သူခိုးက လူဟစ် (သို့မဟုတ်) စစ်တပ်ထောက်ခံသူများက သတင်းမှားများ ဖြန့်ဝေနေခြင်း

သူခိုးက လူဟစ် (သို့မဟုတ်) စစ်တပ်ထောက်ခံသူများက သတင်းမှားများ ဖြန့်ဝေနေခြင်း

အားမီ — စစ်တပ်က အာဏာမသိမ်းခင်ကရော ၂၀၂၁ အာဏာသိမ်းပြီးနောက်မှာရော စစ်တပ်အားပေး စစ်တပ် ထောက်ခံ သူများက မြန်မာနိုင်ငံသူ/သားများ၏ သည်းခြေကြိုက် Facebook ခေါ် လူမှုကွန်ရက်စာမျက်နှာကနေ သတင်း တု၊ သတင်းမှားများကို ရည်ရွယ်ချက်ရှိရှိနဲ့ ထုတ်လွှင့် ဖြန့်ဝေခဲ့ကြသည်၊ ထုတ်လွှင့် ဖြန့်ဝေလျက် ရှိကြသည်။

စစ်တပ်အာဏာမသိမ်းခင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနှင့်ပတ်သက် သည့် သတင်းအမှားများ၊ တိုင်းရင်းသားပါတီအချို့နှင့် ပတ်သက်သည့် သတင်းအမှားများ၊ တိုင်းရင်းသား တော် လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများ ဆက်စပ်သည့် သတင်းအမှားများကို ပြည်သူတွေ အထင်အမြင်မှား အောင် Facebook စာမျက်နှာကိုပဲ အဓိကသုံးပြီး ဖြန့်ဝေခဲ့ကြသည်။

သို့သော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက်တွင် သတင်းတု သတင်းမှားများကို ဖောဖောသီသီ ပိုတွေ့လာခဲ့ရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်တွင်တော့ Facebook၊ Telegram၊ YouTube တို့မှ သတင်းအမှားများ ဖြန့်ဝေနေရာမှ စစ်တပ်လက်အောက်ခံ ရုပ်မြင်သံကြားသတင်းဌာနများ၊ သတင်းစာများမှလည်း သတင်းအမှား များကို ပြောင်ပြောင်တင်းတင်း ပြည်သူများအကြား ဖြန့်ဝေလာကြသည်။

အထူးသဖြင့် စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာခဲ့ကြသည့် အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ CRPH၊ NUCC၊ ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပတ်သက်သည့် သတင်းအမှားများကို ဖြန့်ဝေလျှက်ရှိသည်။

ထို့အပြင် တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆက်စပ်သည့် သတင်းတု သတင်းအ မှားများကိုလည်း ဆက်လက်ဖြန့်ဝေဆဲဖြစ်သည်။

စစ်တပ်ထောက်ခံသူများသည် တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ PDF များအကြား၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် NUG အကြား၊ NUG နှင့် တိုင်းရင်းသားတော် လှန် ရေးလက်နက်ကိုင်အဖွဲ့အစည်းများအကြား၊ စစ်အာဏာရှင်ဆန့်ကျင်သူများ၊ တက်ကြွလှုပ်ရှားသူများနှင့် NUG၊ CRPH၊ NUCC များအကြား သွေးကွဲစေနိုင်သည့် သတင်းတု၊ သတင်းအမှားများကို ထုတ်လွှင့်ဖြန့်ဝေနေ ကြသည်။

အထက်ပါအစုအဖွဲ့၊ အဖွဲ့အစည်းများအပေါ် ပြည်သူများက အထင်အမြင်မှားအောင်လည်း သတင်းတု၊ သတင်း အမှားများ ဖြန့်ဝေနေကြပြီး၊ လူမျိုးတစ်မျိုးနှင့် တစ်မျိုးကြား မုန်းတီးအောင်၊ လူမျိုးရေးပဋိပက္ခများ ဖြစ်အောင် လည်း ပြောဆိုရေးသားမှုတွေကို ရည်ရွယ်ချက် ရှိရှိဖြင့် ရေးသားဖြန့်ဝေနေကြသည်ကို နေ့စဉ်တွေ့မြင်နေရ သည်။

သတင်းစီစစ်ရေး စာမျက်နှာဟန်ဆောင်ကာ သတင်းမှန်များအား သတင်းမှားအဖြစ် ပုံဖျက်ခြင်း

ပြည်သူများ အားကိုးအားထားပြီး ယုံကြည်စိတ်ချရသည့် သတင်းဌာနများဖြစ်သည့် BBC၊ RFA၊ Khit Thit Media၊ DVB၊ Mizzima၊ Myanmar Now၊ ဧရာ၀တီ အစရှိသည့် သတင်းဌာနများက ရေးသားထုတ်လွှင့်ထားသည့် သတင်း များသည် သတင်းအမှားများဖြစ်သည်ဟု ဆိုကာ သတင်းအမှား စစ်ဆေးသည့် ပုံစံမျိုးဖြင့် ရေးသားမှုများကို စစ် အာဏာသိမ်း ပြီးနောက်ပိုင်းတွင် တော်တော်များများ တွေ့လာရသည်။

ဖေဖော်ဝါရီလ ပထမအပတ်မှစတင်၍ အထူးသတိထားမိသည့် “FACT CHECK” ဆိုသည့် Facebook စာမျက်နှာ သည် အချက်အလက် စစ်ဆေးသည့် ပုံစံမျိုး၊ သတင်းအမှား စစ်ဆေးသည့် ပုံစံမျိုးဖြင့် သတင်းဌာနများမှ တက် လာသည့် သတင်းတော်တော်များများကို သတင်းအမှားပါဟုဆိုကာ ပြုလုပ်ရေးသားနေသည်ကို တွေ့ရသည်။

အထူးသဖြင့် သတင်းဌာနများက ရေးသားထားသည့် တိုက်ပွဲများနှင့် ပတ်သက်သည့် သတင်းများ၊ တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုဆိုင်ရာ သတင်းများ၊ စစ်ကောင်စီတပ် ဖောက်ခွဲခံရသည့် သတင်းများ၊ စစ်ကောင်စီတပ်က လူ့ အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်ထားသည့် သတင်းများ၊ စစ်သားများက ပြည်သူ့ရင်ခွင်ခိုလှုံလာသည့် သတင်း များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထံ ပူးပေါင်းလာသည့် သတင်းများအစရှိသည့် သတင်းများကို သတင်းအမှားများပါဟု ဆိုပြီး ရေးသားဖြန့်ဝေနေသည်ကို တွေ့ရသည်။

ထိုရေးသားမှုများသည် သတင်းအမှန်များကို သတင်းအမှားများပါဟုဆိုပြီး ပြည်သူများ ဝေဝါးသွားအောင် တန်ပြန် ဝါဒဖြန့်ရေးသားမှု သက်သက်သာ ဖြစ်သည်။ FACT CHECK ဆိုသည့် Facebook စာမျက်နှာက သတင်းအမှားပါ ဟု ရေးသားဖြန့်ဝေနေသည့်သတင်းများသည် သတင်းအမှားများ မဟုတ်ပဲ သတင်းအမှန်များသာ ဖြစ်သည်။

FACT CHECK ဆိုတဲ့ Facebook စာမျက်နှာက သတင်းအမှားများပါဟု ပြောလို့ရနိုင်သည့် အချက်အလက် အထောက်အထား တစ်စုံတစ်ရာကို ပြသနိုင်ခြင်း မရှိပဲ “သတင်းအမှားဖြစ်တယ်၊ လုပ်ကြံသတင်းဖြစ်တယ်၊ ဒီဖြစ် စဉ်မျိုး ဖြစ်ပွားခဲ့ခြင်းမရှိဘူး” စသည့် ရေးသားမှုများဖြင့် ယုံကြည်စိတ်ချရသည့် အထောက်အထား ပြသနိုင်ခြင်း မရှိပဲ သတင်းဌာနများက ထုတ်လွှင့်ထားသည့် သတင်းများကို တန်ပြန်ဖြန့်ဝေရေးသားထားသည်။

ပြည်သူများ အားကိုးအားထားပြီး ယုံကြည်စိတ်ချရသည့် သတင်းဌာနများသည် ဒေသခံ သတင်းရင်းမြစ်များနှင့် တိကျသေချာပြီး ခိုင်လုံမှုနှင့် ယုံကြည်စိတ်ချရသည့် သတင်းရင်းမြစ်များကို မေးမြန်းပြီးမှ သတင်းရေးသား ကြခြင်း ဖြစ်သည်။

ထိုသို့ရေးသားကာ သတင်းထောက်များက သတင်းထောက်ချုပ်၊ သတင်းအယ်ဒီတာ အဆင့်ဆင့်ကို ပေးပို့ တည်း ဖြတ်စေပြီး၊ ခိုင်လုံမှုနှင့် သေချာမှု ရှိမှသာ သတင်းများကို ထုတ်လွှင့်ကြခြင်း ဖြစ်သည်။

ထိုအချက်အလက် အားလုံးကို သေချာစစ်ဆေးလိုက်သည့်အခါ FACT CHECK ဆိုသည့် Facebook စာမျက်နှာ၏ ရေးသားမှုများသည် ဝါဒဖြန့်ရန်သက်သက်နှင့် သတင်းဌာနများကို အပုပ်ချချင်သည့် သဘောနှင့် သတင်း အမှန် များကို သတင်းအမှားပါဆိုကာ ရေးသားဖြန့်ဝေနေသည်ကို စိစစ်တွေ့ရှိရပါသည်။

သတင်းအမှန်များကို သတင်းအမှားများအဖြစ် ပုံဖော်ပြီး မီဒီယာကို မီဒီယာနှင့် တန်ပြန်တိုက်ခိုက်မည်ဆိုသည့် စစ် တပ်၏ မူဝါဒသည် ယခင့် ယခင်ကတည်းရှိနေပြီး ယခုကာလတွင် ပိုမိုပြီး အားကောင်းလာသည့်အပြင် သတင်း အမှားများကို ပုံစံမျိုးစုံနဲ့ ဖြန့်ဝေနေသည်ကို တွေ့ရပါသည်။

FACT CHECK Facebook စာမျက်နှာသည် သတင်းဌာနက သတင်းများကို သတင်းအမှားဆိုဟုဆိုက Facebook တွင် မြန်မာဘာသာနှင့် ပြောဆိုရေးသားနေပြီး Twitter တွင်လည်း Myanmar Fact Check @FactCheck_Myan ဆိုသည့် နာမည်နှင့် အင်္ဂလိပ်လို ရေးသားပြီး ဖြန့်ဝေနေသည့်အပြင် Telegram တွင်လည်း တွေ့နေရသည်။

FACT CHECK Facebook စာမျက်နှာကို ၂၀၂၂ ခုနှစ် ဇန္နဝါရီလ ၁၇ ရက်နေ့မှာ စတင်ပြုလုပ်တာဖြစ်ပြီး လက်ရှိ အချိန်အထိ Like လုပ်ထားသူ ၁၄၇၆ Follow ထားသူ ၁၅၉၁ ရှိသည်။ ထို့အပြင် Myanmar Fact Check @ FactCheck Myan Twitter အား ၂၀၂၁ ခုနှစ် နိုဝင်ဘာလက စတင်ပြုလုပ်ထားခြင်းဖြစ်ပြီး လက်ရှိ အချိန်အထိ Followers ၆၃ ရှိနေသည်။ ထို့အပြင် FACT CHECK Telegram တွင် Subscribers ၅၀၀၀ နီးပါး ရှိနေသည်ကို လည်း တွေ့ရသည်။

သတင်းဌာနများက သတင်းများကို သတင်းအမှားပါဆိုပြီး ရေးသားနေသည့် FACT CHECK ၏ Facebook Page Twitter နှင့် Telegram များလင့်မှာ https://www.facebook.com/FACT-CHECK-111989408042162/   https://t.me/factcheckmm https://twitter.com/FactCheck Myan ဖြစ်သည်။

စစ်တပ်၏ ဝါဒဖြန့်ယန္တရား

စစ်ကောင်စီ လက်အောက်ခံ ပြန်ကြားရေး ရုပ်သံလိုင်းများဖြစ်သည့် MWD ၊ MRTV နှင့် သတင်းစာများဖြစ်သည့် ကြေးမုံ၊ မြန်မာ့အလင်းစသည့် နေရာများတွင်ပါ သတင်းအမှားများကို ပြောင်ကျကျ ထုတ်လွှင့်ရေသားနေသည့် အပြင် အဆိုပါ သတင်းစာများတွင် ပြည်သူများ အားကိုးအားထားပြီး ယုံကြည်စိတ်ချရသည့် သတင်းဌာနများကို မဟုတ်မမှန် ဝါဒဖြန့်ချီမှုများ ဆောင်ရွက်နေသည်ဟု ၂၀၂၁ ခုနှစ် ဒီဇင်ဘာလထဲတွင် ရေးသားဖြန့်ဝေခဲ့သည်။

“ဆိုရှယ်မီဒီယာများပေါ်တွင် ထွက်ပေါ်နေသည့် သတင်းတု၊ သတင်းမှားများနှင့် ပတ်သက်၍ သတင်းထုတ်ပြန် ချက်” ဆိုသည့်ခေါင်းစဉ်ဖြင့် BBC၊ RFA၊ Khit Thit Media၊ DVB၊ Mizzima၊ Myanmar Now၊ ဧရာ၀တီ၊ REUTERS အပြင် အခြားသတင်းဌာနများကို သတင်းအမှားများ စစ်ကောင်စီနှင့် ၎င်းတို့၏ လက်အောက်ခံ လုံခြုံရေးတပ်ဖွဲ့ များအပေါ် ပြည်သူများက အထင်အမြင်လွဲမှားစေရန် လူမှုကွန်ရက်များမှ တဆင့် လုပ်ကြံဖန်းဆီးဖော်ပြနေသည် ဟု မြန်မာ့အလင်းသတင်းစာမှတဆင့် စွပ်စွဲပြောဆိုထားသည်။

“ပြည်တွင်း/ပြည်ပ ပြည်ဖျက်မီဒီယာများ၊ မြန်မာနိုင်ငံအား ပြိုကွဲစေလိုသော နိုင်ငံတချို့ ပူပေါင်းကာ တည်ငြိမ် အေးချမ်းစွာ နေထိုင်လိုသော ပြည်သူလူထုများနှင့် တပ်မတော်ကို သွေးခွဲရန်၊ အမုန်းတရားများ ပြန့်ပွားစေရန်၊ ပဋိပက္ခများ ပိုမိုကြီးထွားစေရန် နည်းလမ်းအမျိုးမျိုးဖြင့် သွေးထိုးလှုံ့ဆော်လျက်ရှိ” ဟု စစ်ကောင်စီ၏ ဒီဇင်ဘာလ ၁၀ ရက်နေ့ထုတ် မြန်မာ့အလင်းစာတွင် ရေးသားထားသည်။

စစ်ကောင်စီထုတ် အဆိုပါ သတင်းစာထဲတွင် “အကြမ်းဖက်သမားများနှင့် အကြမ်းဖက်မှုအားပေးသူများ စိတ်ဓါတ် တက်ကြွစေရန် အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှု သတင်းအမှားများ ဖော်ပြခြင်း၊ တပ်မတော်မှ အပြစ်မဲ့ပြည်သူ များအား အနိုင်ကျင့်သတ်ဖြတ်နေသည့် အသွင်ဖြင့် လုပ်ကြံဖန်တီးထားသည့် သတင်းတုထုတ် လွှင့်ခြင်းများ မကြာခဏ ဆောင်ရွက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပုံရိပ်ပျက်ပြားစေရန်နှင့် ပြည်သူများ အထင် အမြင်လွဲမှာစေရန် လူမှုကွန်ရက်များမှတဆင့် လုပ်ကြံဖန်တီးဖော်ပြလျက်ရှိ” ဟုလည်း BBC၊ RFA၊ Khit Thit Media၊ DVB၊ Mizzima၊ Myanmar Now၊ ဧရာ၀တီ၊ REUTERS အပြင် အခြားသတင်းဌာနများကို စွပ်စွဲပြောဆို ဝါဒဖြန့်ထားသည်။

အမည်မဖော်လိုသည့် သတင်းစာဆရာတစ်ဦးက “စစ်ကောင်စီအဓိက ဝါဒဖြန့်တဲ့ အကြောင်းအရင်း စစ်တပ်မကွဲ အောင်၊ စစ်တပ်ကို ယုံနေဖို့၊ အကောင်းမြင်နေဖို့ သူတို့အချင်းချင်းမကွဲဖို့ပေါ့နော်။ ဒါကြောင့် ဒီရည်ရွယ်ချက် တော့ အောင်မြင်တယ်လို့ ပြောရမယ်။ အခုက စစ်တပ်ထဲကလူတွေ၊ စစ်တပ်မိသားစု၊ စစ်တပ်ထောက်ခံသူတွေ က အဲ့ဒီ စစ်တပ်ဘက်မှာပဲ ရှိနေသေးတယ်လေ။ ဆိုတော့ အောင်မြင်ခဲ့တယ်။ ဒါပေမယ့် လူထုအများစုအပေါ်မှာ မအောင်မြင်ခဲ့ဘူး။ အခုလည်း မအောင်မြင်ဘူး။ ၈၈ တွေတုန်းကလည်း မအောင်မြင်ခဲ့ဘူး။ ပြည်သူက သူတို့ကို မယုံဘူး” ဟု ပြောသည်။

လွတ်လပ်သည့် သတင်းမီဒီယာများကို အပုပ်ချခြင်း

မဇ္ဈိမ၊ ဧရာ၀တီ၊ ခေတ်သစ်မီဒီယာ၊ Myanmar Now ၊ DVB နှင့် RFA သတင်းဌာနများသည် အရွယ်မရောက်သေး သည့် အမျိုးသမီးများကို လူကုန်ကူးပြီး ပြည့်တန်ဆာလုပ်ငန်းနှင့် ဇိမ်ခန်းများထဲကို အတင်းအဓမ္မ ထိုးထည့်သည် ဟု ဆိုပြီး Myanmar Hard Talk က Aung Min ဆိုသူက ပြောဆိုထားသည့် ရုပ်သံသတင်း အမှားတစ်ခုကို (Myanmar Hard Talk) MHT News Youtube Channel တွင် ဒီဇင်ဘာလ ၃၁ ရက်နေ့က တင်ထားခဲ့သည်။

မီဒီယာ အံတုမှု အစီအစဉ် ဆိုသည့် ခေါင်းစဉ်နှင့် အဆိုပါ ရုပ်သံကို ဖန်တီးထားခြင်း ဖြစ်ပြီး MHT Youtube Channel တွင် တင်ထားသည့် ရုပ်သံတွင် ရုပ်သံပါ သတင်းခေါင်းစဉ်ကို မယူပဲ “ပြည်ပအထောက်အပံ့ခံ သတင်း ဌာနများအား လေ့လာခြင်း” ဟု ဆိုကာ တင်ထားခြင်းကို တွေ့ရသည်။

Myanmar Hard Talk မှ Aung Min ဆိုသူက “မဇ္ဈိမရယ်၊ ဧရာ၀တီရယ်၊ ခေတ်သစ်မီဒီယာရယ်၊ မြန်မာနောင်း ရယ်၊ DVB သတင်းဌာနတွေက အဓိကအားဖြင့် သူတို့ ဘာလုပ်လဲဆိုတော့ လူကုန်ကူးမှုလုပ်တယ်။ အရွယ်မ ရောက်သေးတဲ့ အမျိုးသမီးငယ်များကို သတင်းလုပ်ငန်းမှာ လုပ်ကိုင်ရမယ်ဆိုပြီးတော့ ထိုင်းနိုင်ငံမှာ ရှိတဲ့ ဇိမ်ခန်း တွေနဲ့ ပြည့်တန်ဆာလုပ်ငန်းကို အတင်းတွန်းထည့်တဲ့ အလုပ်တွေ လုပ်တာကို ကျနော်တို့တွေ့ရတယ်။ ဒါ ၂၀၂၁ ခုနှစ်အတွင်းမှာပေါ့နော်” ဟု စွပ်စွဲပြောဆိုထားသည်။

မဇ္ဈိမ၊ ဧရာ၀တီ၊ ခေတ်သစ်မီဒီယာ၊ မြန်မာနောင်း၊ DVB သတင်းဌာနများ အပြင် RFA ၊ BBC သတင်းဌာနများကို လည်း ထိုကဲ့သို့သော အလုပ်များကို လုပ်သည်ဟုဆိုကာ ပြောဆိုထားသည်ကို အဆိုပါ ရုပ်သံထဲတွင် တွေ့ရသည်။

မဇ္ဈိမသတင်းဌာနက စီမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်းက “သူက အဲ့ဒီသတင်းအမှားတွေကို ဖြန့်ဝေတာ သူ့မှာ ရည် ရွယ်ချက်ရှိတယ်လေ။ သူက စစ်တိုက်သလိုတိုက်တာ။ သူတို့အတွက် ဒီသတင်းဌာနတွေက ရန်သူတွေပဲ။ လွတ် လပ်တဲ့ သတင်းဌာနတွေက သူတို့အတွက် ရန်သူပဲ။ ဘာလို့လဲဆိုတော့ ဒီသတင်းဌာနတွေက တကယ့်အဖြစ်အ ပျက်ကို တင်ပြတာဖြစ်တယ်။ နောက်ပြီး သူတို့ရဲ့ လိမ်ညာမှုတွေကို ဖော်ထုတ်တာဖြစ်တယ်။ သူတို့ရဲ့ ဖုံးကွယ် ထားမှုတွေကို စုံစမ်းတာဖြစ်တဲ့အတွက် အဲ့ဒီဟာက သူတို့ရဲ့ နိုင်ငံရေး ရည်မှန်းချက် မအောင်မြင်တဲ့နေရာမှာ အခန်းကဏ္ဍတစ်ခုအနေနဲ့ ပါတယ်။ အဲ့ဒီအခါကြတော့ သူတို့က ရန်သူလို့ သတ်မှတ်ပြီးတော့ နည်းမျိုးစုံနဲ့ တိုက် ခိုက်တဲ့ နည်းလမ်းတစ်ခုကတော့ သတင်းအမှားတွေ လုပ်ပြီးတော့ ဖြန့်တာ” ဟု ပြောသည်။

Mizzima အပါအဝင် ပြည်သူများ အားကိုးအားထားပြီး ယုံကြည်စိတ်ချရသည့် အထက်ပါ သတင်းဌာနများကို သတင်းဌာနများသည် အရွယ်မရောက်သေးသည့် အမျိုးသမီးများကို ထိုင်းနိုင်ငံထဲကို လူကုန်ကူးမှု လုပ်ဆောင် ခြင်းအပြင် အမေရိကန်နှင့် ဥရောပနိုင်ငံများထဲကိုလည်း လူဦးရေ ငါးဆယ်ကျော်အား လူကုန်ကူးခဲ့သည်ဟု ဆိုပြီး ပြောဆိုထားသည်ကိုလည်း တွေ့ရသည်။

“Mizzima အနေနဲ့ ပြောရလို့ရှိရင် အာဏာသိမ်းတဲ့နေ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာကိုပဲ Mizzima နဲ့ DVB ကို MRTV ပလက်ဖောင်းပေါ်ကနေ လွှင့်ခွင့်မပေးတော့ဘူး။ ဖြုတ်ချလိုက်တာ။ အမှန်ဆိုရင် ဥပဒေကြောင်းအရဆိုရင် အဲ့လို လုပ်ခွင့်မရှိဘူး။ ဒါပေမယ့် လုပ်တာပဲလေ။ မင်းအောင်လှိုင်ကတော့ ပါးစပ်က ဥပဒေ ဥပဒေဆိုတဲ့ဟာကို သိပ်ပြော တယ်။ ဒါပေမယ့် အကုန်လုံးက သူလုပ်ချင်သလို လုပ်တာပဲ။ အဲ့လိုလူမျိုးတွေ အာဏာပလ္လင်ပေါ်ရောက်လာတဲ့ အခါမှာ ဒါမျိုးတွေ လုပ်မယ်ဆိုတာ မျှော်လင့်ထားပြီးသားဖြစ်တယ်” ဟု ဦးစိန်ဝင်းက ဆက်ပြောသည်။

Myanmar Hard Talk က Aung Min ဆိုသူ၏ ပြောဆိုမှုများသည် တိကျသေချာသည့် အထောက်အထားများနှင့် ပြောဆိုထားခြင်းမျိုး မဟုတ်ပဲ တဖက်သားကို ထိခိုက်နစ်နာစေရန်နှင့် သတင်းဌာနများအပေါ် ပြည်သူများ အယုံ အကြည်ကင်းမဲ့အောင် အလိမ်အညာများ သုံးကာပြောဆိုထားခြင်းသာ ဖြစ်သည်။

တစ်ဖက်ကကြည့်မည်ဆိုပါက Aung Min ဆိုသူသည် စစ်အာဏာမသိမ်းခင်နှင့် စစ်အာဏာသိမ်းပြီးနောက်၊ ရွေး ကောက်ပွဲ မတိုင်ခင်နှင့် ရွေးကောက်ပွဲ ကာလအတွင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဖက်မှ တောက် လျှောက် မဲဆွယ်ပေးခဲ့သည်ကို တွေ့ခဲ့ရပြီး ရွေးကောက်ပွဲ ပြီးနောက်တွင် ကြံ့ခိုင်ရေးပါတီနှင့် တပ်မတော်ကို ပြည် သူများ ထောက်ခံအောင် ပြောဆိုစည်းရုံးမှုများကို စဉ်ဆက်မပြတ် လုပ်ဆောင်သူ ဖြစ်သည်ကို ၎င်း၏ ရုပ်သံ တိုက် ရိုက် ထုတ်လွှင့်ချက်များကို ကြည့်ခြင်း အားဖြင့် သိနိုင်သည်။

Myanmar Hard Talk က Aung Min ဆိုသူရဲ့ ရုပ်သံပါ ပြောဆိုချက်တွေက လူထုကို လှည့်ဖြားဖို့အပြင် သတင်း အမှန်တင်ပြနေသည့် သတင်းဌာနများကို လူထုက အထင်အမြင်သေးအောင် မကြည့်အောင် မဖတ်အောင် တဖက် သတ်စွပ်စွဲပြီး ဝါဒဖြန့် ပြောဆိုထားသည်ကို တွေ့ရှိ ရသည်။

သို့သော် ထိုသို့သော အပုဒ်ချမှု သတင်းအမှားဖြန့်ဝေနေမှုများအပေါ် ပြည်သူလူထုက ယုံကြည်မှုမရှိဘူးဟု ဆို သည်။ စစ်တပ်က စစ်တပ်ထဲကလူတွေကို၊ ၎င်းတို့၏ စစ်တပ် မပြိုကွဲစေပဲ စစ်ခေါင်းဆောင်များက ခိုင်းသည်ကို အောက်ခြေစစ်သားများက ယုံကြည်ရန်ဆိုသည့် နိုင်ငံရေးရွယ်ချက် တစ်ခုကလည်းရှိသည်ဟု ဦးစိန်ဝင်းက ဆက်ပြောသည်။

“အဲ့တော့ သတင်းအမှားကို ပြည်သူလူထုက ယုံသလားဆိုတော့ ကျနော်အမြင်ကတော့ အများစု အများပြည်သူ ကတော့ မယုံပါဘူး။ ဒါပေမယ့် သူ့ရဲ့ ရည်ရွယ်ချက်မှာ ဘာလဲဆိုတော့ အများပြည်သူ ယုံတာမယုံတာ အသာ ထား။ သူ့တပ်ထဲကလူတွေကို ဒါတွေနဲ့ စုစည်းထားတာ၊ အမှောင်ချထားပြီးတော့ သူလိုချင်တာ ခိုင်းတာပေါ့နော်။ အဲ့လိုမျိုး နိုင်ငံရေးရည်ရွယ်ချက်က အဓိက ဖြစ်လိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်။”

တိုင်းရင်းသားများနှင့် ပတ်သက်သည့် သတင်းအမှားဖြန့်ဝေမှု အခြေအနေများ

လက်ရှိအချိန်တွင် PDF ၊ CRPH ၊ NUG အဖွဲ့များနှင့် သက်ဆိုင်သည့် သတင်း အမှားများ အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် သက်ဆိုင်သည့် သတင်းအမှားများ၊ တိုက်ပွဲသတင်းများ၊ စစ်ကောင်စီ လူမျိုး တစ်မျိုးနှင့် တစ်မျိုး အဖွဲ့အစည်း တစ်ခုနှင့်တစ်ခုအကြား ပဋိပက္ခ အသွင်ဆောင်စေမည့် အမုန်းစကား သတင်း အမှားများကို ရည်ရွယ်ချက်ရှိရှိ ရေးတင်နေကြသည်။

မြန်မာနိုင်ငံတွင် တော်လှန်ရေးသက်တမ်းအကြားဆုံးတဲ့ ၇၃ နှစ်မြောက်ရှိသွားပြီဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး KNU အနေဖြင့်လည်း တော်လှန်ရေးစတင်ခဲ့ချိန်ကစ၍ ယနေ့အချိန်ထိ စစ်တပ်၏ သတင်းအမှား ဖြန့်ဝေနေမှုများကြောင့် တော်လှန်ရေးကာလသက်တမ်းတစ်လျှောက် နိုင်ငံတကာ၏ ယုံကြည်မှု၊ ပံ့ပိုးမှုမရခဲ့ သည့်အပြင် လူထု၏ပူးပေါင်းပါဝင်မှုလည်း မရှိခဲ့ဘူးဟု KNU နိုင်ငံခြားရေးတာဝန်ခံ ပဒိုတောနီးက ပြောသည်။

အဲဒီအချိန်တုန်းကလည်း အုပ်စိုးသူတွေကလည်း အထူးသဖြင့် ကျနော်တို့ တော်လှန်ရေးကို ပုံပျက်ပန်းပျက် ဖြစ်အောင် အကြီးအကျယ် ကြိုးစားနေတဲ့ အချိန်ကာလဖြစ်နေတဲ့ အခါကျတော့ ဒါတစ်အချက် နိုင်ငံတကာရဲ့ ထောက်ခံမှုကို လုံး၀ မရခဲ့ပါဘူး။ နောက်တစ်ချက်က ပြောင်းလဲလာတဲ့ အနေအထားက ဘာလဲဆိုတော့ အရင် တုန်းက ကျနော်တို့ လူထုတွေရဲ့ အနေအထား ကျနော် လည်း စောစောက ပြောထားပြီးပါပြီ ဒီဆက်သွယ်ရေး စနစ် ခက်ခဲမှုအောက်မှာနဲ့ ဒီဝါဒဖြန့်မှုရဲ့အောက်မှာက ဒီလူထုတွေက အဲဒါတွေက ဘာမှ သိမြင်ခွင့် နားလည်မှု မရှိတဲ့ အခါကျတော့ လူနည်းစုကလာပြီး ဒါကို ရှာကြံပြီး တွေးထင်နိုင်ပါတယ်။

သို့သော် နိုင်ငံတကာကရော လူထုကပါ KNU နှင့် အခြားတိုင်းရင်းသားတော်လှန်ရေးအင်အားစုများ အပေါ် အမြင်အချို့ ပြောင်းလဲလာခဲ့ပြီဟု ပဒိုတောနီးက ဆက် ပြောသည်။

နောက် တစ်ချက်က ကျနော်တို့ လူထုရဲ့ အနေအထားက ဖြစ်ရိုးဖြစ်စဉ်ကလည်း ကျနော်တို့ လူထုကလည်း သိပ် ပြီးတော့ ခက်ခဲနက်နဲတဲ့ Critical thinking အပေါ်မှာ အားနည်းတဲ့အပေါ်မှာ အဲဒါတွေအရရော သူတို့က မစဉ်း စားနိုင်ပဲနဲ့ ဟိုဝါဒဖြန့်မှုအောက်မှာ လိုက်ပါ ဒီလိုအနေအထားမျိုးမှာ နှစ်ပေါင်း ခြောက်ဆယ် ခုနှစ်ဆယ်လောက် ကြာခဲ့ပါပြီ သို့သော်ငြားလည်းပဲ အခုတိုးတက်လာတဲ့ ဆက်သွယ်ရေး စနစ်တွေအရ ဒါတွေကို ဘယ်လိုမှ ဝါဒ ဖြန့်ချီပြီးတော့ လိမ်ညာဖွက်ထားလို့မရဘူး။ အကြောင်းအရာ အားလုံးက အခုလက်ရှိ ဖြစ်နေတဲ့ လူထု အထူး သဖြင့် လူငယ်တွေရဲ့ သိမြင် နားလည်မှုက အကုန်လုံး ပြောင်းလဲသွားပါပြီ။ အဲဒီလူငယ်တွေရဲ့ သိမြင်နားလည်မှု ပြောင်းလဲပြီးတဲ့ နောက်မှာ ကပ်ပါလာတဲ့ လူထုရဲ့ အတွေးအထင်က တစ်ခါတည်းမှာပဲ ပြောင်းလဲသွားတယ် ဆို တာ ကျနော်တို့ မြင်တယ်။

လတ်တလော တိုက်ပွဲတွေပြင်းထန်နေသည့် ကရင်ပြည်နယ်ထဲတွင်လည်း သတင်းအမှားဖြန့်ဝေနေမှုများ ရှိနေ သည့်အပေါ် KIC သတင်းဌာန၏ အယ်ဒီတာချုပ်လည်းဖြစ်၊ နိုင်ငံတကာမြန်မာသတင်း BNI ၏ မူဝါဒရေးရာ ကော်မတီ ဥက္ကဋ္ဌဖြစ်သူ နန်းဖောဂေ က ယခုကဲ့သို့ ပြောသည်။

ဇန္နဝါရီ ၃၁ ရက်ပေါ့နော်၊ အနောတို့က သတင်းရထားတယ်၊ ဓါတ်ပုံတွေရထားတဲ့အချက်အရဆိုလို့ရှိရင် KNU ရဲ့ တပ်မဟာ ၅ နယ်မြေထဲက သေကော်ထနေရာကို စစ်ကောင်စီတပ်က လေယာဉ်နဲ့သွားပြီးတော့ ပစ်ခတ်တိုက် ခိုက်ခဲ့တာပေါ့နော်။ အဲ့ဒီမှာတော့ လူအထိအခိုက်မရှိဘူးဆိုပေမယ့်လည်း အဆောက်အဦတွေပျက်တယ်၊ နောက် တပ်မဟာ ၅ သူတို့ရဲ့ စာကြည့်တိုက်ပျက်စီးတယ်ဆိုတာမျိုး အဲ့လိုတော့ ဖြစ်တာပေါ့နော်။ အဲ့ဒီ information က အနောတို့ အဲ့လိုမျိုးသိရတယ်။ ဒါပေမယ့် စစ်ကောင်စီရဲ့ သူ့ရဲ့ မြဝတီရုပ်သံကရော၊ နောက်ပြီး နေ့စဉ် သတင်းစာမှာရော ပြန်တွေ့ရတာက မတူတဲ့ရှုထောင့်ကနေပြီးတော့ ပြန်ပြီးတော့ ရေးထားတာပေါ့။ သွားပစ် တာကို မပြောပဲနဲ့ PDF တွေကပဲ လုပ်တယ်ဆိုတာမျိုးလိုလို၊ နောက်ပြီးတော့ တပ်မဟာ ၅ ကလည်း သူ့ KNU ဗဟိုရဲ့ အမိန့်ကို မနာခံပဲနဲ့ စစ်ရေးလှုပ်ရှားမှုတွေ လုပ်တယ်ဆိုတဲ့ ပုံစံမျိုး သူတို့က အဲ့လိုမျိုး ပြန်ပြီးတော့ ဆန့် ကျင်ဘက်သတင်းတွေ ပြန်ပြီးတော့ ဟိုဟာပေါ့ information လွဲလွဲပြီးတွေ ပြန်တင်တာမျိုးတွေ့ရတယ် အဲ့ဒါတော့ ပြီးခဲ့တဲ့ တစ်ရက် နှစ်ရက်ကပဲ။

တိုင်းရင်းသားလက်နက်ကိုင်များအပေါ် အထင်မှားအောင် နည်းမျိုးစုံသုံးပြီး သတင်းအချက်အလက် အမှားများ ကို ရည်ရွယ်ချက်ရှိရှိဖြင့် စစ်တပ်ထောက်ခံသူများက ဖြန့်ဝေနေကြသည်။

ယခုကဲ့သို့ သတင်းအချက်အလက်အမှားများကို ဖြန့်ဝေရတဲ့ ရည်ရွယ်ချက်မှာ “အခုလက်ရှိကာလမှာ Information ကိုပဲ အမှန်ကို အမှားနဲ့ ပြန်တိုက်တဲ့ ဒါလည်း တိုက်ပွဲ ပုံစံတစ်မျိုးဖြစ်တဲ့အခါကျတော့ အဲ့ဒါမျိုး လေးတွေက တစ်ခု တော့ ရှိတယ်၊ အဲ့ဒီဟာမျိုးတွေက သူကတော့ သူ့ရဲ့ အပြစ်ပေါ့နော် သူတို့ရဲ့ လုပ်ဆောင်ချက် တွေကို ဖုံးတဲ့ပုံစံ မျိုးလည်း ပြောလို့ရတာပေါ့လေ” ဟု ပြောသည်။ သို့သော်လည်းပဲ “အများစုက အခုချိန်ကာ လမှာဆိုလို့ရှိ ရင်တော့ ဘယ်လိုပဲ သူသတင်းအမှားတွေ လုပ်နေပါစေတော့ ပြည်သူလူထုတွေက Double check တော့ အမြဲ လုပ်တယ်လေ” ဟု ဆက်ပြောဆိုသည်။

စစ်ကောင်စီက ယခုတော်လှန်ရေးတွင် သတင်းအမှန်များကို သတင်းအမှားအနေဖြင့် ပြန်လည်ဖြန့်ဝေနေခြင်း ဖြစ်သည်။ သို့သော် စစ်ကောင်စီက ဖြန့်နေသည့် ဝါဒဖြန့်သတင်းများအပေါ် စစ်ကောင်စီကို ထောက်ခံနေသူ လူတစ်ခုကသာ ယုံကြည်ကာ တဆင့် ပြန်လည် ဖြန့်ဝေနေကြသည်။

အထောက်အထားမရှိသည့် ရေးသားချက်များကို တပ်မတော်ထောက်ခံသူများ စုဝေးရာ လျှို့ဝှက် Facebook group များတွင်လည်း ပြန်လည်မျှဝေနေကြသည်ကို စိစစ်တွေ့ရှိရသည်။

စစ်ကောင်စီက အာဏာသိမ်းလိုက်သည့် ဖေဖော်ဝါရီလကတည်းကပင် စစ်တိုင်းမှူးများ ဦးဆောင်ကာ နေ့စဉ် ဝါဒဖြန့်စေခဲ့ကြောင်း၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တစ်ခုလျှင် သတင်းအမှားနှင့် ဝါဒဖြန့်သတင်းများ တင်ရန် အနည်းဆုံး Facebook Page သုံးခု ဖွင့်ခိုင်းထားကြောင်း CDM အရာရှိတစ်ဦးဖြစ်သူ ဗိုလ်ကြီးဇင်ယော်က Myanmar Now သတင်းဌာနကို ပြောဆိုထားသည်။

တပ်ရင်းတပ်ဖွဲ့များနှင့် စစ်တိုင်းများအလိုက် အထက်အရာရှိများကိုယ်တိုင်ဦးဆောင်ကာ ဝါဒဖြန့်ခြင်း၊ သတင်းမီ ဒီယာများအား ဒေါ်လာစားမီဒီယာများဆိုသည့် ဝါဒဖြန့်မှုများနှင့် သတင်းအကြောင်းအရာ အချက်အလက်အမှား များကို Facebook (လူမှုကွန်ယက်စာမျက်နှာ) တွင်ဖြန့်ဝေစေပြီး လက်အောက်ငယ်သားများကိုလည်း မဖြစ် မနေ Like ပေးခိုင်းခြင်း၊ မပေးပါက ဆဲဆိုခြင်းများ ပြုလုပ်သည်ဟု ဗိုလ်ကြီးဇင်ယော်က Myanmar Now သတင်းဌာနတွင် ပြောဆိုထားသည်။

စစ်တပ်သည် PDF များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြားက မဟာမိတ်ပြုမှုအား ထိတ်လန့်နေ သည်ဆိုသည့် ကိစ္စကို ပေါ်လွင်စေမှုသည် စစ်ကောင်စီ၏ မဟုတ်မမှန် လုပ်ကြံသတင်းများဖြင့် သွေးခွဲရန် လှုံ့ ဆော်မှုများ ပြုလုပ်နေခြင်းက သက်သေပြနေသည်။

စစ်ကောင်စီ၏ မဟုတ်မမှန် လုပ်ကြံသတင်းများသည် “တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်း များနှင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ PDF များအကြား၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် NUG အကြား၊ NUG နှင့် တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများအကြား၊ စစ်အာဏာရှင်ဆန့်ကျင်သူများ၊ တက်ကြွလှုပ်ရှားသူများနှင့် NUG၊ CRPH၊ NUCC များအကြား” သွေးခွဲလှုံဆော်မှုများ အတွက် ရည်ရွယ်ဖြန့် ဝေနေခြင်းဖြစ်သည်ကိုလည်း ငြင်းဆို၍ ရမည်မဟုတ်ပေ။

စစ်ကောင်စီသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေကြသည့် အုပ်စုများ၏ စည်းလုံး ညီညွတ်မှုကို ဖြိုခွင်းရန်၊ သွေးခွဲရန်၊ မဟာမိတ်ပြုမှုများကို ဖျက်စီးပစ်ရန် သတင်းတုသတင်းအမှားများ ထုတ်လွှင့် ဖြန့်ဝေပြီး ကြိုးပမ်း နေခြင်း ဖြစ်သည်။ ထိုမှသာ စစ်ကောင်စီခေါင်းဆောင်၏ ရည်ရွယ်ချက်ဖြစ်သည့် စစ်အာဏာရှင်တော်လှန်ရေး မအောင်မြင်ပဲ နိုင်ငံ၏ အာဏာကို သူကပဲ ဆက်လက်ထိန်းချုပ်ပြီး စစ်တပ်မပြိုကွဲရေးကိုလည်း ဆက်ထိန်းနိုင် မည့် ယုံကြည်ချက်ဖြင့် လုပ်ဆောင်နေခြင်း ဖြစ်သည်။

Most read this week

ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...
July 25, 2026
ရခိုင်ပြည်၊ သံတွဲမြို့တွင် ဇူလိုင်လ ၂၄ ရက်နေ့က စစ်တပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့်...
July 21, 2026
စစ်အာဏာသိမ်းပြီးချိန်မှ စ၍ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် လုံလောက်သော ကျန်းမာရေး...
July 20, 2026
စစ်တပ်က အခိုင်အမာ တပ်စွဲထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ရေချမ်းပြင်နှင့် ကျက်တောပြင်ကျေးရွာ...