ရိုဟင်ဂျာများ ခွင့်ပြုချက်မရှိဘဲ ခရီးမသွားကြရန် စစ်ကောင်စီ ကန့်သတ်

ရိုဟင်ဂျာများ ခွင့်ပြုချက်မရှိဘဲ ခရီးမသွားကြရန် စစ်ကောင်စီ ကန့်သတ်

ရခိုင်မြောက်ပိုင်း၊ ဘူးသီးတောင်၊ မောင်တောဒေသရှိ ရိုဟင်ဂျာများ ခရီးသွားလာရာတွင် ခွင့်ပြုချက်ယူရန်နှင့် နယ်ကျော်သွားလာခြင်းမပြုလုပ်ရန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒေသန္တရ အမိန့်ထုတ်ထားသည်။

“တိုင်းရင်းသား မဟုတ်သူများ ခရီးသွားလာခြင်းနှင့် ပတ်သက်၍ ဒေသန္တရအမိန့်ထုတ်ပြန်ခြင်း” ခေါင်းစဉ်ဖြင့် နိုဝင်ဘာလ ၂၅ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေအရ အရေးယူခံရမည်ဟု ဖော်ပြထားသည်။

တိုင်းရင်းသားမဟုတ်သူများဆိုသည်မှာ စစ်ကောင်စီအတွက် ရိုဟင်ဂျာများကို ဆိုလိုခြင်းဖြစ်ပြီး ၎င်းတို့နေထိုင်ရာမြို့နယ်မှ အခြားသောမြို့နယ်ကို ကူးလူးသွားလာခြင်းကို နယ်ကျော်သွားလာခြင်းဟု ဆိုသည်။

ဥပမာ- ဘူးသီးတောင်မြို့နယ်ထဲတွင် နေထိုင်သည့် ရိုဟင်ဂျာတစ်ဦးအနေဖြင့် မောင်တောမြို့နယ်ကို သွားလာရန် ပုံစံ (၄) ကို မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးတွင်သွားထုတ်ကာ ပုံစံဖြည့်ရသည်။ အဆိုပါပုံစံတွင် အမည်၊ နေရပ်လိပ်စာနှင့် မောင်တောမြို့နယ်ကို မည်သည့်ကိစ္စကြောင့် သွားရောက်မည်တို့ကို ဖြည့်တင်းရသည်။

ခရီးသွားလာခွင့်ထောက်ခံစာ ပုံစံ (၄) ကိုင်ဆောင်ထားလျှင် ဘူးသီးတောင်မှ မောင်တော၊ မောင်တောမှ ဘူးသီးတောင် အထိသာ သွားလာခွင့်ရသည်။

စစ်အုပ်စုအမွေခံ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ခုနှစ်တွင် ၎င်းတို့က "ဘင်္ဂါလီ" ဟုသတ်မှတ်သော ရိုဟင်ဂျာများအတွက် ထောက်ခံချက်ယူပြီးမှသာ ခရီးသွားရမည်ဟု ပြဌာန်းခဲ့သော်လည်း ၂၀၁၅ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ တက်လာပြီးနောက်ပိုင်း ပုံစံမယူဘဲ ခရီးသွားလာခွင့်ပြုခဲ့သည်။

ယခုအခါ အာဏာသိမ်းစစ်ကောင်စီက ခရီးသွားကန့်သတ်ချက်ကိုပြန်လည်အသက်သွင်းလာခြင်းဖြစ်သည်။

ထွေအုပ်ရုံးထုတ်ပြန်ချက်တွင် “တားမြစ်ချက်ကို လိုက်နာမှုမရှိဘဲ ဖောက်ဖျက်ကျူးလွန်ပါက ဥပဒေပုဒ်မ ၁၈၈ တို့အရ ထိရောက်စွာ အရေးယူခံ ရမည်” ဟု ပါရှိပြီး အမိန့်သည် နိုဝင်ဘာလ ၂၅ ရက်နေ့မှ နှစ်လပြည့်မြောက် သည့်နေ့အထိ အတည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ရိုဟင်ဂျာဆိုသောအသုံးအနှုန်းကို လက်ခံကျင့်သုံး လာခဲ့သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၏ အကြံပေး ဦးအောင်ကျော်မိုးက စစ်ကောင်စီ၏ ယခုကဲ့သို့ လုပ်ရပ်သည် ကြီးမားသော လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်ကြောင်း ပြောသည်။

“စစ်ကောင်စီရဲ့ ဒီလိုလုပ်ရပ်က ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုဖြစ်တယ်။ နဂိုကတည်းက သွားလာမှု ကန့်သတ်ထားတဲ့လူမျိုးစုတစ်စုအပေါ် ဒေသန္တရာအမိန့်ဆိုပြီး ၁၉၉၀ ကျော်က နယ်စပ်လူဝင်မှုကွပ်ကဲရေးက လုပ်ခဲ့သလို တစ်ရွာကတစ်ရွာကို သွားလာခွင့်ကို ပိုမိုတင်းကျပ်တဲ့ အမိန့်များနဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင် တာက လူမဆန်တဲ့လုပ်ရပ်ဖြစ်ပြီး ရိုဟင်ဂျာတွေရဲ့ ရှင်သန်ခွင့် အပေါ် ဆိုးရွာတဲ့သက်ရောက်မှုတွေရှိလာနိုင်တယ်” ဟု ဦးအောင်ကျော်မိုးက ပြောသည်။

ပုံစံ (၄) ကို ထုတ်ယူရသည်ကလည်း လွယ်လွယ်ကူကူမဟုတ်ဘဲ အုပ်ချုပ်ရေးမှူးရုံးနှင့် လ၀ကရုံးဝန်ထမ်းများကို လာဘ်ထိုးရသည်ဟု ဘူးသီးမြို့နယ်တွင် နေထိုင်သူ ရိုဟင်ဂျာတစ်ဦးက ပြောသည်။

“လူတွေက ခရီးသွားမယ်ဆိုရင် ပုံစံ- (၄) ထုတ်ယူခ ငွေ ၁၀,၀၀၀ ကုန်တယ်။ ပုံစံ- (၄) ထုတ်ဖို့အတွက် အုပ်ချုပ်ရေးမှူးဆီက ထောက်ခံချက်ယူရတယ်။ အဲဒီမှာလည်း ပေးရတယ်။ အဲဒီထောက်ခံစာ (ရပ်ကွက်ထောက်ခံစာ) မပါရင်လည်း ဟိုက ပုံစံ- ၄ ထုတ်မပေးဘူး” ဟု ရိုဟင်ဂျာတစ်ဦးက ပြောသည်။

ရိုဟင်ဂျာများအတွက် ခရီးသွားလာခွင့်ထောက်ခံချက် ထုတ်ပေးရာတွင် ပုံစံ (၄) နှင့် ပုံစံ (၁၀) ဆိုပြီး နှစ်မျိုးရှိသည်။ ပုံစံ(၄) သည် ဘူးသီးတောင်၊ မောင်တော မြို့နှစ်ခုသာ သွားလာခွင့်ရှိပြီး ပုံစံ (၁၀) သည် ရခိုင်ပြည်နယ်ထဲက တခြားမြို့နယ်တချို့ကို သွားလာခွင့်ပြုသော ထောက်ခံစာဖြစ်သည်။

အဆိုပါ ခရီးသွားလာခွင့် ထောက်ခံစာ နှစ်မျိုးလုံး၏ ခရီးသွားလာခွင့် သက်တမ်းသည် ခုနှစ်ရက်သာ ရှိသည်။

၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော လူမျိုးစု ပဋိပက္ခများနောက် ထိုစဉ်က အာဏာရပါတီ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ၏ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် ရိုဟင်ဂျာများအပေါ် ခရီးသွားလာခွင့် ကန့်သတ် ပိတ်ပင်ခဲ့သည်။ ယခင်စစ်အစိုးရလက်ထက် ၁၉၉၀ ခုနှစ်ကျော် ကာလများတွင်လည်း ကျေးရွာတစ်ရွာနှင့် တစ်ရွာ ပင် အခွင့်မရှိဘဲ ကူးလူးသွားလာခွင့် ပိတ်ပင်ခဲ့မှုများ ရှိခဲ့သည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...