စိတ်ထင်တိုင်း သေနတ်ပစ်သတ်ခွင့် လိုင်စင်ရနေသူများ

စိတ်ထင်တိုင်း သေနတ်ပစ်သတ်ခွင့် လိုင်စင်ရနေသူများ
ရေးမြို့ဆေးရုံကို ရောက်ရှိလာတဲ့ ရဲနိုင်ဦး အလောင်း (Ye 9 Oo.jpg)
ရေးမြို့ဆေးရုံကို ရောက်ရှိလာတဲ့ ရဲနိုင်ဦး အလောင်း (Ye 9 Oo.jpg)

စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်းကစပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကောက်ခံရရှိထားတဲ့ မှတ်တမ်းတွေအရ ဒီဇင်ဘာ ၃၁ ရက် ည ၆ နာရီအထိ မြန်မာနိုင်ငံထဲက ပြည်သူ (၁၃၈၄)  ဦးဟာ စစ်ကောင်စီရဲ့ သတ်ဖြတ်ခြင်းကိုခံလိုက်ရပြီး တချို့မှာ စာရင်းမကောက်နိုင် အချက်အလက်မဖော်ပြနိုင်သေးတာမို့ ဒီထက်မက သေဆုံးနိုင်ဖွယ်အရေအတွက် ရှိသေးတယ်လို့ ခန့်မှန်းပြောဆိုကြပါတယ်။  

အဲဒီအထဲမှာ AAPP ရဲ့ ၁၁၄၇ ဦးမြောက် သေဆုံးမှုမှတ်တမ်းမှာ ဖော်ပြခံထားရတဲ့ မွန်လူငယ် ရဲနိုင်ဦး (အသက် ၂၇ နှစ်) ရဲ့ဖြစ်စဥ်ကတော့ စစ်ကောင်စီရဲ့စစ်သားနဲ့ လုံခြုံရေးရဲတပ်ဖွဲ့တွေရဲ့ အဆင်ခြင်မဲ့စွာ ဖမ်းဆီးသတ်ဖြတ်လိုက်တာပဲလို့ဆိုပြီး ရေးမြို့နယ်မှာ ဒီကနေ့အထိ လူအပြောများနေတဲ့ ကိစ္စတစ်ခုပါ။

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း HURFOM ပရိုဂရမ်ဒါရိုက်တာ နိုင်အဲမွန်က “ဒီအဖြစ်အပျက်ကို သီးခြားလေ့လာ ကောက်ခံမှတ်တမ်းပြုလို့ ရလာတဲ့အချက်အလက်တွေအရ ဒီလူငယ်လေးကို လုံခြုံရေးတပ်ဖွဲ့တွေက ပစ်သတ်ခဲ့တာ ထင်ရှားပါတယ်။ ခြောက်လှန့်ပစ်ခတ်လို့ သေဆုံးတာလို့ လုံခြုံရေး ရဲအဖွဲ့တွေကပြောပေမယ့် ဒါဟာ လူသတ်မှုပါ။ မသင်္ကာသည့်တိုင် လက်နက်မဲ့ အပြစ်မဲ့ ပြည်သူတစ်ဦးကို လက်ထဲသေနတ်ရှိတိုင်း စိတ်ထင်တိုင်း ပစ်သတ်လို့ မရပါဘူး။ ကနဦး စစ်ဆေးမေးမြန်းမှုတွေနဲ့ သွားရမယ့်ကိစ္စပါ။   တဖက်ကလည်း ဒါဟာ လူ့အခွင့်အရေးရဲ့ အခြေခံအခွင့်အရေးတွေထဲက တခုဖြစ်တဲ့ freedom of movement ကို ချိုးဖောက်နေပါတယ်။ စစ်အုပ်ချုပ်ရေးဥပဒေအောက်မှာ ဒေသခံပြည်သူတွေ ခရီးသွားလာခွင့်နဲ့ သတင်းအချက်အလက်ရရှိမှုအပေါ် တင်းကြပ်ကန့်သတ်ခံရတာတွေ တနေ့ထက်တနေ့ ဆိုးလာနေတယ်” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက် ညနေ ၆ နာရီမထိုးတထိုးအချိန် ရေးမြို့အဝင် ချောင်းတောင်တံတားဂိတ်ရှေ့ကို ရဲနိုင်ဦး တစ်ယောက်ထဲ ယောင်လည်လည်နဲ့လမ်းလျှောက်လာစဥ် လုံခြုံရေးတပ်ဖွဲ့တွေက ခေါ်ယူစစ်ဆေးပြီးကာမှ လက်ထိပ်တန်းလန်းခတ်ထားလျက် သတ်ဖြတ်ခံခဲ့ရပုံကို ရေးမြို့ မွန်အရပ်ဖက်လူမှုအဖွဲ့အစည်း CSO တစ်ခုမှ ကိုငွေ(အမည်လွှဲ) က ခုလိုပြောပါတယ်။

“ချောင်းတောင်တံတားဂိတ်စောင့် စစ်သားတွေက သူ့ကို(ရဲနိုင်ဦး) လှမ်းတွေ့တော့ ခေါ်လိုက်တယ်၊ မူးယစ်ဆေးဝါးသုံးစွဲခဲ့ဖူးတော့ လူကကြောင်တောင်တောင်ဖြစ်နေတာ၊ မေးတယ် ဟိုလိုလို ဒီလိုလို မဖြေတတ်ဘူး၊ ထိုင်းကနေ သူပြန်ရောက်လာတာ ၂ ရက်ပဲရှိသေးတာ၊ ဒါနဲ့ ရဲလက်ထိပ်ခတ်ပြီး စစ်ဆေးတယ် ရိုက်နှက်ထားတာဆိုရင် တော်တော်လေးရက်စက်တာပဲ၊ သူအော်ငိုတဲ့အသံကိုလည်း တံတားအနီး ဆိုင်ကယ်ဂိတ် တက္ကစီသမားတွေက အတိုင်းသားကြားနေရတယ်၊ ည ၇ နာရီကျော်လောက်မှာ သေနတ်သံတွေ ထွက်လာတာနဲ့ ဆိုင်ကယ်တက္ကစီသမားတွေအားလုံး အိမ်ပြန်ပြေးသွားကြကုန်တယ်၊ ည ၈ နာရီကျော်လောက်မှာ ရဲနိုင်ဦး အလောင်းကို ရေးမြို့ဆေးရုံကြီးသေတိုက်မှာ ရဲတွေလာအပ်သွားတယ်”လို့ ဆိုပါတယ်။

အခုဖြစ်စဥ်လိုပဲ စက်တင်ဘာ ၂၀ ရက် ညအချိန်မှာလည်း အဲဒီချောင်းတောင်တံတားဂိတ်ကို လက်ဗစ်ဗုံးနဲ့လာပစ်တာဆိုပြီး လုံခြုံရေးတပ်ဖွဲ့တွေ ပစ်သတ်လို့ အသက် ၃၅ နှစ်အရွယ် ယောကျ်ားတစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဥ်မှာ ခုအချိန်ထိ ဘယ်သူဘယ်ဝါ အမည်နေရပ်ဇာတိမသိရဘဲ ပိုင်ရှင်မဲ့အလောင်းဖြစ် မီးသဂြိုလ်ပြီးခဲ့တာကလည်း ပဟေဠိတခုလိုဖြစ်နေဆဲပါ။  

နိုင်အဲမွန်က “ရေးမြို့နယ်မှာ မောင်ရဲနိုင်ဦးလို အဖြစ်အပျက်မျိုး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ညမှာလည်း ထပ်ဖြစ်ခဲ့ပါသေးတယ်။ မော့ကနင်စစ်ဆေးရေးဂိတ် လုံခြုံရေးအဖွဲ့တွေ ကားတားတာကို မကြားလိုက်ရုံံနဲ့ အနောက်ကနေ ကားကိုလှမ်းပစ်လို့ ဧရာဝတီတိုင်း မအူပင်ကနေ ရေးမြို့နယ် မိဘနေရပ်ဆီ အလည်လာတဲ့ ဒေါ်ရီရီချိုဆိုသူ သေဆုံးခဲ့ရတယ်။ မွန်ပြည်နယ်ရဲ့ တခြားမြို့တွေဖြစ်တဲ့ သံဖြူဇရပ်မှာ ညအချိန်ထွက်လို့ ပစ်သတ်ခံရတဲ့ ဦးသားငယ်တို့၊ မော်လမြိုင်မြို့လမ်းမတခုမှာ ချောင်းဆုံဇာတိ လူငယ်လေးနှစ်ဦး ပစ်သတ်ခံခဲ့ရတဲ့ ဖြစ်ရပ်တို့တွေ ရှိခဲ့ပါသေးတယ်”လို့ ဆက်ပြောပါတယ်။

HURFOM ပစ်မှတ် မှတ်တမ်းတင်ဒေသတွေဖြစ်တဲ့ ကရင်ပြည်နယ်တောင်ပိုင်းနဲ့ တနင်္သာရီတိုင်းဒေသကြီးမြောက်ပိုင်း ရေဖြူ၊ လောင်းလုံ၊ ထားဝယ်နဲ့ သရက်ချောင်းဒေသတွေမှာလည်း အလားတူ ဖြစ်ရပ်မျိုးတွေနဲ့ သေဆုံးခဲ့တာတွေ၊ အသက်မသေဆုံးသည့်တိုင် ဒဏ်ရာအနာတရဖြစ်ခဲ့တာမျိုး၊ စစ်အာဏာသိမ်းပြီး ဖေဖော်ဝါရီလနှောင်းပိုင်းကနေ လက်တလောကာလအထိ အထက်ဖော်ပြပါ သတင်းအချက်အလက်မှတ်တမ်းတင်ရာဒေသတွေမှာ အာဏာသိမ်းတပ်ဖွဲ့ဝင်တွေ သတ်ဖြတ်လို့ သေဆုံးခဲ့သူပေါင်း ၆၀ ကျော်ရှိခဲ့ပြီဆိုတာကို HURFOM ရဲ့ ၁၀ လတာ မှတ်တမ်းအစီရင်ခံစာမှာ အကျယ်တဝင့် ဖော်ပြခဲ့ပါတယ်။  

စစ်အာဏာသိမ်းမှု လူထုဆန့်ကျင်ရေး ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေတဲ့ ရန်ကုန်၊ နေပြည်တော်၊ ပဲခူး၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း‌၊ ချင်းနဲ့ ကရင်နီပြည်နယ်အပါအဝင် မြန်မာနိုင်ငံ တနံတလျားမှာ လူတစ်ထောင်ကျော် သေဆုံးခဲ့တာကို စနစ်တကျ ညှိနှိုင်း ကျူးလွန်ခဲ့တဲ့ သက်သေအထောက်အထားတွေက ပြသနေသလို လူထောင်ပေါင်းများစွာကိုလည်း ဥပဒေဘောင်တွင်းမှ မဟုတ်ဘဲ စစ်ကောင်စီက မတရား ဖမ်းဆီးထိန်းသိမ်းတဲ့ဖြစ်ရပ်တွေက သတင်းတွေမှာ နေ့စဥ်မြင်သိနေရဆဲပါ။  

အပြည်ပြည်ဆိုင်ရာဥပဒေအရ သတ်ဖြတ်မှု၊ မထင်ရင် မထင်သလို ဖမ်းဆီးချုပ်နှောင်မှုများကို အရပ်သားတွေအပေါ် ကျယ်ကျယ်ပြန့်ပြန့် သို့မဟုတ် စနစ်တကျတိုက်ခိုက်မှုရဲ့ အစိတ်အပိုင်းတခုအဖြစ် ကျူးလွန်တဲ့အခါမှာ အဲဒီရာဇဝတ်မှုတွေကို လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအဖြစ်  သတ်မှတ်ထားပါတယ်။  

ထို့အတူ အာဏာသိမ်းလိုက်တဲ့ စစ်ကောင်စီဟာ လူသားမျိုးနွယ်ပေါ် ရာဇဝတ်မှု Crime against humanity ကျူးလွန်နေတယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့ အစီရင်ခံစာမှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းက အရပ်သားတွေကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက နေရာအနှံ့ စနစ်တကျ ထိပါး တိုက်ခိုက်နေသလို ဆန္ဒပြသူတွေကို သတ်ဖြတ်တာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုကျင့်တာ၊ ဖမ်းဆီးထားသူ တချို့ကို မုဒိမ်းကျင့်တာနဲ့ နိုင်ငံရေးအရ အလုံး အရင်းနဲ့ ဖမ်းဆီးတာတွေ ပါဝင်တယ်လို့ ၂၀၂၁ ခုနှစ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖော်ပြတဲ့ ၂၀၂၂ နှစ်ပတ်လည် အစီရင်ခံစာမှာ HRW ဖော်ပြလိုက်တာပါ။

ကုလသမဂ္ဂရဲ့ ဥပ‌ဒေပိုင်းဆိုင်ရာ အဓိပ္ပါယ် ဖွင့်ဆိုချက်များအရ “စစ်ရာဇဝတ်မှုများနှင့် လူမျိုးတုံးသတ်ဖြစ်မှုတို့နှင့်အတူ လူသားမျိုးနွယ်ပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကြီးလေးသော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများအဖြစ် ယူဆပါသည်။ လူသားမျိုးနွယ်ပေါ် ကျူးလွန်သည့် ရာဇဝတ်မှုဆိုသည်မှာ အရပ်သားများအား နေရာတစ်နေရာတွင် သို့မဟုတ် နယ်မြေတစ်ခုလုံးတွင် နေရာအနှံ သို့မဟုတ် စနစ်တကျ အစီအစဥ်ချ တိုက်ခိုက်မှုတွင် အစိတ်အပိုင်းတခုအဖြစ် ကျူးလွန်သည့် လုပ်ရပ်ဆိုပြီး အဓိပ္ပါယ် ဖွင့်ဆိုထားသည်။ အရပ်သားများကို အကြမ်းဖက်သည့် သို့မဟုတ် မတော်မတရားပြုသည့် မည်သည့် ပြုလုပ်မှုကိုမဆို ဤနေရာတွင် တိုက်ခိုက်မှုဟု ယူဆနိုင်သည်။(စကားချပ်)

ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာ တင်သွင်းသူဟောင်း မစ္စယန်ဟီးလီး၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်သော နိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့ ဥက္ကဌဟောင်း မာဇူကီ ဒါရပ်ဇ်မင်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့ဝင်ဟောင်း ခရစ် ဆီဒေါ့တီတို့က မြန်မာပြည်သူတွေအတွက် လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး၊ တရားမျှတမှုမြှင့်တင်ရေး အပါအဝင် လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု ကျူးလွန်သူတွေကို ဒဏ်ခတ်ရေး လှုပ်ရှားမှုကို ထောက်ကူဖို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SAC-M) အဖွဲ့ကို မတ်လ ၁ ရက်နေ့က ဖွဲ့စည်းလိုက်ပါတယ်။

SAC-M တည်ထောင်တဲ့အဖွဲ့ဝင်တဦးဖြစ်သူ မစ္စယန်ဟီးလီးက “မြန်မာစစ်တပ်ဟာ မြန်မာပြည်သူတွေကို ရာစုနှစ်ဝက်ကျော် ဖိနှိပ်ခဲ့တယ်၊ ဖက်ဒရယ် ဒီမိုကရေစီထူထောင်ဖို့ မြန်မာပြည်သူတွေရဲ့ အားထုတ်မှုတွေကို ချိနဲ့သွားအောင်လုပ်ခဲ့ပြီးတော့ ပြည်သူတွေအပေါ် ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ကျူးလွန်ပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေကြတယ်၊ ပြီးခဲ့တဲ့လက တုန်လှုပ်စရာ စစ်အာဏာသိမ်းမှုဟာ ပြည်သူတွေရဲ့ဆန္ဒနဲ့ နိုင်ငံတကာစံနှုန်းတွေကို စစ်ဗ်ိုလ်ချုပ်တွေက လုံးဝဂရုမစိုက်ဘူးဆိုတာကို ထပ်မံပြသလိုက်တာဖြစ်တယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက် ခရစ္စမတ်အကြိုနေ့မှာ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုရွာအနီး စစ်ကောင်စီတပ်ဖွဲ့တွေက လူ ၄၀ အစုအပြုံလိုက် သတ်ဖြတ်မီးရှို့မှုနဲ့ ပတ်သက်လို့ ဒေသအခြေစိုက် ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRG က ရုပ်အလောင်း ၂၇  ခုကို အတည်ပြုနိုင်ခဲ့ပြီး Save the Children အဖွဲ့ ဝန်ထမ်းနှစ်ဦး အပါအဝင် နောက်ထပ် လူ ၁၄ ဦးကတော့ ပျောက်ဆုံးနေဆဲလို့ ဆိုပါတယ်။

သို့ရာတွင် အမေရိကန်သံရုံးနဲ့ ကုလသမဂ္ဂတို့က ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်အဖြစ် တုန်လှုပ် စိတ်မကောင်းဖြစ်မိတယ်လို့ ပြောဆိုပေမဲ့ တိုင်းရင်းသား လက်နက်ကိုင် KNPP နဲ့ PDF လက်နက်ကိုင်တွေက စတင်တိုက်ခိုက်လို့ အပြန်အလှန်ပစ်ခတ်ရင်း အရပ်သားတွေ သေဆုံးခဲ့တာလို့ စစ်ကောင်စီဘက်က တုံ့ပြန်ငြင်းဆိုခဲ့ပါတယ်။

အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် ကယားပြည်နယ်က လူ ၄၀ ခန့် အစုအပြုံလိုက်သတ်ဖြတ်မှုဟာ စစ်ကောင်စီဘက်က လူသားမျိုးနွယ်ပေါ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်တဲ့ပြစ်မှုဖြစ်တယ်လို့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီက ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ဒီလိုအစုအပြုံလိုက် သတ်ဖြတ်မှုတွေအတွက် သူတို့အနေနဲ့ တရားမျှတမှုရအောင် ဆောင်ရွက်သွားမှာဖြစ်သလို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC အနေနဲ့ ဒီကိစ္စကို အရေးယူနိုင်ဖို့အတွက် အချိန်နဲ့တပြေးညီ လုပ်ဆောင်သင့်တယ်လို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ လူ့အခွင့်အရေးရဲ့ အခြေခံအခွင့်အရေးတွေထဲက တခုဖြစ်တဲ့ freedom of movement ကို ချိုးဖောက်နေသလို စစ်အုပ်ချုပ်ရေးဥပဒေအောက်မှာ ဒေသခံပြည်သူတွေ ခရီးသွားလာခွင့်နဲ့ သတင်းအချက်အလက်ရရှိမှုအပေါ် တင်းကြပ်ကန့်သတ်ခံရတာတွေ တနေ့ထက်တနေ့ ဆိုးလာနေရပြီးတော့ ပြည်သူတွေဟာ အသက်ဆက် ရှင်သန်ရေးအတွက် အခက်အခဲများနှင့် ကြုံတွေ့နေရတယ်”လို့ HURFOM ပရိုဂရမ်မန်နေဂျာ နိုင်အဲမွန်က ဆက်ပြောပါတယ်။

“စစ်တပ်ခေါင်းဆောင်တွေအနေနဲ့ သူတို့စစ်သားတွေ အရာရှိတွေ ကျူးလွှန်ခဲ့တဲ့ရာဇဝတ်ပြစ်မှုတွေအပေါ် ကာလရှည်ကြာကတည်းကပဲ အပြစ်ပေး အရေးယူခြင်းမရှိတာကြောင့် ခုဆိုရင်နိုင်ငံနဲ့ချီပြီး ရက်စက်မှုတွေကို ပိုမိုပြီးကြမ်းကြုတ်စွာ ဆက်လက်ကျူးလွန်နေတာဟာ ထင်ရှားပါတယ်။ သို့သော် အခုလို အာဏာရှင်ကြီးစိုးတဲ့ နိုင်ငံတိုင်းရဲ့ လူထုတော်လှန်ရေးကာလ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဘေးထွက်ကျူးလွန်မှုတွေကိုလည်း ကျနော်တို့ ဂရုတစိုက်မှတ်တမ်းတင်ဖို့လိုပါတယ်။ တော်လှန်ရေးကာလမှာ ရပ်တည်မှု၊ ဖြစ်တည်မှုအရ အချင်းချင်းတော်လှန်လို့ တိမ်းပါးသွားတာ ဓမ္မတာ ဖြစ်ပေမယ့် အပြစ်မရှိသူ တဦးတယောက်က နစ်နာဆုံးရုံးသွားရတာကိုတော့ လက်သင့်မခံပါဘူး။ ဘယ်လို လက်နက်ကိုင်တပ်၊ အာဏာသိမ်းတပ်မဆို အခြေခံအခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေအပေါ် အကြမ်းဖက် ချိုးဖောက်လာခဲ့ရင် ကျနော်တို့အနေနဲ့ အပြင်းထန်ဆုံး စကားလုံးတွေနဲ့ ပစ်တင်ရှုံ့ချရပါမယ် မှတ်တမ်းတင်ပါမယ် ထုတ်ဖော်ပြောကြားပါမယ်။ တချိန်ချိန်မှာ သူတို့အတွက် တရားမျှတမှုတွေအတွက် ကျတော်တို့မှတ်တမ်းတွေနဲ့ အမှုမှန်ဖော်ထုတ်ပါမယ်” လို့ ဆိုပါတယ်။  

လက်ရှိ ကျေးလက်နဲ့မြို့ပြတွေမှာ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ၊ ခရီးသွားလာရေးနဲ့ သတင်းလွတ်လပ်မှုများအပါအဝင် အခြေခံလွတ်လပ်ခွင့်တွေကို ဖိနှိပ်မှုကိစ္စတွေ ဒေသတွင်းမှာ ဆိုးသထက်ဆိုးလာနေတဲ့အပြင် ကိုဗစ် ၁၉ ကပ်ရောဂါကြားက အထွေထွေအကျပ်အတည်းတွေ၊ ဘက်ပေါင်းစုံမှာလည်း အဖွဲ့အစည်းအသီးသီးမှာ လက်နက်တွေလက်ဝယ်ရှိနေကြပြီး စစ်ကောင်စီရပ်တည်မှုကို ဆန့်ကျင်တဲ့ ဘယ်သူကိုမဆို စိတ်ထင်တိုင်း သေနတ်ပစ်သတ်လိုင်စင်ရထားသလို သုတ်သင်ချေမှုန်းဖျက်ဆီးနေတာတွေဟာ တစစ လူသားအပေါ်ကျူးလွန်တဲ့ ရာဇဝတ်တွေဆီကို တွန်းပို့နေပါပြီလို့ ဆိုပါရစေ။

သော်ဇင်ဦး ရေးသားသည်။

May 1, 2024
ကရင်နီပြည်ရှိ တော်လှန်ရေးတပ်ပေါင်းစုများ သိမ်းပိုက်ထားသော မြို့အများစုတွင် မြေမြုပ်မိုင်း...
April 20, 2024
၂၀၂၁ အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေကြားက အကောင်အထည်ဖော်နေတဲ့ ကရင်နီပြည်ရဲ့ ပညာရေးဟာ...
April 20, 2024
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် အချိန်ခါ မဟုတ် မိုးရွာသွန်းမှုကြောင့် နေအိမ်အမိုးအကာများ...
April 19, 2024
Salai Vakok — တောတောင်ထူထပ်၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ဒေသကို ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ၃...