ရှမ်းမြောက် မုံးပေါ်ဒေသမှာ စစ်ကောင်စီနဲ့ KIA တိုက်ပွဲ ပြင်းထန်

ရှမ်းမြောက် မုံးပေါ်ဒေသမှာ စစ်ကောင်စီနဲ့ KIA တိုက်ပွဲ ပြင်းထန်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ်ခွဲ မုံးပေါ်ဒေသမှာ စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား ဇန်နဝါရီလ ၂ ရက်နေ့ကနေ မနေ့က ၅ ရက်နေ့အထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၅ ရက်နေ့ မနေ့က နံနက်ပိုင်း ၁၀ နာရီကနေ ည ၁၀ နာရီအထိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၆ အောက် တပ်ရင်း ၃၆ နယ်မြေကို စစ်ကောင်စီ စကခ – ၁၇ အောက် ခမရ – ၃၃၂ တပ်ဖွဲ့က ဝင်ရောက်လာတာကြောင့် ဖွန်းပြန်ယန် အထက်က ကားတိုင်ကုန်းပေါ်မှာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။

“ရွာကနေ လက်နက်ကြီး ပစ်နေတာ ၈ ကြိမ်လောက်ရှိပြီ။ ဖွန်းပြန်ယန်ဘက်လို့ ပြောတယ်။ နေ့လည်ကလည်း ရွာကနေ လက်နက်ကြီး ပစ်တယ်။ စစ်ကောင်စီက ပိုက်ဆံ အများကြီးပေးပြီး လိုက်ပို့တဲ့ သူ ငှားတယ်ကြားတယ်။ အတိအကျတော့ မသိဘူး” လို့ ဒေသ ခံ ၁ ဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရမှုများလာတာကြောင့် အင်အားထပ်ဖြည့်လာတဲ့အပြင် လက်နက်ကြီး ရမ်းသမ်း ပစ်ကူနေကြောင်း သူက ဆက်ပြောပါတယ်။

“ဘယ်လောက် သေဆုံး ဒဏ်ရာရတာတော့ အတိအကျ မသိရသေးဘူး။ စစ်ကြောင်းမှူး ထိခိုက်ဒဏ်ရာရတယ်။ စစ်ကောင်စီဘက်က ထိခိုက် ဒဏ်ရာရတာ များလာလို့ မိုင်းယု ၁၀၅ မိုင်နဲ့ မိုင်ဖန်ရွာ ကနေ နေရာအနှံ့စစ်ကောင်စီက လက်နက်ကြီး ရမ်းသမ်း ပစ်ထည့်နေတယ်။” လို့ သူက ပြောပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိသလို KIA ဘက်ကလည်း သေဆုံးမှုရှိကြောင်း သိရပါတယ်။

KIA တပ်မဟာ ၆၊ တပ်ရင်း ၃၆ နယ်မြေ နောင်ချိုရွာအနီးမှာ ဇန်နဝါရီ ၄ ရက်နေ့ မနက် ၇ နာရီ ခန့်ကစ စစ်ကောင်စီတပ်ဖွဲ့ရှိရာနေရာကို KIA တပ်မဟာ ၆ ပူးပေါင်းတပ်မှ လက်နက်ကြီးပစ်ခတ်ထိုးစစ်ဆင်ခဲ့ပြီးနောက် ဖွန်းပြန်ယန်ဘက် နေ့လည် ၁၂နာရီကနေ ၁၂ နာရီ ခွဲအထိ နာရီ ဝက်ကြာ ၁ ကြိမ်၊ မွန်းလွဲ ၁ နာရီကစ ၁ ကြိမ် စစ်ကောင်စီနဲ့ KIA တပ်မဟာ ၆ တို့ ထိတွေ့ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီး ရမ်းသမ်းပစ်ကူနေတာကြောင့် တိုက်ပွဲ ပြင်းထန်လာမှာကို စိုးရိမ်နေကြောင်း “လက်နက်ကြီး ပစ်ကူပစ်နေတဲ့ နေရာကို ဟိုဘက်က လာပစ်ပြီး တိုက်ပွဲ ပြင်းထန်လာမှာကြောက်နေတာ” လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီ‌ဒေသမှာ မကြာခဏ တိုက်ပွဲဖြစ်ပွားတတ်ပေမယ့် အသေးစား ပစ်ခတ်မှုကလွဲလို့ တိုက်ပွဲ မဖြစ်တာ ၁ နှစ်ခန့်ကြာပြီ ဖြစ်ရာ လက်ရှိမှာဝော့ KIA တပ်မဟာ ၆ နယ်မြေမှာ နှစ်ဘက် စစ်ရေး တင်းမာနေပြီး တိုက်ပွဲ ဆက်လက် ပြင်းထန်လာနိုင်တယ်လို့ ဒေသခံတွေနဲ့ KIA တပ်မဟာ ၆ နဲ့ နီးစပ်သူတွေက ပြောပါတယ်။

၎င်းဒေသမှာ စစ်ကောင်စီ လက်အောက်ခံ မုံးပေါ် ပြည်သူ့စစ်၊ KIA တပ်မဟာ ၆ တပ်ရင်း ၃၆၊ MNDAA ၊ SSPP/SSA နဲ့ မြောက်ပိုင်း မဟာမိတ်ညီနောင်အဖွဲ့တို့ လှုပ်ရှားသွားလာရာ နေရာဖြစ်ပါတယ်။

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...