မိုင်းယော်ရဲစခန်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

မိုင်းယော်ရဲစခန်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော် ရဲစခန်းတွင် ယနေ့ (အောက်တိုဘာ ၂၈) နေ့လည် ၁၂ နာရီဝန်းကျင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

“အခုလေးတင်ပေါက်ကွဲသွားတာ။ အသံအကျယ်ကြီးပဲ။ တစ်လုံးပဲ ပေါက်ကွဲတာ။ ရဲစခန်းအထဲကနေ ပေါက်ကွဲတာ။ ထိခိုက်ဒဏ်ရာရရှိတဲ့သူရှိလားတော့မသိဘူး။ ကျနော်တို့လည်း အထဲသွားမကြည့်ရဲဘူး။ ထပ်ပေါက်ကွဲမှာကြောက်ရတယ်” ဟု မိုင်းယော်မြို့ ဒေသခံတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဗုံး‌ပေါက်ကွဲမှု မဖြစ်ပွားခင်တွင် စစ်ကောင်စီ တပ်သား (၁၀၀) ကျော်က မိုင်းယော်မြို့သို့ ဖြတ်ဝင်သွားခဲ့ကြောင်း၊ ထို့နောက် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံတဦးက ပြောသည်။

ထိုရဲစခန်းသည် လွန်ခဲ့သည့် (၃) နှစ်ကစတင်ပြီး နေထိုင်သူများမရှိကြောင်း သို့သော် လက်နက်ကိုင်တပ်ဖွဲ့ဝင်များအနေဖြင့် လမ်းကြုံလာရောက် နားခိုနေထိုင်လျက်ရှိကြောင်း သိရသည်။

မိုင်းယော်မြို့ ရဲစခန်းထဲတွင် လွန်ခဲ့သည့် ၃-၄ ရက်က တိုင်းရင်းသားလက်နက်ကိုင်တစ်စုက လာရောက်နေထိုင်ခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

“လွန်ခဲ့တဲ့ (၄) ရက်လောက်ကတော့ တိုင်းရင်းသားလက်နက်ကိုင် တစ်စုက လာနေကြတယ်။ မနေ့ကပဲ ပြန်သွားတာ။ အဲဒီရဲစခန်းက လူမနေတာကြာပြီ။ စစ်ကောင်စီတပ်သားတွေ လမ်းကြုံပြီး လာနားနေတာရှိတယ်။ တခါတလေ တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း နားနေကြတယ်။” ဟု အမည်မဖော်လိုသည့် မိုင်းယော်ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ အောက်တိုဘာ (၂၇) ရက် မနက် ၁၁ နာရီမှ ည ၆ နာရီအထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် မိုင်းယော်မြို့ဘက်သို့ တဖက်သတ် ပစ်ခတ်လာခဲ့ကြောင်းသိရသည်။

မိုင်းယော်ဒေသတွင် စစ်ကောင်စီတပ်ဖွဲ့များ၊ သျှမ်းပြည်ပြည်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် (RCSS/SSA) ၊ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် (SSPP/SSA)၊ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ သွားလာလှုပ်ရှားနေသည့် နယ်မြေဖြစ်ကြောင်း သိရသည်။

June 17, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးထိန်းသိမ်းထားသည့်...
June 16, 2026
ထိုင်း-မြန်မာနယ်စပ် လောက်ကိုင်မြို့တွင် လူသတ်မှုအပါအဝင် ရာဇဝတ်မှုများ ကျူးလွန်သည်ဟုဆိုကာ...
June 15, 2026
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည်...
June 13, 2026
စိုင်းဟန်လင်း — မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့တွင် အလုပ်ရရှိမည်ဟုဆိုသည့် အွန်လိုင်းအလုပ်ခေါ်စာကို...