ဥယျာဉ်ထဲက ပန်းပွင့်များ

ဥယျာဉ်ထဲက ပန်းပွင့်များ

ဥယျာဉ်ထဲက ပန်းပွင့်များဟာ မေတ္တာနဲ့ပြုစုယုယမှုကိုခံရဖို့ မျော်လင့်နေကြတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ပန်းတွေဟာ သွေးစက်ကြားရှင်သန်နေကြရပြီး အကြမ်းဖက်တဲ့ ရာသီစက်ဝန်းမှာ သူတို့ဘဝတွေ လဲပြိုကြနေတာ ဝမ်းနည်းစရာကောင်းလှပါတယ်။ မတရားမှု၊ နှိပ်စက်မှု၊ ဖိနှိပ်မှု နဲ့ အတွေးအမြင်အကြမ်းဖက်မှု စတဲ့ အောက်က လွတ်မြောက်ဖို့ ပန်းပွင့်တွေဟာ အေးမြတဲ့ရေအေးတစက်ဖြစ်ဖြစ် တောင့်တနေကြပါတယ်။

နိုဝင်ဘာ၂၅ ရက်နေ့ကစပြီး  ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ၁၆ ရက်တာလှုပ်ရှားမှုအနေနဲ့ ‘အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေး၊  ပြစ်ဒဏ်ကင်းလွတ်ခွင့်အလေ့အထ အမြစ်ဖြတ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအဆုံးသတ်’ ဆိုတဲ့ဆောင်ပုဒ်ဖြင့် မြန်မာပြည်မှာလည်း ကမ်ပိန်းတွေနဲ့ ပြည်သူလူထုထဲ ပြန့်နှံအောင် လုပ်ဆောင်နေကြပါတယ်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေး တရားဥပဒေဖြင့်ကာကွယ်ပေးရေး ဆိုတဲ့ တောင်းဆိုလှုပ်ရှားမှုတွေကို အနုပညာရှင်များ နိုင်ငံရေးတက်ကြလှုပ်ရှားသူများ၊ လူမှုရေးအဖွဲ့အစည်းများ၊ အမျိုးသားညီညွတ်ရေးအစိုးရမှ ဝန်ကြီးများလည်း တက်ကြွစွာ ကမ်းပိန်မှာပါဝင်နေတာကိုတွေ့ရပါတယ်။

ဖဲကြိုးဖြူတပ်ဆင်ပြီး လှုပ်ရှားဆောင်ရွက်မှုများလည်းတွေ့ရပါတယ်။ ဖဲကြိုးဖြူတပ်ဆင်သူမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်လုပ်ဆောင်တာကို အမျိုုသားများလည်း ကန့်ကွက်တယ်၊ တားမြစ်တယ်ဆိုတဲ့ အရာကို နမိတ်ပုံဆောင်ခြင်း ဖြစ်ပါတယ်။

၁၆ ရက်တာ လှုပ်ရှားမှုများ ကမ္ဘာအနှံ့ရှိလူပုဂိုလ်များနှင့် အုပ်စုများအား အမျိုးသမီးများအပေါ် ကျား၊ မအခြေပြု အကြမ်းဖက်မှုပုံစံအားလုံးကို ဖယ်ရှားရန် တောင်းဆိုခြင်းဖြစ်ပါတယ်။

အမျိုးသမီးတွေသာမက အမျိုးသားတွေကပါ ဒီကမ်ပိန်းမှာ အားလုံးစိတ်တူကိုယ်တူပါဝင်ဆင်နွဲဖို့ လုပ်ဆောင်သင့်ပါတယ်။ ကျနော်တို့မျိုးဆက်မှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုနည်းမျိုးစုံကို အဆုံးသတ်နိုင်မှ နောင်မျိုးဆက်အတွက် နူးညံ့တဲ့အလှတရားရောက်လာမှာပါ။

NUG အစိုးရ အမျိုးသမီး၊ လူငယ်၊ ကလေးသူငယ်ရေးရာဝန်ကြီးဌာနက အကြံပြုထားတဲ့ ‘ဖုန်းခေါ်လိုက်ပါ’ ဆိုတဲ့ Facebook စာမျက်နှာလည်း အကြမ်းဖက်မှုပုံစံအမျိုးမျိုးကို တွေ့ကြုံခံစားရတဲ့အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအတွက် ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှု၊ စိတ်ပိုင်းဆိုင်ရာ၊ နှစ်သိမ့်ဆွေးနွေးခြင်း ဆိုင်ရာဝန်ဆောင်မှု၊ ဥပဒေပိုင်းဆိုင်ရာဝန်ဆောင်မှုတွေကို ဖုန်းနံပါတ် ၀၉၇၈၉၁၂၂၆၄၉ ထံ ဖုန်းခေါ်ဆိုပြီး အကူအညီရယူနိုင်ကြောင်း ဖော်ပြထားပါတယ်။

“အမျိုးသမီးများကို ညှင်းပန်းနှိပ်စက်မှုမပြုလုပ်ဘဲ တန်းတူညီမျှတန်ဖိုးထားခြင်းဖြင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို တည်ဆောက်ကြရအောင်’’ ဟု ကချင်အမျိုးသမီး ဒေါ်ခေါ်ဆွမ့်က ပြောပါတယ်။

အမျိုးသမီးများ အကြမ်းဖက်မှုတွေ့ကြုံနေရတဲ့ အခက်အခဲဟာ အတွေးအခေါ်ညီမျှမှုမရှိ ရှေးဟောင်းအတွေးအခေါ်တွေနဲ့ ကြီးပင်လာတဲ့ လူမှုဘဝတွေကြောင့်နဲ့ အခြားတဖက်မှာလည်း သက်ရောက်မှုရှိနေပါတယ်။

ကချင်ဓလေ့မှာဆိုရင် အမျိုးသမီးတွေအပေါ် ဆိုးရွာစွာတည်ဆောက်ထားတဲ့ အတွေးအခေါ်ရှိပါတယ်။ လိင်အကြမ်းဖက်မှုခံရတဲ့ မိန်းကလေးငယ်တွေကိုလည်း ကချင်ရိုးရာလူကြီးတွေက လူကြီးအချင်းချင်းညှိနှိုင်းပြီးတော့ ရိုးရာတွေနဲ့ပဲ ဖြေရှင်းလိုက်ကြပါတယ်။

မင်းကိုငါ ကွမ်းဖိုးထည့်ပြီးယူထားတာ ကြိုက်သလိုနှိပ်စက်လို့ရတယ်ဆိုတဲ့ အတွေးကို မသိစိတ်ထဲမှာ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းလာတဲ့အတွေးပဲဖြစ်ပါတယ်။ ဒီလိုအတွေးအခေါ်တွေနဲ့ အမျိုးသမီးများ၏ဘဝကို ချုပ်နှောင်ထားဆဲဖြစ်ပါတယ်။

“အမျိုးသမီးကနေစတယ် လူသားရယ်လို့ဖြစ်လာတာ ကမ္ဘာမိခင်လဲဟုတ်တယ်။ အမျိုးသမီးတွေကို အကြမ်းဖက်တာက ကမ္ဘာကြီးကိုဖျက်စီးတာနဲ့တူတယ်။ အနာဂတ်မိခင်ကိုဖျက်စီးတာနဲ့တူတယ်။ မိန်းကလေးကို အကြမ်းဖက်တာကမွေးလာမဲ့ ကလေးတွေကို ထိခိုက်စေတယ်”ဟု ကချင်အမျိုးသားတစ်ဦးဖြစ်တဲ့ ကိုဘောမ်ဇုံးကလည်း ၁၆ ရက်သာလှုပ်ရှားမှုအနေနဲ့ ပြောပါတယ်။

အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ဘဝကို အမျိုးသမီးတွေပိုင်ဆိုင်စေဖို့ ကလေးတွေကို အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုကြောင့် ရရှိတဲ့ခံစားမှုတွေကို ကိုယ်ချင်းစာတက်အောင် အမိဝမ်းကတည်းက ငယ်စဉ်ကတည်းက သင်ကြားပြသသင့်ပါတယ်။ မူကြိုကျောင်းတွေ၊ အစိုးရစာသင်ကျောင်းတွေမှာ လူမှုဘာသာရပ်တခုအဖြစ်သင်ကြားပေးနိုင်လျှင်ပို၍ လှပတဲ့အနာဂတ်ကိုတည်ဆောက်နိုင်ကြမှာပါ။

“အမျိုသမီးတွေ အကြမ်းဖက်ခံရတာက နေရာတိုင်းအခြေအနေတိုင်းမှာရှိတယ်။ တခုခုဖြစ်လာပြီဆိုရင် ကျမတို့အမျိုးသမီးတွေက တရားရုံးကို တိုင်းရကောင်းမှန်းလည်းမသိဘူး။ ကျေးရွာမှရှိတဲ့ ရပ်မိရပ်ဖတွေ ရိုးရာတွေနဲ့ပဲဆုံးဖြတ်ခဲ့ကြတယ်။ တရားမျှတမှုအချို့ကိစ္စလည်းရှိတယ် အချို့ကမရှိဘူး ဆုံးဖြတ်ပေးတဲ့ ခေါင်းဆောင်တွေ မမှန်ကန်မှုကြောင့် တရားမမျှတခဲ့တဲ့ဟာတွေကို လိုက်နာလက်ခံလိုက်ရတာတွေရှိတယ်” ဟုဝိုင်းမော်မြို့ ရှမ်းအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်မှ ဒါရိုက်တာ ဒေါ်နန်းခမ်းရင်က ပြောပါတယ်။

တစ်ယောက်ထဲ ဝေဒနာတွေကို ထွေးပိုက်ပြီးရှင်သန်မနေပါနဲ့အတူတူတိုက်ခိုက်ကြမယ်။ ချည်နှောင်းထားတဲ့ကြိုးတွေကို အတူတူဖျက်စီးပြီး ရှင်သန်ကြမယ်။ ပိုကောင်းတဲ့အနာဂတ်တခုဆီသွားဖို့ ပန်းပွင့်တွေ ရှင်သန်တော့မယ့် လွတ်လပ်တော့မယ် နမိတ်ဆီအတူသွားကြရအောင်ပါ။

 အာဘရာဟမ်

Most read this week

May 9, 2024
ဗန်းမော်ခရိုင် မိုးမောက်နဲ့ မံစီမြို့မှာ မြို့တွင်းတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး KIA...
May 8, 2024
ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာကနေ ဒိန်ဂျာယန် ( Dinga Yang) ဘက်ကို...
May 7, 2024
ဂိဒုန်စခန်းအပါအဝင် ဝိုင်းမော်မြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း ၁၀ ခုကျော်ကို...
May 7, 2024
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာမှာ တိုက်ပွဲမကြာခဏဖြစ်ပွားလာပြီး စစ်တပ်ဘက်က...