ကချင်-တရုတ်နယ်စပ် လွယ်ဂျယ် ကုန်သွယ်ရေးဂိတ်မဖွင့်သည့်အတွက် စိုက်ပျိုးသီးနှံများ စွန့်ပစ်နေရ

ကချင်-တရုတ်နယ်စပ် လွယ်ဂျယ် ကုန်သွယ်ရေးဂိတ်မဖွင့်သည့်အတွက် စိုက်ပျိုးသီးနှံများ စွန့်ပစ်နေရ

ကချင်-တရုတ်နယ်စပ်ဂိတ်ဖြစ်သော လွယ်ဂျယ်ကုန်ဂိတ်ကို ဒီဇင်ဘာလ ၃၁ ရက်နေ့ ဖွင့်ရန် သဘောတူညီမှုရှိခဲ့သော်လည်း ကိုဗစ်ခေါင်းစဉ်ဖြင့် တရုတ်နိုင်ငံဘက်က ဂိတ်မဖွင့်သေးသောကြောင့် တရုတ်သို့တင်ပို့မည့် စိုက်ပျိုးသီးနှံများပျက်စီးသွားသဖြင့် စွန့်ပစ်နေရကြောင်း သိရသည်။

လွယ်ဂျယ်နယ်စပ် ကုန်ရေးဂိတ်ကို တရုတ်အစိုးရဘက်က ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၁ ခုနှစ် ဇူလိုင်လ ကတည်းကပိတ်ထားခဲ့ရာ ကုန်သွယ်ရေးလမ်းကြောင်းရပ်နားထားသည်မှာ ခြောက်လကျော်ကြာမြင့်နေပြီ ဖြစ်ပြီး တရုတ်သို့တင်ပို့ရန်စိုက်ပျိုးထားသည့် စိုက်ပျိုးသီးနှံများ တင်ပို့ခွင့်မရပဲ အမည့်လွန်ပြီး ထုတ်လုပ်ချိန် ကျော်လွန်နေသောကြောင့် စွန့်ပစ်နေရကြောင်း ငှက်ပျောစိုက်သူတစ်ဦးက KNG သတင်းဌာနကို ပြောသည်။

”ပို့ခွင့်မရတော့ ဒီလိုပဲစွန့်ပစ်နေရတာ။ ဖရဲသီးကပိုဆိုးတယ် အ့ဘက်က ဖရဲသီးစိုက်တာပိုများတယ် ဝယ်လက်ကလည်းမရှိ တဲ့အခါမှာ စွန့်ပစ်ဖို့နေရာတောင်မရှိဘူး စွန့်ပစ်ဖို့နေရာ မရှိလို့ပိုက်ဆံပေးပြီးစွန့်ပစ်နေရတဲ့အနေအထားတွေဖြစ်နေတယ် ရှုံးတဲ့ထဲမှာ ထပ်ပြီးတော့ကို အရှူံးခံရတဲ့သဘောမျိုးကိုဖြစ်သွားတယ်။”ဟု ငှက်ပျောစိုက်သူတစ်ဦးကပြောသည်။

လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်သည် ဗန်းမော်ခရိုင်တွင်ပါဝင်ပြီး ယင်းနယ်စပ်ကုန်သွယ်ရေးဂိတ်မှ အဓိကပို့ကုန်မှာ တစ်သျှူးငှက်ပျော်၊ ဖရဲ၊ သခွား၊ ကြံတို့ဖြစ်သည်။

တရုတ်အစိုးရဘက်က ကုန်သွယ်ရေးဂိတ်ဖွင့်လှစ်ခဲ့ပါက တင်ပို့ရန်အသင့်စောင့်ဆိုင်းနေသော သီးနှံပိုင်ရှင်များသည် အရှုံးပေါ်နေရကြောင်း ကချင်ပြည်နယ်သီးနှံစိုက်ပျိုးသူများအသင်းမှ အတွင်းရေးမှူး ဦးဂန်အောင် က ယခုကဲ့သို့ ဆိုသည်။

”လွယ်ဂျယ်ဂိတ်ကို ကျွန်တော်တို့က နှစ်ဖက်နိုင်ငံက ကိုယ်စားလှယ်တွေ ညှိနှိုင်းတိုင်ပင်ကြပါတယ်။ ညှိနှိုင်းတိုင်ပင်ကြတော့ ဒီဇင်ဘာလ ၃၁ ရက်နေ့ကို ဖွင့်ရအောင်ဆိုပြီး သဘောတူညီချက်ရထားရှိပြီးပေမယ့်လည်း ဒီ ၃၁ ရက်နေ့မှာ ဖွင့်လှစ်နိုင်ခြင်းမရှိခဲ့ပါဘူး။ အဲ့မှာပဲ ဒီဗန်းမော်ခရိုင်ဘက်ကနေပြီးမှ ထွက်ရှိတဲ့ သီးနှံတွေဖြစ်တဲ့ ငှက်ပျောတို့၊ ဖရဲတို့နောက်ပြီးရင် ကြံတို့အားလုံးကလည်း သခွားတို့အားလုံးကလည်း ရပ်တန့်းစောင့်ဆိုင်းနေရတယ်သူတို့လည်း ပျက်စီးရှူံးဆုံးမှုနဲ့ကြုံရမှာပါပဲ”ဟု ၎င်းကပြောသည်။

လက်ရှိရာသီသည် ငှက်ပျော၊ ဖရဲ၊ သခွားတင်ပို့ရမည့်အချိန်ဖြစ်ပြီး သီးနှံစိုက်ပျိုးသူများအနေဖြင့်လည်း သီးနှံစိုက်ပျိုးရေးတွင် အသုံးပြုထားသည့် လုပ်သားဌားရမ်းခ၊ မြေဌားခ၊ ဓာတ်မြေသြဌာခများ အသုံးပြုထားပြီဖြစ်သောကြောင့် ငွေကြေးမရရှိသဖြင့် ဆုံးရှုံးမှုကြီးမားစွာကြုံနေကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် အဓိကနယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်သော ကန်ပိုက်တီးနှင့် လွယ်ဂျယ်ဂိတ်နှစ်ခုအနက် ကန်ပိုက်တည် ဂိတ်သည် ပုံမှန်အတိုင်းကုန်သွယ်ခွင့်ရနေပြီဖြစ်ပြီး လွယ်ဂျယ်ဂိတ်ကိုမှု ကိုဗစ်စည်းကမ်း သတ်မှတ်ချက်များနှင့် မကိုက်ညီသေးဟုဆိုကာ တရုတ်အစိုးရဘက်က ပိတ်ထားဆဲဖြစ်ကြောင်းသိရသည်။

”လွယ်ဂျယ်ဂိတ်ကဘယ်နေ့ပြန်ဖွင့်မယ်ဆိုတာကိုတော့ပြောရခက်တယ်ဗျ။ တရုတ်ဘက်မှာက ကိုဗစ်ကင်းစင်တဲ့ အနေအထားဖြစ်နေတာဆိုတော့ကျန်တဲ့နေရာကနေ ဝင်လာမှာသူတို့ကကြောက်တယ်။” ဟု ကချင်ပြည်နယ်သီးနှံစိုက်ပျိုးသူများအသင်းမှအတွင်းရေးမှူးဦးဂန်အောင်က ပြောသည်။

ကချင်ပြည်နယ်အတွင်းရှိ နယ်စပ်တရားဝင်ကုန်သွယ်ရေးဂိတ်များဖြစ်သည့် ကန်ပိုက်တီး၊ လွယ်ဂျယ်၊ ပန်ဝါဂိတ်များကို တရုတ်ဘက်က ကိုဗစ်ကြောင့် ၂၀၂၁ ဇူလိုင်လက စတင်ပိတ်ထားခဲ့ခြင်း ဖြစ်သည်။

Most read this week

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...