ္မတအလွန်ဖြစ်ချင်တဲ့ ဆန္ဒတွေ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ အိပ်မက်တွေရှိနေခဲ့တာကို လူတွေအတော်များများက သတိပြုခဲ့တဲ့အချက်ပဲ ဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲပြီးချိန်ကစပြီးလို့ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၃ ကြိမ်တွေ့ဆုံခဲ့တဲ့နေရာမှာ အဓိကပါဝင်ခဲ့သူ NLD ထိပ်တန်းခေါင်းဆောင် ဦးဝင်းထိန်ကတော့ “ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အစီအစဉ်က ၂၀၂၀ မှာ သမ္မတ ဖြစ်လာရေးပါ”လို့ ၂၀၁၇ ခုနှစ်မှာ နယူးယောက်တိုင်းမ် သတင်းစာကို မှတ်ချက်ပေး ပြောဆိုခဲ့ဖူးတယ်။

 နောက်ပိုင်း အထက်ပါ ရုရှားအခြေစိုက် Arguments and Facts သတင်းဌာနကို ဗိုလ်ချုပ်မှူးကြီးအင်တာမဗျူးခင် ရက်ပိုင်းအလို ဘီဘီစီသတင်းဌာနနဲ့ ဇွန်လ ၂၀ ရက်နေ့က ပြုလုပ်တဲ့ အင်တာဗျူးတခုမှာလည်း “ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဖို့အတွက် (ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင် ခေါင်းဆောင်လိုက်၊ နောင်လာမယ့် ရွေးကောက်ပွဲမှာ (သူ) သမ္မတ ဖြစ်ဖို့ အလားအလာ များတယ်”လို့ ဦးဝင်းထိန် မှတ်ချက်ပေးခဲ့ပြန်ပါတယ်။

အထက်ပါ ဦးဝင်းထိန် ယူဆချက်အပေါ် ဖွဲ့စည်းပုံ ပြင်ပေးပါက သမ္မတပေးလုပ်မယ်ဆိုတဲ့ နိုင်ငံရေးအပေးအယူမျိုး NLD ပါတီမှာ စဉ်းစားချက်မရှိဘူးလို့လည်း ပါတီပြောခွင့်ရ ဒေါက်တာ ဇော်မြင့်မောင်က သတင်းဌာနတွေကို တုန့်ပြန်ပြောဆိုခဲ့ဖူးတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ၂၆ ရာခိုင်နှုန်းတောင် ကြံ့ခိုင်ရေးပါတီက မဲအနိုင်မရခဲ့တာမို့ သမ္မတဖြစ်ဖို့အရေး ဝေးခဲ့ရတာကို နေပြည်တော် ဇေယျာသီရိမြို့နယ်မှာ မဲပေးပြီးနောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကောင်းကောင်းကြီး သဘောပေါက်ခဲ့တာပါ။

အဲဒီနောက်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်အနေနဲ့ အာဏာမသိမ်းဘူးလို့ မှတ်ယူလို့ မရဘူးဆိုတာကို အာဏာမသိမ်းခင်တစ်ပတ်အလို ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တပ်မတော် သတင်းစာရှင်းလင်းပွဲမှာ အတိအလင်း ထုတ်ဖော်ပြောကြားလာပါတယ်။

ဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတဖြစ်လာရေး NLD ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ အပေးအယူလုပ် ညှိနှိုင်းခဲ့တာမအောင်မြင်ခဲ့ဘူး ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာချိန်မှာပဲ ၂၀၂၁ ခုနစ် ဖေဖော်ဝါရီ (၁) ရက်နေ့ မနက်စောစောမှာ စစ်တပ်က အာဏာထိန်းသိမ်းလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။

အကယ်စင်စစ် ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်အပြီးမှာ ဗိုလ်ချုပ်မှူးကြီး ဖြစ်ချင်တဲ့အိပ်မက်အတိုင်း သမ္မတသာ ဖြစ်ခွင့်ရခဲ့မယ်ဆိုရင် ယခုလိုစစ်အာဏာသိမ်းမှုကြီး ပေါ်ပေါက်လာစရာအကြောင်း ရှိမှာ မဟုတ်ပါဘူး။

PR (Proportional Representation) အချိုးကျကိုယ်စားပြုစနစ်

နိုင်ငံတည်ငြိမ်အေးချမ်းမှုအပေါ်မူတည်ပြီး ၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ဖို့ အတတ်နိုင်ဆုံးကြိုးပမ်းဆောင်ရွက်နေတယ်လို့ အခါအခွင့်ကြုံတိုင်းလိုလိုမှာ ဗိုလ်ချုပ်မှူးကြီး မကြာမကြာ ထုတ်ဖော်ပြောဆိုနေတာဟာ အနာဂတ်ရွေးကောက်ပွဲအပေါ် သူရဲ့မျှော်လင့်ချက်ထားရှိနေပုံက သိပ်ကိုပေါ်လွင်နေပါတယ်။  

ဘယ်လိုမှဆက်စပ်မှုမရှိတဲ့ စစ်တပ်ကထုတ်ပြန်လာတဲ့ မဲစာရင်းတွေကသာ အမှန်အကန်ပါလို့အတင်းထုတ်ပြန်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အပြတ်အသတ်အနိုင်ရခဲ့တဲ့ ၂၀၂၀  ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းလိုက်ပြီလို့ မနှစ်ဇူလိုင် ၂၆ ရက်နေ့မှာ အာဏာသိမ်းစစ်ကောင်စီက ပြောင်ပြောင်တင်းတင်းပဲ ကြေညာခဲ့တာပါ။

NLD အစိုးရလက်ထက်ရွေးကောက်ပွဲကော်မရှင်တစ်ဖွဲ့လုံးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ယခင် ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC ဥက္ကဌဖြစ်ခဲ့တဲ့ ဦးစိုးသိန်းကိုပဲ စစ်ကောင်စီက တဖန်ပြန်လည် ခန့်အပ်ပြန်ပါတယ်။

ရွေးကောက်ပွဲမဲစာရင်းတွေနဲ့ပတ်သက်ပြီး ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၈,၂၇၁,၄၄၇ ကို စိစစ်ခဲ့ရာ မဲမသမာမှုဖြစ်ပွားတဲ့ အရေအတွက် ၁၁,၃၀၅,၃၉၀ (၂၉ ဒသမ ၅၄ ရာခိုင်နှုန်း) ရှိတယ်လို့ ဦးစိုးသိန်းရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆက်လက်ထုတ်ပြန်ပါတယ်။

အဲဒီနောက် ရှေ့လာမယ့်ရွေးကောက်ပွဲတွေမှာ PR (Proportional Representation) အချိုးကျကိုယ်စားပြုစနစ် ပြောင်းလဲကျင့်သုံးသွားမယ်ဆိုတာကို တဆင့်ချင်း တိုးပြီးချပြလာပါတော့တယ်။

နိုင်ငံရေးပါတီတွေအနေနဲ့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လက်ရှိမှာ UEC ဟာ PR စနစ် အစားထိုးနိုင်ဖို့ လုပ်ဆောင်နေတဲ့ သဘောတွေ့ရတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ ဥက္ကဌ ဦးစိုင်းညွန့်လွင်က မှတ်ချက်ပေးခဲ့ပါတယ်။

SNLD ပါတီအနေကတော့ ယခင်ပြောထားခဲ့သလိုပါပဲ လက်ရှိအခြေအနေအရ မြန်မာနိုင်ငံမှာ PR စနစ်ကျင့်သုံးမယ်ဆိုပါက တရားမျှတမှု မရှိနိုင်တဲ့အတွက် PR စနစ်ကျင့်သုံးရေးကို သဘောမတူနိုင်ဘူးလို့ သတင်းတွေမှာ မကြာမကြာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။  

စစ်ကောင်စီရဲ့ UEC က နိုင်ငံရေးပါတီ ၆၂ ပါတီကျော်နဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်မှ ၂၆ ရက်ထိ ရန်ကုန်မြို့တိုင်း အစိုးရရုံးမှာ ၄ ကြိမ်မြောက် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံနဲ့ ကိုက်ညီမယ့် PR စနစ် ကျင့်သုံးဖို့ ဆွေးနွေးခဲ့ကြတဲ့နေရာမှာ ရခိုင်ပါတီတွေအနေနဲ့ ဒေါက်တာအေးမောင် ခေါင်းဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီ (AFP) တစ်ပါတီပဲ တက်ရောက်ပေမယ့် ရခိုင်အမျိုးသားပါတီ (ANP) နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD)တို့ မတက်ရောက်ခဲ့သလို တိုင်းရင်းသားပါတီအားလုံးမှာ အင်အားအကြီးဆုံး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) လည်း တက်ရောက်ခြင်းမရှိပါ။

ကြံ့ခိုင်ရေး တပါတီအာဏာရှင်စနစ်၊ NLD တပါတီအာဏာရှင်စနစ် ကြီးစိုးတဲ့ဒဏ်ကို တိုင်းရင်းသားတွေခံစား ကြုံခဲ့ဖူးပြီဖြစ်တာမို့ ရွေးကောက်ပွဲစနစ် ပြောင်းလဲတာဟာ တိုင်းရင်းသားပါတီတွေအဖို့ ထူးမခြားနားတဲ့ အကြောင်းအရာတခုပဲလို့ ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ရှုမြင်နေပြီး မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားဖို့အတွက် ဘယ်ရွေးကောက်ပွဲစနစ်ကိုမဆို စောဒက တက်စရာ မရှိဘူးလို့ ဆိုပါတယ်။

PR စနစ်ဆိုရင် ပါတီအငယ်တွေလည်း လွှတ်တော်ထဲရောက်ရှိလာမှာဖြစ်တဲ့အတွက် ၅၀ ရာခိုင်နှုန်းကျော် မဲနိုင်တဲ့ပါတီ မရှိသလောက်ဖြစ်သွားပြီး အစိုးရဖွဲ့စည်းတာပဲဖြစ်ဖြစ်၊ လွှတ်တော်ဥက္ကဋ္ဌနေရာ ရွေးချယ်တာပဲဖြစ်ဖြစ် တပ်မတော်ရဲ့ ၂၅ ရာခိုင်နှုန်းကပဲ အခရာအကျဆုံး ဖြစ်လာပါလိမ့်မယ်။

ဒါကြောင့် တပ်ချုပ်ကြီးရဲ့ သမ္မတအိပ်မက်အကောင်အထည်ပေါ်လာဖို့ဆိုတဲ့နေရာမှာ PR စနစ်ကသာ အသေချာဆုံးပါပဲလို့ တွက်ကိန်းနဲ့ အဖြေကိုထုတ်ခဲ့ပြီးသားပါ။  

ခရိုင်တွေကို တိုးချဲဖွဲ့စည်းသွားမယ်

ဝန်ကြီးချုပ်အဖြစ် မိမိကိုမိမိခန့်ယူထားတဲ့ တပ်ချုပ်ကြီး မင်းအောင်လှိုင်က ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက်နေ့ စစ်ကောင်စီအစည်းအဝေးမှာ ကောင်းမွန်တဲ့အုပ်ချုပ်ရေးအတွက် မြန်မာနိုင်ငံတဝန်း ခရိုင်တွေတိုးချဲ့ဖို့ လိုအပ်လာတယ်လို့ ပြောဆိုလာပါတယ်။

အဲဒီအစည်းအဝေးတောင်မပြီးသေးခင် ချက်ချင်းဆိုသလိုပဲ မြန်မာတစ်နိုင်ငံလုံးမှာ ရှိနေပြီးသား ၇၄ ခရိုင်အပြင် နောက်ထပ် ၄၂ ခရိုင် ထပ်မံ တိုးချဲ့ဖွဲ့စည်းသွားဖို့ လျာထားတဲ့ မိတ္တူစာရွက်တွေ အင်တာနက် Online ပေါ်မှာ တမဟုတ်ချင်း ပြန့်နှံ့လာပါတော့တယ်။

ယခင်နဝတစစ်အစိုးရလက်ထက် ၂ဝ၁ဝ မတိုင်ခင်မှာ ခရိုင်သစ်တွေနဲ့ မြို့နယ်ခွဲတွေ အများအပြား ပေါ်ထွက်လာခဲ့သလို ၂၅ မြို့နယ်သာရှိခဲ့တဲ့ ယခင်ကရန်ကုန်တိုင်းကို ၄၅ မြို့နယ်အထိ၊ လူသူမရှိခဲ့ဖူးတဲ့ နေပြည်တော်လိုနေရာမျိုးမှာ မြို့နယ် ၁၀ ခုအထိတိုးချလာပြီး ဗမာလူမျိုးတွေကြီးစိုးတဲ့နယ်မြေတွေအတွက် ပြည်သူ့လွှတ်တော်မှာ ထိုင်ခုံနေရာတွေကို မသိမသာတိုးယူလာတဲ့သဘော တွေ့ရှိခဲ့ရပါတယ်။

လက်ရှိ ၇၄ ခရိုင်ကို စစ်ကောင်စီက ၄၂ ခရိုင် ထပ်တိုးလိုက်မယ်ဆိုရင် တစ်နိုင်ငံလုံးအနေအထားအရ ခရိုင် ၁၁၆ ခုအထိ ဖြစ်သွားပြီး ဒီခရိုင်တွေကိုအခြေခံလို့ PR မဲဆန္ဒနယ်မြေတွေသတ်မှတ်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဥပဒေထုတ်ပြန်သွားဖို့ ရှိပါတယ်။

ဒေသအခြေစိုက် နိုင်ငံရေး သမားတချို့ကတော့ ကိုယ့်ဒေသမှာ မဲဆန္ဒနယ် တိုးများလာတာဟာ ကိုယ်အတွက် အခွင့်ကောင်းလို့ မျှော်လင့်နေနိုင်တာမျိုးလည်း ရှိပါတယ်။ ဥပမာအားဖြင့် မွန်ပြည်နယ်ထဲမှာ ရှိနေပြီးသား မော်လမြိုင်နဲ့ သထုံခရိုင်အပြင် ကျိုက်ထိုနဲ့ ရေးခရိုင် ၂ ခုထပ်တိုးလာခဲ့ရင် မြို့နယ်အသစ် ၄ ခုအတွက် မဲဆန္ဒနယ်မြေတိုးလာနိုင်တယ်လို့လည်း မျှော်လင့်နေကြတဲ့ မွန်နိုင်ငံရေးသမားတချို့ကိုလည်း တွေ့မိပါတယ်။

PR စနစ်သတ်မှတ်လိုက်တဲ့အခါ တိုင်းရင်းသားနယ်မြေတွေထဲမှာ မဲဆန္ဒနယ်မြေတွေတိုးလာနိုင်စရာ ရှိတယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ တိုင်းရင်းသားပါတီတချို့ကို နှစ်သိမ့်စေခဲ့တဲ့သဘောသာ ဖြစ်နိုင်ပေမယ့် အနှစ်သာရအားဖြင့် ထူးခြားလာမှာမဟုတ်ဘူးလို့ ဝါရင့်နိုင်ငံရေးသမားတွေက တော့ ဆိုပါတယ်။

ရွေးကောက်ပွဲ အလားအလာ

သြဇာတိက္ကမကြီးမားပြီး ရွေးကောက်ပွဲတွေမှာ မဲအများဆုံးနိုင်လေ့ရှိကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD, ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD နဲ့ ရခိုင်အမျိုးသားပါတီ ANP တို့ကတော့ အခု PR စနစ်ကို လက်ခံကြတာ မဟုတ်ပါဘူး။

တရားဝင် ၉၂ ပါတီကျန်ရှိနေတဲ့အထဲမှာ ရွေးကောက်ပွဲမှာအနိုင်မရခဲ့သလို သိပ်ပြီးအရာမရောက်ခဲ့တဲ့ ပါတီ ၆၀ ကျော်ရုံလောက်ကပဲ စစ်အုပ်စုကို မျက်စိစုံမှိတ်လို့ ထောက်ခံနေတာ တွေ့နေရတာပါ။

နိုင်ငံရေးပါတီတွေရဲ့ ပါတီဝင်ကြေးနဲ့ လစဉ်ကြေး၊ ပါတီကိုလှူဒါန်းတဲ့ ငွေကြေးနဲ့ ပစ္စည်းစာရင်း၊ ပါတီပိုင်စီးပွားရေးထဲက အမြတ်ငွေ၊ ပါတီရန်ပုံငွေနဲ့ ငွေသုံးစာရင်း၊ ဝယ်ယူထားတဲ့ ပစ္စည်းစာရင်း၊ ပါတီစည်းရုံးရေးအသုံးစရိတ်၊ ကိုယ်စားလှယ်လောင်း တစ်ယောက်စီအတွက် သုံးစွဲထားတဲ့စာရင်း စတာတွေကို စစ်ဆေးခံမထားတဲ့အတွက် လက်ရှိစစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ အထက်ပါ ၃ ပါတီကို လက်ရှိမှာတနည်းနည်းနဲ့ အရေးယူနိုင်တဲ့ အနေအထား ရှိနေပါတယ်။

သို့သော် အကဲခတ်တချို့ကတော့ ဒီပါတီတွေကို လုံးဝဖျက်သိမ်းပစ်မယ့်အနေအထားမဟုတ်သည့်တိုင် အနည်းဆုံး ၃ နှစ်လောက်တော့ ပါတီအဖြစ်ကနေ ဆိုင်းငံ့ပြစ်ဒဏ်တွေ ပေးအပ်နိုင်တယ်လို့ ဆိုကြပါတယ်။  

ဘယ်လိုပဲ ဖြစ်ဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ စစ်တပ်နောက်ခံပြုထားတဲ့ ဒါမှမဟုတ် စစ်တပ်ကိုထောက်ခံတဲ့ ဒါမှမဟုတ် စစ်တပ်ထောက်ခံမှုကို မျှော်လင့်နေတဲ့ နိုင်ငံရေး ပါတီတွေနဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ မျှော်မှန်းထားပုံရပါတယ်။ ရွေးကောက်ပွဲ စနစ်ကိုလည်း အချိုးကျရွေးကောက်မှု စနစ်ကို ပြင်ဆင်ပြီး မဲဆန္ဒနယ်တွေ တိုးချဲ့ခြင်းအားဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ လက်ထက်မှာ မအောင်မြင်ခဲ့တဲ့ သမ္မတ အိပ်မက်ကို ဆက်မက်နေဆဲပဲ လို့ သုံးသပ်လိုက်ရပါတယ်။

(သုံးသပ်ချက်၊ နှင့် ထင်မြင်ချက် ဆောင်းပါးများမှာ စာရေးသူများ၏ သုံးသပ်ချက်နှင့် ထင်မြင်ချက်များသာ ဖြစ်ပြီး သတင်းနှင့် မီဒီယာ ကွန်ရက်၏ ရပ်တည်ချက် အာဘော်မဟုတ်ပါ။)

သော်ဇင်ဦး ရေးသားသည်။

Most read this week

May 1, 2024
ကရင်နီပြည်ရှိ တော်လှန်ရေးတပ်ပေါင်းစုများ သိမ်းပိုက်ထားသော မြို့အများစုတွင် မြေမြုပ်မိုင်း...
April 20, 2024
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် အချိန်ခါ မဟုတ် မိုးရွာသွန်းမှုကြောင့် နေအိမ်အမိုးအကာများ...
April 6, 2024
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး...
April 4, 2024
ရှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့ လေဆိပ်တွင် လေယာဉ် လိုက်ပါစီးနင်းမည့် ခရီးသည်များအား...