ဖျာပုံ အုပ်ချုပ်ရေး ရုံးရှေ့ ဗုံးကွဲ

ဖျာပုံ အုပ်ချုပ်ရေး ရုံးရှေ့ ဗုံးကွဲ

ဧရာဝတီတိုင်း၊ ဖျာပုံမြို့၊ အမှတ် (၁၆) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဗုံးနှစ်လုံးဆက်တိုက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

ဇန္နဝါရီလ ၁၁ ရက်နေ့၊ ညနေ ၇ နာရီခွဲ ဝန်းကျင် အချိန်ခန့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ပေါက်ကွဲသံကို ရှေ့ဆင့်နောက်ဆင့် ကြားရတယ်။ အိမ်တောင်တုန်တယ်။ ရုံးထဲကသူတွေ ထွက်ပြေးကြတော့ မပြေးနဲ့ ဝပ်နေကြလို့ အော်ပြောတာလည်း ကြားရတယ်" ဟု ရုံးအနီးတွင် နေထိုင်သူတစ်ဦးက ပြောသည်။

ဗုံးပေါက်ကွဲချိန်တွင် ရပ်ကွက်ရုံး အတွင်း၌ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ ရှိနေ သည့်အပြင် ရပ်ကွက်ထဲမှ ဧည့်စာရင်း လာတိုင်သူ အချိုု့လည်း ရှိနေသည်ဟု ရပ်ကွက်အုပ်ချုပ်ရေးရုံးအနီး နေထိုင်သူများက ပြောသည်။

အုပ်ချုပ်ရေးမှူး အပါအဝင် ဆယ်အိမ်မှူး၊ ရာအိမ်မှူး နှင့် ဒလန်များကို ဗုံးဖြင့် တိုက်ခိုက်သုတ်သင်ရန် ဖြစ်သော် လည်း ရပ်ကွက်ရုံးအတွင်း၌  အရပ်သားအချို့ ရှိနေသဖြင့် ရုံးရှေ့၌ပင် သတိပေး ဖောက်ခွဲခဲ့ရခြင်း ဖြစ်သည်ဟု ဒေသခံ ပြောက်ကျား တပ်ဖွဲ့ ဖြစ်သည့် ဧရာဗေဒါအဖွဲ့က ထုတ်ပြန်ထားသည်။

ဧရာဗေဒါ အဖွဲ့ဝင်တစ်ဦးက “အပြစ်မဲ့ပြည်သူတွေကို မထိခိုက်စေချင်ဘူး။ စစ်ကောင်စီ အဖွဲ့တွေနဲ့  ဌာနဆိုင်ရာ ရုံးတွေနဲ့ ကင်းကင်းရှင်းရှင်း နေထိုင်ကြပါ” ဟု သတိပေး ပြောဆိုသည်။

ပေါက်ကွဲမှုဖြစ်ပေါ်ပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ အမှတ် (၁၆) ရပ်ကွက်နှင့် ဖျာပုံမြို့ ပေါ် ကရပ်ကွက် အချို့တို့တွင် ညတွင်းချင်း ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ၊ အဖမ်းခံရသူအချို့ရှိသည်ဟု ဒေသခံ အချို့က ပြောသည်။

သို့သော် ဖမ်းဆီးခံရသူ စာရင်းနှင့် မည်သူမည်ဝါဖမ်းဆီးခံရသည်ကို အတိအကျမသိရသေးပေ။

ဖျာပုံမြို့၊ အမှတ် (၁၆) ရပ်ကွက်တွင် အောက်တိုဘာလ ၁၇ ရက်နေ့တွင်လည်း Mytel ဖုန်းတာဝါတိုင် တစ်တိုင် ဗုံးခွဲ ဖျက်ဆီးခံရပြီး ထိုသို့ဗုံးခွဲခံရပြီးနောက် မသင်္ကာ၍ ဖမ်းဆီးခံလိုက်ရသူ အချို့မှာ ယနေ့အချိန်ထိ ပြန်မလွတ် သေးဘူးဟု ဒေသခံများက ပြောသည်။

February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...