“အိုလံပစ်ပွဲနှင့် မသန်စွမ်း အိုလံပစ် ပွဲများ ကာလအတွင်း အပစ်အခတ်ရပ်ထားပေးရန် တရုတ်တောင်းဆို” KIO ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူနှင့် အင်တာဗျူး သတင်းနှင့် မီဒီယာ ကွန်ရက်။ အင်တာဗျူး

“အိုလံပစ်ပွဲနှင့် မသန်စွမ်း အိုလံပစ် ပွဲများ ကာလအတွင်း အပစ်အခတ်ရပ်ထားပေးရန် တရုတ်တောင်းဆို” KIO ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူနှင့် အင်တာဗျူး သတင်းနှင့် မီဒီယာ ကွန်ရက်။ အင်တာဗျူး

အိမ်နီးချင်း တရုတ်နိုင်ငံက ၎င်းတို့၏ နှစ်သစ်ကူး အချိန်နှင့် ဆောင်းရာသီ အိုလံပစ်ပွဲ၊ မသန်စွမ်း အိုလံပစ်ပွဲများ ကျင်းပသည့် ကာလအတွင်း  နယ်စပ်ဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကို ရပ်တန့်ရန် KIO အပါအဝင် တရုတ်-မြန်မာနယ်စပ်ရှိ လက်နက်ကိုင် အဖွဲ့အစည်းများကို တောင်းဆိုထားသည်ဟု သိရသည်။

တိုက်ပွဲရပ်တန့်ရေးကိစ္စ၊ စစ်ဘေးရှောင်ကိစ္စ အပါအဝင် လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေး အခင်းအကျင်းနှင့် ပတ် သက်တဲ့ KIO/KIA အဖွဲ့၏ သဘောထား ရပ်တည်ချက်များနှင့် ပတ်သက်၍ KIO/KIA က သူတို့ရဲ့ သဘောထား ကို ဇန္နဝါရီလ ၂၆ ရက်နေ့ (ယနေ့) တွင် ထုတ်ပြန်ထားသည်။

အဆိုပါ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဆက်သွယ် မေး မြန်းရာတွင် သူက အခုလို စပြောသည်။

ဗိုလ်မှူးကြီး နော်ဘူ - ဟုတ်ကဲ့ ဗဟိုကော်မတီရဲ့ ထုတ်ပြန်ကြေညာချက်ဖြစ်ပါတယ်။ အဓိကကတော့ ကျနော်တို့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာ တစ်နှစ်ဖြစ်တော့မယ် ဖြစ်တဲ့အတွက် ကျနော်တို့ KIO အနေနဲ့ သုံးသပ်ပြီးမှ ထုတ်တဲ့ ထုတ်ပြန်ကြေညာချက်ဖြစ်ပါတယ်။ ပထမတစ်ချက် ။ ဒုတိယအချက်အနေနဲ့ ကျတော့ ကျနော်တို့ အင်အားကြီးနိုင်ငံဖြစ်နေတဲ့ တရုတ်ပြည်မှာလည်းပဲ ဆောင်းရာသီ အိုလံပစ်ပေါ့နော ပါလာလံပစ်တွေ ကျင်းပဖို့ အချိန်ကာလည်း ရောက်တော့မှာ ဖြစ်ပါတယ် ဆိုတော့ သူတို့ ဖက်ကနဲ့လည်း နယ်စပ်ဒေသ သာမကဘူး ကျနော် တို့ မြန်မာတစ်နိုင်ငံလုံးမှာပေါ့နော ပစ်ခတ်သံတွေပေါ့နော တိုက်ပွဲတွေမဖြစ် အောင် တိုက်တွန်းထားတာရှိ ပါ တယ်။ အဲဒါတွေအပေါ်မှာလည်း ကျနော်တို့ အကောင်းဖက်ကနေ ရှု့မြင်တဲ့ အကြောင်းတွေကို ကျနော်တို့ ထုတ် ထားတဲ့ ထုတ်ပြန်ကြေညာချက် ဖြစ်ပါတယ်။

မေး - ဒီထုတ်ပြန်ချက်ထဲမှာ တိုက်ပွဲတွေ မဖြစ်ဖို့ ရပ်ဖို့ပြောထားရှိတယ်။ အဲဒါက ဘယ်သူ့ကို တောင်းဆိုချင် တာ လဲ။

ဗိုလ်မှူးကြီး နော်ဘူ - ဟုတ်ကဲ့ တိုက်ပွဲကတော့ ကျနော်တို့ လက်နက်ကိုင်တဲ့အဖွဲ့အစည်းတွေ အားလုံးပေါ့ စစ် ကောင်စီကအစ ဒီတိုက် ပွဲတွေ မဖြစ်အောင်ဆိုတဲ့ တောင်းဆိုချက်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ နွေဦး တော်လှန်ရေးကာလ ဖြစ်ပါတယ်။ ကျနော်တို့ တိုင်းရင်းသားတွေ အားလုံးလည်း လက်နက်ကိုင်ပြီးမှ တော်လှန် နေတဲ့ အချိန်ကာလ ဖြစ်ပါတယ်။ အဓိကကတော့ စစ်ကောင်စီဖက်ကနေ ထိုးစစ်ဆင်မယ်ဆိုရင်တော့ တိုက်ပွဲ ကတော့ ဆက်ဖြစ်မှာပဲ။ ဒါပေမယ့် တစ်ဖက်နိုင်ငံက အိမ်နီးနားချင်းနိုင်ငံက အကူအညီတောင်းထားတာကို လည်း ကျနော်တို့ ဖော်ပြတဲ့ သဘောမျိုးဖြစ်ပါတယ်။

မေး - တရုတ်နိုင်ငံဖက် တရုတ်အစိုးရကနေရော တစ်စုံတစ်ရာ ဖိအားပေးတာမျိုးရှိသလား။ နောက်ပြီးတော့ ထုတ်ပြန်ချက်ထဲမှာ ဒုက္ခသည်တွေကို အိမ်နီးချင်းနိုင်ငံတွေကနေ ကူညီဖို့ တောင်းထားတာလည်းပါတယ် ဒါ လည်း ဖြည့်စွက်ပြောပေးပါအုံး။

ဗိုလ်မှူးကြီး နော်ဘူ - ဟုတ်ကဲ့ပါ တရုတ် အစိုးရကနေ တရုတ်ပြည်ကနေ ကျနော်တို့ကို အထူးတိုက်တွန်းတာ တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ခါတိုင်းလိုပေါ့နော သူတို့ရဲ့ နှစ်သစ်ကူးကာလတို့ နောက်တရုတ်ပြည်ဖက်က ကျင်းပမယ့် အားကစား ဒီတိုက်ပွဲတွေ ရှိတဲ့အချိန်ခါမျိုး ခါတိုင်းမှာလည်း ကျနော်တို့ကို ဒီ တိုက်ပွဲတွေ မဖြစ် အောင်ကတော့ ခါတိုင်း ပြောပါတယ်။ အဲဒါကလည်း ဒီနေ့ကလည်း အထူးသဖြင့် ကမ္ဘာ့အိုလံပစ်လို့ ပြောရမှာ ပေါ့ ဒီဆောင်းရာသီ အိုလံပစ်ဆိုတော့ ပိုပြီးမှ တည်တည်ငြိမ်ငြိမ် ဖြစ်ဖို့ကတော့ သူတို့က ကျနော်တို့ကို တိုက် တွန်းတာ ရှိပါတယ်။ ပထမတစ်ချက် ဒုတိယတစ်ချက်ကတော့ ဒီနေ့ စစ်အာဏာသိမ်းတဲ့ တစ်နှစ်ဖြစ်တော့မှာ ဖြစ်ပါတယ်။ ဒီ တစ်နှစ်ကာလမှာ ကျနော်တို့ မြန်မာနိုင်ငံက ပြည်သူလူထုတွေ အားလုံး အတိဒုက္ခရောက်နေ တာ တော်တော်များ ပါပြီ။ ကျနော်တို့ တိုင်းရင်းသား နယ်မြေဖက်တို့ နောက် မြို့ကြီးပြကြီးမှာလည်းပဲ စစ် ကောင်စီကနေ ဒုက္ခပေးတာတွေ အများကြီးရှိပါတယ်။ ဆိုတော့ ပြည်သူလူထုတွေ တိုင်းရင်းသားတွေ အားလုံး က ဒီဒုက္ခသည် အဖြစ်နဲ့ နေရာ ရွေ့ပြောင်းတာလည်း အများကြီးရှိပါတယ်။ အဲဒါကို နိုင်ငံတကာက အိမ်နီးနား ချင်းနိုင်ငံက အားလုံးလည်း အခုကူညီနေတာထက် ပိုပြီးမှ ထိထိရောက်ရောက်နော ကူညီပေးနိုင်ဖို့ အတွက် ကျနော်တို့ကတော့ တစ်ဖက်ကတော့ ကြိုဆိုတယ်။ တစ်ဖက်ကတော့ တိုက်တွန်းတာ ဖြစ်ပါတယ်။

မေး - ပြီးတော့ ဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီးတော့ ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းတောင်းဆိုထားတာတွေ့ရ တယ်။ ဆိုတော့ တရုတ်နယ်စပ်ဒေသတွေမှာရှိ ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး တရုတ်အစိုးရကို KIO အနေနဲ့ ဘာများ တောင်းဆိုချင်သလဲ ။

ဗိုလ်မှူးကြီး နော်ဘူ - အဓိကကတော့ အရေးကြီးတာကတော့ အိမ်နီးနားချင်းနိုင်ငံတွေက တော်တော် အရေး ကြီးပါတယ်။ ဒီပြည်တွင်း စစ်တွေ ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ ပြေလည်ဖို့အတွက်လည်း အိမ်နီးနားချင်း နိုင်ငံတွေ ကတော့ အရေးကြီးပါတယ်။ နောက် ဒုက္ခသည်တွေ ရှိလို့ရှိရင်လည်း ကူညီဖို့ကတော့ အဓိကကတော့ အိမ်နီးနား ချင်း နိုင်ငံတွေ ဖြစ်ပါတယ်။ အခုကျနော်တို့ ကချင်ပြည်နယ်ဖက် ရှမ်းဖက်မှာ အားလုံးလည်း တရုတ်နိုင်ငံနဲ့ ဆက်စပ်နေတဲ့ ဒေသတွေကြီးပဲ ဖြစ်ပါတယ်။ ဆိုတော့ တရုတ်နိုင်ငံအနေနဲ့ တရုတ်ပြည် အစိုးရအနေနဲ့လည်း ကျနော်တို့ရဲ့ ပြည်သူလူထုတွေ ဒုက္ခကြုံတွေ့နေတာကိုတော့ အလေးထားပြီးမှ ကြည့်ရှုပေးဖို့ ကူညီပေးဖို့ တောင်းဆိုလိုပါတယ်။ ကူညီပေးဖို့ ဆိုတာကတော့ ပစ္စည်းနဲ့ ကူညီပေးတာတွေ စားရေးသောက်ရေးနဲ့ ကူညီပေး တာတွေ မကပါဘူး။ ကျနော်တို့ရဲ့ မြန်မာနိုင်ငံနဲ့ ငြိမ်းချမ်းရေးအတွက်ကိုလည်း တကယ့် ကျနော်တို့ ပြည်သူလူ ထုရဲ့ လိုလားတောင်းတနေတဲ့ ဒီဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်လာရေးအတွက်လည်း အိမ်နီးနားချင်းနိုင်ငံ ဖြစ်နေတဲ့ တရုတ်ပြည်ကတော့ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်တဲ့အတွက် ပိုပြီးမှ ကျနော်တို့ဖက်က ရပ် တည်ပေး ဖို့လည်း ကျနော်တို့က တောင်းဆိုလိုပါတယ်။

မေး - ပြီးတော့ လက်ရှိ နိုင်ငံရေး အခင်းအကျင်းမှာ KIO/KIA က ဘယ်လိုပုံစံမျိုးနဲ့ ရပ်တည်သွားမှာလဲ။

ဗိုလ်မှူးကြီး နော်ဘူ - ဟုတ်ကဲ့ပါ ကျနော်တို့ရဲ့ ရှု့မြင်တာကတော့ ဒီမြန်မာနိုင်ငံရဲ့ ပြဿနာတွေ တိုက်ပွဲတွေ ပြည် သူလူထုခံစားနေရတဲ့ အတိဒုက္ခတွေ အားလုံးဖြေရှင်းနိုင်ဖို့အတွက်တော့ အဓိကတော့ တပ်မတော် စစ်ကောင်စီ ဖက်က အဓိက တာဝန်ဖြစ်ပါတယ်။ သူဖက်ကလည်း သဘောထားကောင်းကြီးစွာနဲ့ပေါ့နော။ တရားမျှတစွာနဲ့ ဒီဖြစ်ပေါ်လာတဲ့ အကြောင်း အရင်းတွေကို ဒီနိုင်ငံရေးကို အခြေခံပြီးမှ ဆွေးနွေးမှသာလျှင် ကျနော်တို့ မြန်မာ နိုင်ငံရဲ့ ပြဿနာကို ဖြေရှင်းလို့ရမယ်ဆိုတာ ကျနော်တို့ KIO ကတော့ အဲလိုယုံကြည်ပါတယ်။ အဲဒါဖြစ်ဖို့ အတွက်လည်း ကျနော်တို့ကတော့ ဒီဘုံရန်သူဖြစ်နေတဲ့ ဘုံရည်မှန်းချက်ဖြစ်နေတဲ့ စစ်အာဏာရှင် ဖြုတ်ချရေး မှာ ချုပ်ငြိမ်းရေးမှာ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေ အားလုံးနဲ့ ကျနော်တို့က ပူးတွဲဖို့ လက်တွဲဖို့ ကျနော်တို့ သဘောထားရှိ ပါ တယ်။ နောက်ပြီးတော့ ကျနော်တို့က ဒီစစ်အာဏာရှင်စနစ်သာမကဘူး ဒီနိုင်ငံရေး အာဏာ ရှင်အဆင့်အထိပေါ့နော ချုပ်ငြိမ်းဖို့အတွက်ကတော့ ကျနော်တို့ ပြည်သူလူထုနဲ့ တစ်သားတည်းရပ် တည်ပြီးမှ ကျနော်တို့ကတော့ ရှေ့ဆက်ပြီးမှ တိုက်ပွဲဝင်သွားမယ်ဆိုတဲ့ ကျနော်တို့ အဖွဲ့ ရပ်တည်ချက်ဖြစ်ပါတယ်။

မေး - တိုက်ပွဲကာလ ကြာရှည်နေတာကို မဖြေရှင်းဘူးဆိုရင် နိုင်ငံရဲ့ အခြေအနေက အလုံးစုံ ပျက်သုန်းရေးကို ဦးတည်နေတယ်လို့ ပြောထားတယ်ဆိုတော့ အဲဒါကရော ဘာကို ပြောချင်တာလဲ။

ဗိုလ်မှူးကြီး နော်ဘူ - လွန်ခဲ့တဲ့ အချိန်ကာလမှာကတော့ ကျနော်တို့ မြန်မာနိုင်ငံမှာ ဒီပြည်ထောင်စုပေါ့နော ပင် လုံစာချုပ်ကနေ ပေါ်ပေါက်လာတဲ့ ပြည်ထောင်စုဆိုတဲ့ဟာကတော့ ကျနော်တို့ သုံးခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့ တိုင်းရင်းသားတွေ အားလုံးလည်း ပြည်ထောင်စု ဆိုတဲ့ အရသာတွေကို ဘာမှ အကျိုးတွေကို မခံစား ရတဲ့အတွက် ကျနော်တို့ လက်နက်ကိုင်ပြီးမှ တော်လှန်နေတဲ့ အချိန်ကာလကတော့ နှစ်ပေါင်း ခြောက်ဆယ် ခုနှစ်ဆယ် ရှိနေပါတယ်။ အဲဒီအချိန်ကာလမှာ မြန်မာနိုင်ငံနဲ့ အိမ်နီးနားချင်းနိုင်ငံတွေကလည်း သိပ်ပြီးမှ အလေး ထားပြီးမှ ကြည့်တာကို သိပ်မတွေ့ရပါဘူး။ ဒါပေမယ့် ဒီနှစ်ကတော့ ဒီမြန်မာတစ်နိုင်ငံလုံးပေါ့နော်။ ပြည်သူလူ ထုတွေ အားလုံးကတော့ ဒီနွေဦးတော်လှန်ရေး ပြည်တွင်းစစ်လို့ ပြောရမှာပေါ့ အဲဒီအချိန်ကာလဖြစ်ပါတယ်။ အဲလောက်အထိ ပိုပြီးမှ ဆိုးသွားတယ်လို့ ပြောလို့ရပါတယ်။ အရင်ကတော့ ကျနော်တို့ တိုင်းရင်းသားတွေ အရေး အခုကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်သူလူထု အရေးဖြစ်သွားပါတယ်။ အဲဒါတွေကို အချိန်မှီ မဖြေရှင်းနိုင်လို့ရှိရင်တော့ ဒီတိုက်ပွဲတွေ မီးတွေကတော့ ချုပ်ငြိမ်း သွားမှာ မဟုတ်ပါဘူး။ ပြည်သူလူထုဟာ လည်းပဲ နောက်ဆုတ်သွားမှာ မဟုတ်ဘူးလို့ ကျနော်တို့ သုံးသပ်ထားပါ တယ်။ ကျနော်တို့ တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့တွေလည်း နောက်ဆုတ်သွားမှာ မဟုတ်ပါဘူး။ ဆိုတော့ ဒီစစ်ကောင်စီဖက်ကနဲ့ တပ်မတော်ဖက် ကနေ အဓိက ပြည်သူလူထုရဲ့ ဆန္ဒတွေကို ကျနော်တို့ တိုင်းရင်းသားရဲ့ လိုလား တောင်းတနေတဲ့ ကျနော်တို့ တရားမျှတမှု ဒီတန်းတူရေးတွေကို တန်ဖိုးထားပြီးမှ သူ့ဖက်ကလည်း အပြောင်းအလဲ ရှိပြီးမှ ဖြေရှင်း လိုက်လို့ ရှိရင်တော့ အကောင်းဖက်ကို ကျနော်တို့ ရွေ့သွားမှာ ဖြစ်ပါတယ်။ မဟုတ်ဘူးဆိုရင်တော့ ကျနော်တို့ မြန်မာနိုင် ငံက ဒီထက်ပိုပြီးမှ ဆိုးသွားနိုင်တယ်။ တိုက်ပွဲတွေလည်း ပိုပြီးမှ ပြင်းထန်လာနိုင်တယ်ဆိုတဲ့ အချက်တွေကို ကျ နော်တို့ ထုတ်ထားတာ ဖြစ်ပါတယ်။

May 1, 2024
ကရင်နီပြည်ရှိ တော်လှန်ရေးတပ်ပေါင်းစုများ သိမ်းပိုက်ထားသော မြို့အများစုတွင် မြေမြုပ်မိုင်း...
April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...