ဖားကန့်လမ်းတွင် တိုက်ပွဲဖြစ်ပြီးနောက် ဒေသခံ ၂ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်သွား

ဖားကန့်လမ်းတွင် တိုက်ပွဲဖြစ်ပြီးနောက် ဒေသခံ ၂ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်သွား

ဖားကန့်မြို့နယ် ဆိုင်းဖရာကျေးရွာတွင် ယနေ့ နံနက်ပိုင်း ၁၀ နာရီဝန်းကျင်ခန့်က စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံ ၂ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်ဟု သိရသည်။

“မနက် ၁၀ နာရီလောက်မှာ တိုက်ပွဲဖြစ်ပြီး ငြိမ်သွားတော့ ဘာမှမဖြစ်တော့ဘူးထင်ပြီး မီးသွေးလုပ်တဲ့ဘက်ကို အလုပ်သွားရင်း ဖမ်းခံရတာ” ဟု အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက KNG သတင်းဌာနကို ပြောသည်။

ဖမ်းဆီးခေါ်ဆောင်သွားခံရသူ ၂ ဦးမှာ ဆိုင်းဖရာကျေးရွာမှ ၁၉ နှစ်အရွယ် မောင် ဇခုန်ဇော်မုန်ရာ နှင့် ကပ်မှော်ကျေးရွာမှ ၃၀ ကျော်အရွယ် မောင် လဘန်ယောဟန်တို့ ဖြစ်သည်။

ယနေ့ နံနက် တိုက်ပွဲဖြစ်ပွားခဲ့သောနေရာမှာ ဆိုင်းဖရာကျေးရွာမြောက်ဘက် ၁ မိုင်ခန့်အကွာတွင်ဖြစ်ပြီး ဖားကန့်ဘက်မှ ဆင်းလာသောစစ်ကြောင်းဖြစ်သည်ဟု သိရသည်။

ယခင်ရက်ကတည်းကလည်း အဆိုပါဒေသရှိ ပြည်သူ ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားပြီး ယနေ့ နံနက်တွင် အဆိုပါ ၃ ဦးကိုလွတ်ပေးကာ နောက်ထပ် လူသစ် ၂ ယောက်ကို ထပ်မံ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် အဆိုပါဖမ်းဆီးခံရသူ ၂ ဦးကို မည်သည့်နေရာတွင် ထားရှိကြောင်းကို မသိရသေးကြောင်း ဒေသခံများပြောသည်။

“သူတို့ ၂ ယောက်ကို ဘယ်ကို ခေါ်သွားလဲ မသိသေးဘူး။ နမ့်ယာ စစ်တပ်ကလား၊ ဘယ်ကို ခေါ်သွားလဲ မသိဘူး။” ဟု ဆိုသည်။

ဖမ်းဆီးခံရသူ လူငယ် တစ်ဦး၏ မိခင်ဖြစ်သူမှာ သူ၏သားကို အမြန်လွတ်ပေးရန် KNG မှတဆင့် တောင်းဆိုထားသည်။

ဖားကန့်လမ်းတွင် ပြီးခဲ့နှစ် ဇူလိုင်လကလည်း စစ်ကောင်စီတပ်၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံ ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်း ဖြစ်သည်။

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...