နမ်ဆန်ယန်ကျေးရွာမှာ လယ်ယာမြေ နဲ့ အိမ်ခြံမြေ မကျန် ရွှေတူးဖော်နေကြ

နမ်ဆန်ယန်ကျေးရွာမှာ လယ်ယာမြေ နဲ့ အိမ်ခြံမြေ မကျန် ရွှေတူးဖော်နေကြ

ဝိုင်းမော်မြို့နယ် စစ်ဘေးရှောင်တချို့ နေရပ်ပြန်နေပြီဖြစ်တဲ့ နမ်ဆန်ယန် ကျေးရွာမှာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ချို့က လယ်ယာမြေနဲ့ အိမ်ခြံမြေထိ ရွှေတူးဖော်ခွင့်ပြုနေကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာလ နောက်ဆုံးအပတ်က နမ်ဆန်ယန်ဒေသခံတစ်ဦးဟာ သူ့ရဲ့မြေယာတွေ ဖျက်ဆီးခံရကြောင်း ဗီဒီယိုကို လူမှုစာမျက်နှာမှာတင်ပြီး အခုလိုပြောဆိုထားပါတယ်။

“အခုမြင်ရတဲ့အတိုင်းပဲ အားလုံး တူးဆွ တူးဖော်ထားကြပြီး ရွာကို မြေပြန်ညီပေးမယ်သာ ပြောတာ ဘာတစ်ခုမှ မညီထားပေးသေးဘူး။ ကျင်း ရေအိုင်တွေအပြည့်ပဲ။ ဘေးပတ်ပတ်လည် အားလုံးတူးဖော်နေဆဲပဲ။ ရွာက အားလုံးပျက်စီးကုန်နေပြီ။ ဘယ်ချိန်မှ ရွာမြေတွေ ပြန်ညီပေးမလဲမသိဘူး။ ဘယ်သူမှ ပြန်ညီပေးနေတာလည်းမတွေ့ဘူး။” လို့ သူက ဗီဒီယိုထဲမှာ ပြောဆိုထားပါတယ်။

စစ်ရှောင်ပြည်သူ အများစု နေရပ်မပြန်နိုင်သေးတဲ့ နမ်ဆန်ယန်ကျေးရွာမှာ အခုချိန် ကျေးရွာအုပ်ချူပ်ရေးမှူးများ နဲ့ လုပ်ငန်းရှင်တွေ ပူးပေါင်းပြီး ကျေးရွာအနီးပတ်ဝန်းကျင်နဲ့ လယ်ယာမြေ၊ အိမ်ခြံမြေအတွင်းထိ စက်ယန္တရားကြီးများနဲ့ အင်တိုက်အားတိုက် ရွှေတူးဖော်နေကြတယ်လို့လည်း စစ်ရှောင်အချို့က KNG ကို ပြောပါတယ်။

လွန်ခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ နမ်ဆန်ယန်ကျေးရွာဒေသခံတွေဟာ အခုလို ရွှေတူးဖော်နေမှုကို ရပ်တန့်ပေးဖို့ KIO ဌာနချူပ်ထိ လျှောက်လွှာစာ တင်ထားကြောင်း သိရပါတယ်။

အဲဒီစာထဲမှာ မတရားသောနည်းနဲ့ ရွှေတူးဖော်နေမှုကို ရပ်တန့်ပေးဖို့၊ မြေယာဆုံးရှုံးသွားနစ်နာသွားသော စစ်ရှောင်ပြည်သူများကို နစ်နာလျော်ကြေးပေးဖို့နဲ့ KIO မှ စစ်ရှောင်ပြည်သူများ၏ မြေယာတွေကို ကာကွယ်ပေးဖို့ ပါရှိပါတယ်။

ဒါ့အပြင် အဲ့ဒီလျှောက်လွှာစာထဲတွင် နမ်ဆန်ယန်ကျေးရွာ ရွှေတူးဖော်ရေးမှာ တာဝန်ရှိပြီး ဦးဆောင်နေတဲ့ လူကြီးတွေရဲ့ အမည်ကိုလည်း ဖော်ပြထားပါတယ်။

နမ်ဆန်ယန်ကျေးရွာမှာ စစ်ကောင်စီထက် KIA က ပိုမိုနီးကပ်နေတာကြောင့် အခုလို တောင်းဆိုရတာဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

“စစ်တပ်က ကျနော်တို့ စစ်ရှောင်တွေကို နေရပ်ပြန်ရေးပဲပြောနေတာ၊ နမ်ဆန်ယန်က အခုပြန်မယ်ဆို နေစရာ နေရာမရှိတော့ဘူး။ အရမ်းဆိုးသွားပြီ။ အာဏာသိမ်းပြီးနောက် ပိုဆိုးလာတယ်။ လမ်းတောင်မကျန်တော့ဘူး။ အာဏာမသိမ်းခင်က လယ်ကွက်တွေမှာပဲ တူးဖော်တာ။ ဒါပေမဲ့အခုတော့ အိမ်ခြံမြေကွက်မှာကို ချနေကြတာ။ တချို့က လယ်ယာကွက်မှာပဲ တူးကြတယ်ထင်နေတာ။ လယ်ယာကွက်မဟုတ်ဘူး။ အိမ်ခြံမြေကွက်မှာကို ဖြစ်တယ်။ စစ်ကောင်စီကတော့ ဘယ်လိုမှ ပြည်သူလူထုဘက် ရပ်တည်တာမဟုတ်တော့ မြေယာကာကွယ်ပေးလို့ပြောလည်း ထူးမှာမဟုတ်ဘူး။ ဒါကြောင့် အခုနေရပ်ပြန်ရေးလို့ပြောရင် အခုလို ရွှေတူးဖော်လိုက်ကြတာကြောင့် ပြန်နေစရာ နေရာမရှိတော့ဘူး၊ ပြန်တည်ဆောက်ဖို့ နေရာမရှိဘူး ပြောယုံပဲရှိတော့တယ်။ အားလုံး မြေယာတွေ ပြန်ညီပေးခြင်းလည်းမရှိ၊ လုပ်ငန်းရှင်တွေကတော့ တူးဖော်ပြီးသွားလို့ ဒီတိုင်းပစ်ထားခဲ့ပြီ။ ဒီမြေယာတွေကို ဘယ်သူပြန်တာဝန်ယူပေးမလဲဆိုတာရှိတယ်။ အခုလို ကိုဗစ်ကတစ်မောက်၊ နိုင်ငံရေးမတည်ငြိမ်တဲ့ကြား ခက်ခဲဒုက္ခရောက်နေကြတဲ့အချိန် ပိုင်ရှင်မသိပဲ ကြိုက်သလို တူးဖော်လိုက်ကြတာတွေ အရမ်းစိတ်မကောင်းဘူး။ စစ်ရှောင်ပြည်သူတွေရဲ့ မြေယာတွေကို ကြိုက်သလိုလုပ်ပေးတဲ့အပေါ် အလိုမရှိဘူး။”လို့ နေရပ်မပြန်နိုင်သေးတဲ့ နမ်ဆန်ယန် စစ်ရှောင်တစ်ဦးက KNG ကို ပြောပါတယ်။

နမ်ဆန်ယန်ကျေးရွာမှာ အရင်ကတည်းက ရွှေသတ္တုထွက်တဲ့နေရာဖြစ်ပြီး အခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စက်ယန္တရားကြီးများနဲ့ ရွှေတူးဖော်မှု ပိုမိုဆိုးရွားလာတာဖြစ်တယ်လို့ ဒေသခံ စစ်ရှောင်တွေက ပြောပါတယ်။

Most read this week

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...