ကိုးကန့်နှင့် စစ်ကော်မရှင်တို့ လားရှိုးအနီး တင်းမာမှု ဖြစ်နေ

ကိုးကန့်နှင့် စစ်ကော်မရှင်တို့ လားရှိုးအနီး တင်းမာမှု ဖြစ်နေ

ကိုးကန့်တပ်မတော် MNDAA မှ တပ်ဆုတ်ရန် ငြင်းပယ်မှုကြောင့် ရှမ်းပြည် မြောက်ပိုင်း၊ လားရှိုးမြိုးအနီး နှစ်ဖက်ကြား စစ်ရေးတင်းမာကာ အဓိကလမ်းပိုင်းများ ပိတ်ဆို့မှုကြောင့် တရုတ်-မြန်မာ ကုန်သွယ်ရေး ထိခိုက် နေရသည်။

လားရှိုးမြို့အနီးတွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် (MNDAA) တို့အကြား ယခုနှစ်ဆန်းပိုင်းက တရုတ်၏ ကြားဝင်မှုဖြင့် ရရှိထားသည့် အပစ်ရပ်စဲရေး သဘောတူညီမှုမှာ တစ်နှစ်မပြည့်မီပင် စစ်ရေးတင်းမာမှု များ ပြန်လည်မြင့်တက်လာခဲ့သည်။

ထိုသို့ တင်းမာမှုများကြောင့် အဓိက လမ်းပိုင်းများ ပိတ်ဆို့ခံထားရပြီး ဒေသတွင်း စီးပွားရေးနှင့် တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်ရေးကိုပါ ထိခိုက်လာကြောင်း ဒေသခံများက ပြောသည်။

ရှမ်းမြောက်ရှိ လက်နက်ကိုင်အဖွဲ့များနှင့် နီးစပ်သူတစ်ဦးက “အဓိကတော့ သီပေါ-လားရှိုး လမ်းပိုင်းကို MNDAA က တပ်ဆုတ်ပေးမှာ မဟုတ်တဲ့အတွက် တင်းမာမှုက ဆက်ဖြစ်နေတယ်။ မြေပြင်မှာ ညှိနှိုင်းမှုတွေ လုပ်ခဲ့ပေမယ့် မပြေလည်တာကြောင့် ဖြစ်လာတဲ့ အခြေအနေတွေပါ” ဟု ပြောသည်။

တင်းမာမှုများ မြင့်တက်လာခြင်းမှာ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲ၌ စစ်ကော်မရှင် တပ်ဘက်မှ ကိုးကန့်တပ် MNDAA ကို သီပေါ-လားရှိုး လမ်းပိုင်းမှ ဆုတ်ခွာပေးရန် တောင်းဆိုခဲ့ရာ ကိုးကန့်ဘက်က လက်မခံဘဲ ငြင်းပယ်ခဲ့ရာမှ စတင်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ငြင်းပယ်မှုကြောင့် နှစ်ဖက်တပ်များအကြား စစ်ရေးအရ အပြန်အလှန် ဖိအားပေးမှုများ ပြုလုပ်ခဲ့ပြီး သီပေါ-လားရှိုး လမ်းမကြီးပေါ်ရှိ အဓိက လမ်းပိုင်းများကို ပိတ်ဆို့ထားသည်။

ထိုလမ်းပိုင်းသည် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီး၏ အရေးပါသော အစိတ်အပိုင်းဖြစ်သောကြောင့် လမ်းပိတ်ဆို့မှုက တရုတ်-မြန်မာ နယ်စပ် ကုန်တင်ယာဉ်များမှာ ကြီးမားသော အခက်အခဲနှင့် ရင်ဆိုင်နေရသည်။

လားရှိုးမြို့ပေါ်တွင်လည်း စစ်ရေးတင်းမာမှု၏ အရိပ်အယောင်များကို မြင်တွေ့နေရကြောင်း ဒေသခံများက ပြောသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့ ညပိုင်းတွင် လားရှိုးမြို့ ရပ်ကွက်တစ်ခုအနီးရှိ စစ်ကော်မရှင်တပ်စခန်းမှ သေနတ် အချက် ၂၀ ခန့်ကို တဖက်သတ် ပစ်ခတ်သံများ ကြားရသဖြင့် မြို့ခံများ စိုးရိမ်နေသည်။

လားရှိုး ဒေသခံတစ်ဦးက “ညဘက် ၉ နာရီလောက်က တဖက်သတ် ပစ်တဲ့အသံကြားကြတာပါ။ လက်နက်ငယ် အချက် ၂၀ လောက် ပစ်ခတ်တာ။ တိုက်ပွဲမဟုတ်တာတော့ သေချာတယ်။ ဘာကြောင့်ပစ်တယ်ဆိုတာ ရှင်းရှင်း လင်းလင်း မသိရတော့ ဒေသခံတွေ စိုးရိမ်နေကြတာပါ” ဟု ပြောသည်။

တစ်ချိန်တည်းမှာပင် လားရှိုးမြို့ပြင်ရှိ ကျေးရွာများတွင်မူ MNDAA တပ်ဖွဲ့များ၏ လှုပ်ရှားမှုသည် ပုံမှန်အတိုင်းပင် ရှိနေပြီး၊ စစ်ကော်မရှင်တပ်က တပ်ဆုတ်ရန် ဖိအားပေးနေသော်လည်း ကိုးကန့်တပ်ဘက်က တပ်ဆုတ်ခြင်း မရှိဘဲ အုပ်ချုပ်ရေးလုပ်ငန်းများကို ပုံမှန်အတိုင်း လည်ပတ်ဆောင်ရွက်နေကြောင်း ဒေသခံ သတင်း အရင်းအမြစ်များက အတည်ပြု ပြောဆိုသည်။

တရုတ်နိုင်ငံ၏ ကြားဝင်မှုဖြင့် ရရှိခဲ့သော အမည်ခံ အပစ်ရပ်စဲမှုသည် စစ်ကော်မရှင်တပ်၏ တပ်ဆုတ်ရေး တောင်းဆိုချက်များကြောင့် ပျက်ပြားမည့် အခြေအနေနှင့် ရင်ဆိုင်နေရပြီး ရှမ်းမြောက်ဒေသ၏ စစ်ရေး တည်ငြိမ်မှုနှင့် ကုန်သွယ်ရေး လမ်းကြောင်းများ၏ အခြေအနေကို ဆက်လက် စောင့်ကြည့်နေရသည်ဟု ဒေသခံများက ဆိုသည်။

photo credit - CJ

Most read this week

December 1, 2025
တနင်္သာရီတိုင်းတွင် စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ဥပဒေဖြင့် ဒေါင်းနက်အဖွဲ့ အပါအဝင် ဆန့်ကျင်သူများ...
November 28, 2025
ကချင်ပြည်ရှိ ဖားကန့်၊ ဝိုင်းမော်နှင့် ဗန်းမော်မြို့နယ်များတွင် စစ်ရေးတင်းမာမှုများ...
November 27, 2025
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ အနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်း ၂၆ ခု၌...
Photo credit - CJ
November 26, 2025
တရုတ်-ကချင် နယ်စပ်ဂိတ်များ ပြန်ဖွင့်ပြီး တစ်လနီးပါးအကြာ၌ KIO နယ်မြေအတွင်း စက်သုံးဆီကားများ...