ကန်ပက်လက်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူ ၉၀ ရာခိုင်နှုန်း ရိက္ခာပြတ်လပ်နေ

ကန်ပက်လက်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူ ၉၀ ရာခိုင်နှုန်း ရိက္ခာပြတ်လပ်နေ

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်တွင်ရှိသော စစ်ဘေးရှောင်ပြည်သူများ ရိက္ခာပြတ်လပ်နေသည့်အပြင် လာမည့် ဒီဇင်ဘာလအတွင်း ၉၀ ရာခိုင်နှုန်းမှာ ရိက္ခာ လုံးဝ ပြတ်လပ်ဖွယ်အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု စစ်ဘေးရှောင်ကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ကျွန်တော်တို့တွေက ဝဥခင်းတွေပဲ အားကိုးပြီး တောရွာဖက်မှာ လုပ်ကြတယ်ဆိုတော့ ဝဥတွေရောင်းပြီး ဆန်တွေဝယ်ပြီး စားနေရတဲ့သူတွေ၊ အဲ့တာတွေလုပ်ပြီးတော့ တောင်ယာမခုတ်ကြဘူး။ သူတို့ တနှစ်စာအတွက် ချန်ထားတဲ့ဟာက အခု တချို့ဆို ဆန်တွေက ပြတ်ပြီ။ လုံးလုံးပြတ်သွားပြီ၊ တခြားသူဆီမှာ ချေးငှားပြီးမှ ပြန်စားနေရတဲ့သူတွေရှိတယ်၊ အဲ့ဒါကြောင့်မို့ အခုဒီဇင်ဘာဆိုရင် ၉၀ ရာခိုင်နှုန်းက အစာရေစာငတ်ပြတ်လာမယ့်သဘောရှိတယ်။ နောက်ဆိုရင် ပိုခက်ခဲမယ်။” ဟု ကန်ပက်လက်မြို့နယ် စစ်ဘေးရှောင် ကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Mindat/Kanpetlet ပူးပေါင်းတပ်ဖွဲ့တို့သည် ဇူလိုင် ၂၇ ရက်နေ့ နံနက်ပိုင်းက ကန်ပက်လက်မြို့နယ် ခါးနန်းအုပ်စု၊ ခါးနန်းကျေးရွာတွင် နှစ်ဖက် အပြန်အလှန်တိုက်ပွဲဖြစ်ပွားမှုကြောင့် ပြည်သူများ စစ်ဘေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။

ကန်ပက်လက်မြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူများ ခိုလှုံနိုင်ရန် ခါးရိုင်းကျေးရွာတွင် စင်တာတစ်ခုနှင့် ရှင်ဘောင်ကျေးရွာတို့တွင် တစ်ခု ဖွင့်လှစ်ပေးထားပြီး ကန်ပက်လက်မြို့ပေါ်မှ စစ်ဘေးရှောင်ပြည်သူနှင့် ခါးနန်း၊ ရန်စဲ၊ မှုစိမ်းသိမ်း၊ မြောင်ကျေးရွာတို့အပါအဝင် စစ်ဘေးရှောင်လူဦးရေ ၁၅၀၀ ဝန်းကျင်ရှိသည်ဟု စစ်ဘေးရှောင်ကော်မတီအဖွဲ့ဝင်များထံမှ သိရသည်။

လက်ရှိ ကန်ပက်လက်မြို့နယ် စစ်ဘေးရှောင်ပြည်သူများသည် ခါးရိုင်းကျေးရွာဖောင်ဒေရှင်းမှ ရိက္ခာအနည်းငယ် ထောက်ပံ့ကူညီမှုများဖြင့် ဆက်လက်စားသုံးနေကြရသည်ဟု သိရပြီး ကန်ပက်လက်မြို့နယ်တွင် ယခုတစ်လော တိုက်ပွဲများ ထိတွေ့ဖြစ်ပွားမှုမရှိသော်လည်း ရိက္ခာများ သယ်ယူပို့ဆောင်ရေးလမ်းကြောင်း အခက်အခဲများကြောင့် စစ်ဘေးရှောင်ပြည်သူများမှာ ဆန်အပြင် ဆီ၊ ဆား၊ ငပိနှင့် မီးဖိုဆောင်သုံးပစ္စည်းများ ပြတ်လပ်နေသည်ဟု သိရသည်။

 
 

 

 

Most read this week

February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...