ပူတာအိုတွင် စစ်ကောင်စီနှင့် KIA စစ်ရေးတင်းမာပြီး ဒေသခံများ တောထဲထွက်ပြေးနေရ

ပူတာအိုတွင် စစ်ကောင်စီနှင့် KIA စစ်ရေးတင်းမာပြီး ဒေသခံများ တောထဲထွက်ပြေးနေရ

ပူတာအိုမြို့နယ် လုန်ရှာယန်၊ ဖတ်မာ နှင့် ဆွမ်ပီယန်ကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တို့ စစ်ရေးတင်းမာနေဆဲဖြစ်သောကြောင့် ဒေသခံများမှာ နေရပ်မပြန်နိုင်ဘဲ တောထဲ ထွက်ပြေးနေရသည်ဟု သိရသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းတွင် လုန်ရှာယန်နှင့် ဖတ်မာကျေးရွာ ၂ခုကြားတွင် ပူတာအိုဘက်မှ ဆင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို KIA နှင့် PDF ပူးပေါင်းတပ်တို့ ကြားဖြတ်တိုက်ခိုက်ခဲ့သောကြောင့် ၂ ဖက်တပ် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် လုန်ရှာယန်နှင့်ဖတ်မာ ဒေသခံ အိမ်ခြေ ၆၀၀ ဝန်းကျင်ခန့်မှာ နီးစပ်ရာ တောတွင်းသို့ တိမ်းရှောင်ခဲ့ရခြင်းဖြစ်သည်။

လက်ရှိ တောတွင်းတိမ်းရှောင်နေရသူများမှာ ကျေးရွာသို့ပြန်လည်နေထိုင်ချင်သော်လည်း စစ်ကောင်စီဘက်က လေကြောင်း သုံးတိုက်ခိုက်လာနိုင်သည်သာမက မချမ်းဘော စစ်တပ်ကုန်းမှ လက်နက်ကြီးများ ဆက်တိုက် ပစ်ခတ်နေသောကြောင့် တောတွင်း ဆက်လက်တိမ်းရှောင်နေရသည်ဟု လုန်ရှာယန်ဒေသခံတစ်ဦးက KNG ကို ယခုလိုပြောသည်။

“ကျနော်တို့က ရွာအတွင်းမှာ ဆက်မနေရဲသေးဘူး။ ဒါပေမယ့် ဒီထက်တိုက်ပွဲပြန်ကြီးလာပြီဆိုရင် အားလုံးထွက်ခွာသွားရမယ့် သဘောမှာရှိတယ်။ မထွက်ပြေးရင်လည်း စစ်ကောင်စီက မချမ်းဘောဘက်ကနေ လက်နက်ကြီးတွေနဲ့လှမ်းထုတဲ့အတွက် ရွာအတွင်းမှာ လက်နက်ကြီးတွေ ထိမှန်မှာဖြစ်တယ်။ ဒါကြောင့်အခုက ဆက်ရှောင်နေရမယ့်သဘောမှာရှိတယ်” ဟု ပြောဆိုသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားခဲ့သည့် နံနက်အစောပိုင်းတွင် ပူတာအိုဘက်မှ စစ်ကောင်စီတပ်က စစ်အင်အး ၁၀၀ ဝန်းကျင်ခန့်က ဖတ်မာကျေးရွာတွင် စစ်အင်အားတိုးချဲ့ထားပြီး ဒေသခံ ၃ ဦးကိုလည်း လူသားဒိုင်းအဖြစ် အသုံးပြုကာ ဖတ်မာချောင်းအထက်ဘက်သို့ ခေါ်ဆောင်သွားသည်ဟု သိရသည်။

ထို့အပြင် ဖေဖော်ဝါရီ ၃ ရက်နေ့တွင် စစ်ကောင်စီတပ်မှ ဆွမ်ပီယန်ကျေးရွာကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် တောထဲထွက်ပြေးနေရသောပြည်သူများသည် ၁ ပတ်ခန့် ကြာမြင့်လာသည့်အတွက် စားနပ်ရိက္ခာအခက်အခဲ ကြုံတွေ့နေရသည်ဟု ဆွမ်ပီယန်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“တောမှာ ရက်ရှည်နေလာတော့ နေရထိုင်ရတာက အခက်အခဲရှိလာတယ်။ အခုအဓိကလိုအပ်နေတာက စားသောက်ဖို့ ပိုပြီး လိုအပ်တယ်။ နောက်အခင်းနဲ့ စောင်တွေလည်းလိုအပ်တယ်။ လောလောဆယ်က စစ်ရှောင်တွေလို နေဖို့ကလည်း အဆင်သင့်မဖြစ်သေး ဘူး။ ကျနော်တို့ စစ်ရှောင်တွေကလည်း ဖြစ်နိုင်သလိုဘဲ တောမှာခနနေဖို့ စဉ်စားထားကြတယ်။ အဲ့ကြောင့် တတ်နိုင်တဲ့သူတွေ အနေနဲ့ အစားအသောက်နဲ့ ဆေးဝါးများကို ကူညီလှူဒါန်းပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု ဆွမ်ပီယန်ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ဆွမ့်ပီယန်ကျေးရွာတွင် စစ်ကောင်စီတပ်မှ ရဟတ်ယာဉ် ၃စီးဖြင့် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့ရာတွင် ဒေသခံ ၅ဦး ထက်မနည်းလက်နက်ကြီးထိမှန်ခဲ့ပြီး လူနေအိမ် ၃လုံးထက်မနည်း ပျက်ဆီးဆုံးရှုံးသွားခဲ့သည်။

 

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...