‘အချင်းချင်း အကူညီပေးတာပဲဖြစ်တယ်’ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းနယ်စပ် စစ်ရေးအခြေအနေ မေးမြန်းခြင်း

‘အချင်းချင်း အကူညီပေးတာပဲဖြစ်တယ်’ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းနယ်စပ် စစ်ရေးအခြေအနေ မေးမြန်းခြင်း

အခုလဆန်းပိုင်းကစတင်ပြီး ကချင်ပြည်နယ် တနိုင်းဒေသကို စစ်ကောင်စီက စစ်ကား အစီး ၆၀ ခန့်နဲ့ စစ်ရိက္ခာသွားပို့တာရှိသလို၊ စစ်ကိုင်းနယ်စပ် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၂၆ နဲ့ ၃၅ ဒေသကိုလည်း စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ လာရောက်ပစ်ခတ်တာတွေ လုပ်ခဲ့ပါတယ်။

ဒါ့အပြင် မိုးညှင်း၊ ဖားကန့် ဘက်မှာလည်း စစ်တပ်ကလည်း လေယာဉ်နဲ့ ပျံဝဲနေမှုများ ပုံမှန်ရှိလာတဲ့အတွက် ပြည်နယ်အတွင်းနဲ့ စစ်ကိုင်းတိုင်းဒေသ တိုက်ပွဲများမှာ KIA ပါဝင်နေမှုအခြေအနေအကြောင်း KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို KNG က မေးမြန်းထားပါတယ်။

မေး - စစ်ကောင်စီဘက်က အခု စစ်ကိုင်းနယ်စပ်နဲ့ တနိုင်းဘက်ကို စစ်အင်အားအများအပြား ပို့လာတာ ဘာကြောင့်လို့ထင်ပါသလဲ။

ဖြေ - ပွင့်လင်းရာသီ ရောက်ပြီဖြစ်တဲ့အတွက်ကြောင့် သူတို့တပ်စခန်းတွေဆီ ရိက္ခာပို့ဆောင်တာ အဲဒါတစ်ခုရှိမယ်။ နောက်တစ်ခုက တိုက်ပွဲဖြစ်လာရင်လည်း အဆင့်သင့်ဖြစ်နိုင်ဖို့ လက်နက်အင်အား ပို့ဆောင် ပြင်ဆင်ထားတာ၊ အကယ်၍ အဲ့ဒီပတ်ဝန်းကျင်မှာ တိုက်ပွဲဖြစ်လာရင် လူအင်အားဖြည့်ဖို့က လွယ်တယ်။ ကြိုတင်ပြီး ဖြည်းဖြည်းချင်း လက်နက်အင်အားတွေ ဖြည့်တင်းနေတာလည်း ဖြစ်နိုင်တယ်။ လီဒိုလမ်းတစ်လျှောက်မှာသူတို့ လှုပ်ရှားနေတာတွေက လုံခြုံရေးယူတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ လှုပ်ရှားနေတာကြောင့် ကျနော်တို့တော့ တွေ့တဲ့အရပ်မှာ ဗုံးခွဲတိုက်ခိုက်တာတို့ လုပ်တယ်။

မေး - အဓိကတော့ တနိုင်းဘက် လီဒိုလမ်းတစ်လျှောက်တက်လာတဲ့ စစ်ကားတွေက ဘယ်အထိသွားနိုင်မလဲလို့ သုံးသပ်နိုင်မလဲ။

ဖြေ - အဲ့တာကတော့ အတိအကျ စုံစမ်းသိရှိထားခြင်းမရှိဘူး။ ဒါပေမဲ့ ရှင်ဗွေယန်၊ တရုန်၊ တဝမ် အဲ့ဘက်ကို သူတို့ တပ်စခန်းတစ်ခု ထပ်တိုးချဲ့နေတယ် ဆိုတာတော့ သတင်းသိရတယ်။ တနိုင်း မှာရောက်ထားရင်က ဟိုဘက်ကို သူတို့လွယ်ပြီလို့ ပြောလို့ရတယ်။ ကားအစီးတွေနဲ့ ထင်ထင်ရှားရှားတော့ တနိုင်းထိပဲသွားမယ်လို့ ခန့်မှန်းတယ်။

မေး - စစ်တပ်အရင်ကဆို အခုလို စစ်ကားအစီးအမြောက်အများနဲ့ သိသိသာသာ သွားလာလှုပ်ရှားမှု မရှိသလောက်ပဲ၊ လက်နက်အင်အားဖြည့်တင်းမယ်ဆိုလည်း ဖုံးဝှက်ပြီးမှပဲ သွားလာတာရှိခဲ့တယ်။ ဆိုတော့ ဘာကြောင့် အခုအာဏာသိမ်းပြီးမှ ထင်သာမြင်သာ လှုပ်ရှားတယ်လို့ မြင်သလဲ။

ဖြေ - မြန်မာတနိုင်ငံလုံးကို ကြည့်ရင် ကချင်ကိုပိုပြီး သူတို့က အဓိက ထားတယ်။ ပိုပြီးအပြစ်တင်တာတွေ့ရတယ်။ PDF ကို သင်တန်းတွေပေးတာတို့ ထောက်ပံ့တာတို့ အမျိုးမျိုး KIO/ KIA ကို ပိုပြီး အပြစ်တင်ပြောထားတာတွေ့ရတယ်။ ဒါကြောင့် သူတို့က PDF ကို အမြစ်ပြတ်ရှင်းလင်းမယ်၊ ပြည်သူနဲ့ ကျနော်တို့ KIA တော်လှန်ရေးအဖွဲ့နဲ့ သွေးခွဲလိုက်မယ်၊ PDF နဲ့သွေးခွဲမယ်၊ ဒီလိုမျိုး သူတို့ရဲ့ စစ်ရေးပြင်ဆင်မှုရှိတာကြောင့် အင်အားစိုက်နေတာတွေ့ရတယ်။ KIA က ပစ်ခတ်ရင် ပစ်ခတ်ပါစေ၊ ဘာဖြစ်ရင်ဖြစ်ပါစေ စစ်အင်အားကြီးနဲ့ တိုးချဲ့နေတာဖြစ်တယ်။ ဒီလိုလုပ်တာကလည်း NUG ကနေ တနိုင်ငံလုံး စစ်ကြေငြာလိုက်တဲ့အချိန်ကစပြီး သူတို့လည်း ပိုပြီး အင်အားတိုးချဲ့ပြင်ဆင်လာတာဖြစ်တယ်။

မေး - နောက်တစ်ခုက လွန်ခဲ့ပတ်က အင်းတော်ကြီး မိုင်းနောင်ဘက်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးလာကျဲခဲ့တယ်။ ဘာကြောင့် စစ်တပ်က တိုက်ပွဲ မဖြစ်တဲ့ဒေသကို ဒီလိုလုပ်ရတယ်ဆိုတာကိုရော ပြောပြပေးနိုင်မလား။

ဖြေ - အတိအကျတော့မသိဘူး။ သုံးသပ်မယ်ဆိုရင်တော့ ကချင်နဲ့ စစ်ကိုင်းအစပ်ဒေသဖြစ်တဲ့ သူတို့ပြစ်တင် ပြောဆိုနေတာက PDF နဲ့KIA နဲ့ပူးပေါင်းပြီး တိုက်ခိုက်တယ်ဆိုပြီး သံသယရှိနေဆဲပဲ။ ကောလင်း၊ ဝန်းသို စစ်ကိုင်းဘက်ကို KIA တိုက်ခိုက်တယ်ဆိုပြီး သံသယရှိတာတွေ၊ ဒါကြောင့် KIA တပ်ရင်း ၂၆ ၊ ၃၅ ဒေသကို သူတို့ လာပစ်တယ်။ ဒါဟာ သူတို့ အဲ့ဘက်မှာ တိုက်ပွဲဆင်နွဲမယ် အဲ့ဒီဒေသတကြော တိုက်ခိုက်မယ်ဆိုပြီး သတိပေး တာလည်းဖြစ်နိုင်တယ်။ သတိပေးပစ်ခတ်မှုလည်း ဖြစ်နိုင်တယ်။ ဒါကတော့ သုံးသပ်တာပါ ကိုယ့်အမြင်ကို။

မေး - စစ်ကောင်စီဘက်က KIO/KIA ကို အခုလို ပြစ်တင်ပြောဆိုနေတဲ့အပေါ်မှာ KIO အနေနဲ့ ဘယ်လိုတုန့်ပြန်ပြောချင်တာရှိလဲ။

ဖြေ - ပြည်နယ်စပ် တကြောဆိုရင် ဘယ်နယ်စပ်ဖြစ်ဖြစ် ဟိုဘက် ဒီဘက်ထိတာတော့ ရှိမှာပဲ။ စစ်တပ်ကလည်း ကျနော်တို့ဆီကို ပစ်ခတ်တဲ့အခါ တရုတ်နယ်စပ် ဟိုဘက်ထိ ကျတာ အကြိမ်ကြိမ်ရှိပြီ။ ဘယ်နိုင်ငံဖြစ်ဖြစ် နယ်စပ်ကျော်လွန်ပြီး ပစ်ခတ်တာတော့ ရှိမှာပဲ။ ကျနော်တို့ စစ်ကိုင်းတိုင်းနယ်စပ်ဘက် ပစ်ခတ်ရင်လည်း ဟိုဘက်ထိ ရှိလည်းရှိမှာပဲ။ အချင်းချင်းအကူအညီပေးတာဖြစ်တယ်။ စစ်ကိုင်းတိုင်းတကြော PDF နဲ့ စစ်တပ်တိုက်ခိုက်နေပြီဆိုရင် ကျနော်တို့နဲ့လည်း နီးနေတာကြောင့် အကူအညီပေးမှုတော့ ရှိမှာပဲ။ ဒါပေမဲ့ စစ်ဆင်ရေးတိုင်း စစ်ကိုင်းတိုင်းထိ နယ်ကျော်ပြီး အကြီးအကျယ် တိုက်ခိုက်ပစ်ခတ်တာတော့ မရှိဘူး။ သူတို့က နဂိုကတည်းက KIA အပေါ် သံသယဝင် ပြစ်တင်ပြောဆိုနေပြီးသား ဖြစ်တာကြောင့် ဒီလိုပဲ ပြောနေမှာပဲ။ အခြေအနေကလည်း အဲ့လိုဖြစ်နေတယ်။

မေး - လက်ရှိပြည်သူတွေရဲ့ ထင်မြင်ချက်က တိုက်ပွဲပြင်းထန်လာလိမ့်မယ်ဆိုပြီး စိုးရိမ်နေတာလည်း အချိန်ကြာနေပြီ။ ဒီအပေါ်မှာ KIO အနေနဲ့ ဘယ်လိုပြောချင်လဲ။

ဖြေ - ကျနော်တို့ KIO ကတော့ တိုက်ပွဲကို ရှောင်နိုင်သမျှရှောင်မယ်။ မြန်မာနိုင်ငံအခြေအနေက KIA နဲ့ စစ်တပ်ပဲတိုက်ခိုက်ပြီး ပန်းတိုင်ရောက်လာမှာ မဟုတ်ဘူး။ ရှုပ်ထွေးနေတဲ့ ပြသနာကို ဖြေရှင်းနိုင်ဖို့က မြန်မာနိုင်ငံနဲ့သက်ဆိုင်တဲ့ အဖွဲ့အစည်းအားလုံး အမြစ်ကိုရှာပြီး ကိုင်တွယ်ဖြေရှင်းသင့်တယ်လို့ KIO ရဲ့ထုတ်ပြန်ချက်တိုင်းမှာ ပါဝင်ရေးသားခြင်းဖြစ်တယ်။

အခုအခြေအနေက ပိုတောင်ဆိုးပြီး ရှုပ်ထွေးလာနေပြီ။ မင်းအောင်လှိုင်လည်း လက်နက်ကိုင်ပြီး အာဏာကိုသိမ်းယူထားတာ၊ ဆိုတော့ NUG /CRPH ကလည်း လက်နက်ကိုင်ပြီး တော်လှန်မယ် တိုက်ခိုက်မယ်လုပ်ထားတာဆိုတော့ ကျနော်တို့ လက်နက်ကိုင်တိုင်းသားအဖွဲ့တွေကလည်း ဆွေးနွေးပြီး အဖြေရှာမယ်ဆိုပြီး လမ်းပျောက် အဖြေရှာရခက်နေချိန်ဖြစ်တယ်။ စစ်တပ်ဘက်က ပြောင်းလဲမှု မရှိတာကြောင့် ဆွေးနွေးပြီး အဖြေရှာမယ်ဆိုတဲ့အပေါ် ဝန်ထုတ်ဝန်ပိုး ဖြစ်နေတယ်။

စစ်ရေးအခြေအနေပြောမယ်ဆိုရင် တိုက်ပွဲဖြစ်လာရင်လည်း ကိုယ့်မိသားစု လုံခြုံရေး၊ ကိုယ့်ရပ်ရွာလုံခြုံရေးကို တာဝန်ယူရသလို၊ ကိုယ့်ရပ်ရွာကို မဆုံးရှုံးအောင်၊ ကိုယ့်ဒေသကို တစ်ဖက်ရန်သူဘက် အပါမခံအောင်တော့ အားလုံးမှာတာဝန်ရှိတယ်။ ခြံခတ်ယူမယ်။ ခိုင်ခံ့အောင် တံတိုင်းကာယူရမှာ အားလုံးမှာ တာဝန်ရှိတယ်။ ကျနော်တို့ပြည်သူအားလုံးမှာ တာဝန်ကြီးတယ်ဆိုတာ တိုက်တွန်းပြောချင်တယ်။

 
 

 

 

Most read this week

May 9, 2024
ဗန်းမော်ခရိုင် မိုးမောက်နဲ့ မံစီမြို့မှာ မြို့တွင်းတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး KIA...
May 8, 2024
ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာကနေ ဒိန်ဂျာယန် ( Dinga Yang) ဘက်ကို...
May 7, 2024
ဂိဒုန်စခန်းအပါအဝင် ဝိုင်းမော်မြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း ၁၀ ခုကျော်ကို...
May 7, 2024
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာမှာ တိုက်ပွဲမကြာခဏဖြစ်ပွားလာပြီး စစ်တပ်ဘက်က...