ကြိုတင်ကန့်သတ်ချက်များမရှိမှ ဆွေးနွေးမည်ဟု RCSS ပြော

ကြိုတင်ကန့်သတ်ချက်များမရှိမှ ဆွေးနွေးမည်ဟု RCSS ပြော

(ရှမ်းနှစ်ဖွဲ့တွေ့ဆုံရေးနှင့် ပတ်သက်၍ RCSS နှင့် အင်တာဗျူး)

ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်းက ကျေးသီးမြို့နယ်နှင့် မိုင်းကိုင်မြို့နယ် ၄ မြို့နယ်တို့တွင် SSPP နှင့် RCSS တို့အကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည်ဟု RCSS က ပြောသည်။

နှစ်ဖက်လက်နက်ကိုင်များက တွေ့ဆုံဆွေးနွေးရေး အသင့်ရှိကြောင်း ထုတ်ပြန်ထားကြသော်လည်း တွေ့ဆုံဆွေးနွေးမှုဖြင့် အဖြေရှာရန် ခက်ခဲနေဆဲဟု ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့များက ပြောဆိုထားသည်။

နှစ်ဖက်ကြားတိုက်ပွဲများ ဆက်ဖြစ်နေသည့်အပေါ် ရပ်တန့်သွားနိုင်ရေး ရှမ်းနိုင်ငံရေးပါတီများ၊ ရှမ်းလူမှုအသင်းအဖွဲ့များ၊ ရှမ်းပြည်သူများက နှစ်ဖက် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း ၂ ခုအကြားတွင် ပြေလည်စေရန်နှင့် ပေါင်းစည်းနိုင်ရေး အကြိမ်ကြိမ် တောင်းဆိုခဲ့ကြရာ ယနေ့အချိန်အထိ တစ်စုံတစ်ရာ ပြေလည်မှုမရှိသေးပဲ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်နိုင်ဖို့ ဘယ်လိုအခက်အခဲတွေ ရှိနေပါသလဲ၊ တွေ့ဆုံဆွေးနွေးမှုနှင့်ပတ်သက်ပြီး RCSS ရဲ့ သဘောထားက ဘယ်လိုရှိနေပါသလဲ၊ ဘယ်လိုအနေအထားရောက်မှ တိုက်ပွဲတွေ ရပ်တန့်သွားမှာလဲ စတဲ့အကြောင်းအရာတွေကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းခမ်းစံကို ဆက်သွယ်မေးမြန်းထားသည်။

မေး - SSPP နှင့် RCC တို့က တွေ့ဆုံဆွေးနွေးဖို့ သဘောထားရှိကြတယ်။ ဒါပေမယ့် အခုအချိန်အထိ တွေ့ဆုံဆွေးနွေးမှုတွေ မဖြစ်လာရသေးတဲ့ အဓိကအကြောင်းအရင်း ဘာလို့ပြောလို့ရလဲ။

ဗိုလ်မှူး စိုင်းခမ်းစံ - အခုလောလောဆယ်ကျတော့ အခုက တိုက်ပွဲက ဆက်တိုက်ဖြစ်နေတယ်လေနော။ တိုက်ပွဲက မရပ်သေးဘူး။ တိုက်ပွဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာဆိုရင် ကျေးသီးမြို့နယ် မိုင်းကိုင်မြို့နယ် ၂ မြို့နယ်ထဲမှာ ရှမ်းပြည်နယ်မှာကျတော့ သီပေါမြို့နယ်၊ ကျောက်မဲမြို့နယ် အဲလိုမျိုး တောက်လျှောက်ရှိတာပေါ့နော။ ၄ မြို့နယ်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတယ်ဆိုတော့ ဒါကတစ်ချက်ပေါ့နော။ နောက်တစ်ခုကျတော့ SSPP က သူတို့က တွေ့ဆုံဆွေးနွေးချင်တယ်ဆိုတာ အဲဒါကြိုဆိုရမှာပဲ။ RCSS အနေနဲ့ကလည်း တွေ့ဆုံဆွေးနွေးရေးသာ ထွက်ပေါက် ဖြစ်တယ်။ အဖြေရှာလာတဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်။ ဒါပေမယ့် တစ်ခုရှိတာက တွေ့ဆုံဆွေးနွေးမယ်ဆိုရင် RCSS က တောင်းပိုင်းကို အရင်ဆုတ် ဆုတ်ပြီးမှ ကျနော်တို့ ဆွေးနွေးမယ်ဆို ဒီ Pre-Condition လို့ခေါ်တဲ့ ကန့်သတ်ချက်နဲ့ပါတဲ့ ဆွေးနွေးမှုမျိုးဆိုတော့ မအောင်မြင်နိုင်ဘူးလေ။ ဒါကြောင့် တိုက်ပွဲကလည်း မရပ်သေးဘူးဆိုတော့ ထိုးစစ်ဆင်တာ မရပ်သေးဘူးဆိုတော့ ဆွေးနွေးမှုက မစနိုင်သေးဘူးပေါ့နော။

မေး -  ကန့်သတ်ချက်ဆိုတာ ဘယ်လိုပုံစံမျိုးကိုပြောတာလဲ။

ဗိုလ်မှူး စိုင်းခမ်းစံ - ကန့်သတ်ချက်ဆိုတာ SSPP ဖက်က သူက ဆွေးနွေးမယ် ဆွေးနွေးချင်တယ် ဒါပေမယ့် ဆွေးနွေးမယ်ဆိုရင် RCSS တပ်တွေက တောင်ပိုင်းကို အရင်ဆုတ် အရင်ဆုတ်ပြီးမှ ဆွေးနွေးမယ် အဲလိုမျိုးကန့်သတ်ချက် Pre-Condition လို့ခေါ်တာပေါ့ ကြိုတင်ကန့်သတ်ချက်လို့ ခေါ်တာပေါ့။

မေး - ဆိုတော့ ကန့်သတ်ချက်တွေမရှိမှ ဆွေးနွေးမယ့်သဘောလား RCSS က။

ဗိုလ်မှူး စိုင်းခမ်းစံ - ဟုတ်ကဲ့ အဲဒါကျတော့ ဒါမှ အဖြေရှာနိုင်မယ်လေ။ အဖြေရှာတဲ့ နည်းလမ်းမဟုတ်ပဲနဲ့ ကန့်သတ်ချက်နဲ့ လာဆွေးနွေးမယ်ဆိုရင် အောင်မြင်နိုင်ဖို့ အလားအလာမရှိဘူးခင်ဗျ။

မေး - တစ်ဖက်ကလည်း နယ်မြေကန့်သတ်ချက်တွေနဲ့ ဆွေးနွေးမယ် တစ်ဖက်ကလည်း ကန့်သတ်ချက်တွေမထားပဲနဲ့ ဆွေးနွေးမယ်ဆိုတော့ တွေ့ဆုံဆွေးနွေးမှုက ဘယ်လိုဖြစ်လာနိုင်သလဲ။ တိုက်ပွဲတွေရပ်တန့်ဖို့က တခြားနည်းလမ်း ဘာတွေလုပ်ဆောင်ဖို့ရှိသလဲ။

ဗိုလ်မှူး စိုင်းခမ်းစံ - တိုက်ပွဲရပ်ဖို့ကကျတော့ သူက နှစ်ဖက်ပါမှ တိုက်ပွဲဖြစ်တာလေ။ သူက SSPP တို့က သူတို့က ထိုးစစ်ဆင်တာ မရပ်သေးဘူး။ မရပ်သေးတော့ ကျနော်တို့ ဒီ RCSS ဖက်ကလည်း ထိုးစစ်ဆင်တာ တခါမှ မလုပ်သေးဘူး။ ကိုယ့်ကိုယ်ကို ခုခံတဲ့ တုန့်ပြန်မှုနဲ့ပဲ ကျနော်တို့က ရင်ဆိုင်နေတယ်။ ဒါရှင်းရှင်းလေးပေါ့။ ပြောမယ်ဆိုရင်တော့ သူတို့ဖက်က တကယ်ဆွေးနွေးချင်လို့ရှိရင် ရပ်လိုက်ပေါ့ ရပ်ပြီးတော့မှ ဆွေးနွေးမယ်လေ။ မရပ်ပဲနဲ့ ဒီအတိုင်း ဆက်တိုက်နေမယ်ဆိုရင် ကျနော်တို့လည်း ဆက်ခုခံမှာပဲလေ ဒါကျနော်တို့က တန်ပြန်ထိုးစစ်တွေ မလုပ်သေးဘူးလေ။

မေး - SSPP ဖက်က ဘာပြောသလဲဆိုတော့ ရှမ်းပြည်နယ်မြောက်ပိုင်းကို RCSS က ဝင်လာမှ ဒီဖက်မှာ တိုက်ပွဲဖြစ်တယ်လို့ပြောတယ်။ သူတို့က RCSS ကို ကျူးကျော်ပြီး တိုက်ခိုက်တာ မရှိဘူးဆိုတော့ မြေပြင်အခြေအနေက ဘယ်လိုရှိလဲ။

ဗိုလ်မှူး စိုင်းခမ်းစံ - အဲဒါ စွပ်စွဲပြောဆိုချက်သာဖြစ်တယ်။ ဒီကျနော်တို့ မြောက်ပိုင်းမှာ သူတို့ လှုပ်ရှားနယ်မြေဆိုတာ ခါတိုင်းတုန်းက သူတို့ သမိုင်းကြောင်းအရ ရှည်မှာပေါ့ ပြောရမယ်ဆိုရင် တကယ်တမ်းကျရှိရင်တော့ ဒါ ဒီမြောက်ပိုင်းအထိမှာ ကျနော်တို့တပ် ၇၀၁ ဆို နယ်မြေဒေသရှိတယ်။ အဲဒီဥစ္စာဆိုရင် မူဆယ်-နမ့်ခမ်း ဟိုးလွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက ကျနော်တို့ လှုပ်ရှားနေတဲ့ဥစ္စာရှိတယ်။ ပြောမယ်ဆိုရင်တော့ နယ်မြေ ကျတော့ Over Lap ဖြစ်ရင်ဖြစ်မှာပေါ့။ သူ့နယ်ပဲ နင်တို့နဲ့မဆိုင်ဘူးဆို ပြောလို့မရဘူးလေ။

မေး - ခုနက ဗိုလ်မှူးလည်း ပြောသွားတာရှိတယ်။ ကြိုတင်ကန့်သတ်ချက်တွေရှိတဲ့အပေါ်မှာ တွေ့ဆုံဆွေးနွေးနိုင်ဖို့ ခက်ခဲတယ်ဆိုတော့ အကယ်၍ SSPP ဖက်က နယ်မြေကန့်သတ်မှုတွေ ကြိုတင်ကန့်သတ်မှုတွေ မရုတ်ဘူးဆိုရင် လက်ရှိမှာ တွေ့ဆုံဆွေးနွေးမှု ဖြစ်လာမယ့် အလားအလာက ဘယ်လောက်အထိ ရှိနိုင်သလဲ။

ဗိုလ်မှူး စိုင်းခမ်းစံ - အဲဒါကျတော့ သူတို့အပေါ်မှာပဲ မူတည်တယ်ပေါ့လေနော။ သူတို့က ဘယ်လောက်အထိ ဖြစ်ချင်သလဲပေါ့။ ဘယ်လောက်အထိ ဆွေးနွေးချင်သလဲ ဆိုတဲ့အပေါ်မှာပဲ မူတည်တယ်ခင်ဗျ။ ကျနော်တို့ဖက်ကျတော့ ပွင့်လင်းမြင်သာစွာနဲ့ ကျနော်တို့ အမြဲတမ်းလည်း ကျနော်တို့ ရပ်တည်ချက်ကလည်း ရှင်းရှင်းလေးရှိတယ်။ တစ်စိုက်မတ်မတ်လည်း ပြောလာခဲ့တယ်။ ထုတ်ပြန်ချက်တိုင်းမှာလည်း တွေ့ဆုံဆွေးနွေးရေးကို ဦးတည်မယ်ဆိုပြီးတော့မှ ကျနော်တို့ ထုတ်ပြန်ချက်တိုင်းမှာလည်း ကျနော်တို့ ပါရှိတယ်ခင်ဗျ။

မေး - နယ်မြေကန့်သတ်ချက်နဲ့ပတ်သက်ပြီး နှစ်ဖက် ပဋိပက္ခဖြစ်ပေါ်နေတဲ့အပေါ်မှာ ဘယ်လိုဆက်လုပ်သွားဖို့ရှိသလဲ။

ဗိုလ်မှူး စိုင်းခမ်းစံ - ပထမဆုံးတော့ RCSS အနေနဲ့ကျတော့ ကျနော်တို့ ထိုးစစ်မလုပ်ဘူး။ ခုခံစစ်နဲ့ပဲ ကျနော်တို့ တုန့်ပြန်မယ် ဒါ ပထမတစ်ချက်၊ တိုက်ပွဲမဖြစ်ချင်လို့ နောက် သံဃာတော်တွေ ပြည်သူတွေ တောင်းဆိုချက်ကို ကျနော်တို့ အလေးထားလို့ ဒါတစ်ချက်ပေါ့နော်။ နောက်တစ်ချက်ကျတော့ ဒီနေရပ်စွန့်ခွာတဲ့ စစ်ပြေးဒုက္ခသည်တွေလည်း များလာတဲ့အတွက်ကြောင့် ဒါ တိုင်းရင်းသားလက်နက်ကိုင်တစ်ဖွဲ့အနေနဲ့ ရှမ်းပြည်အတွက် အလုပ်အကျွေးပြုတယ်။ ရှမ်းပြည် ပြည်သူလူထုအတွက် စောင့်ရှောက်တယ်ဆိုရင် ဒါ ထည့်သွင်းစဉ်းစားပေးဖို့ပေါ့နော်။ အဲ့ဒါအဓိကကျတာပေါ့။

မေး - ပြီးခဲ့တဲ့ရက်ပိုင်းက SSPP ရဲ့ ထုတ်ပြန်ချက်ထဲမှာ RCSS က နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုနဲ့ပတ်သက်ပြီး ပေးပို့လာတဲ့စာကို SSPP က ပြန်ပြီးတော့ စာပြန်လိုက်တဲ့အကြောင်း ပြောထားတာတွေ့ရတယ်။ အဲဒီအထဲမှာ နယ်မြေသတ်မှတ်ချက်တွေနဲ့ပတ်သက်ပြီး ပြောထားတာလဲရှိတယ်။ အဲဒီ ပြန်စာပေးလာတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဘာပြောချင်သလဲ။

ဗိုလ်မှူး စိုင်းခမ်းစံ - အဲဒီအထဲမှာ သူတို့ ထုတ်ပြန်ချက်ထဲမှာ အချက်တစ်ချက်ပါတာက ဒီ RCSS ပေးပို့စာကို သူတို့ စာပြန်တဲ့အကြောင်း သူတို့ပါရှိတယ်။ အဲဒါ စာပြန်တယ်ဆိုတာက အရင်တစ်ခေါက်တုန်းက RCSS က SSPP ကို စာပို့ထားတယ်။ နောက်ဒီတစ်ခေါက်ကျမှ သူတို့က ဒီစာပြန်ပို့ပေးတာပေါ့နော်။ သူတို့တုန့်ပြန်စာက ဆိုလိုတာက RCSS က အရင်တစ်ခေါက်က သူတို့ဆီစာပို့တယ်။ နောက်ဆုံးတစ်ခေါက်ကျတော့ SSPP ရဲ့ ဥက္ကဋ္ဌကို လိပ်မူပြီးတော့မှ ပေးပို့တယ်။ ၂ ခါပေါ့နော။ အခု သူတို့ ဒီထုတ်ပြန်ချက်မှာ သူတို့ပြောတာ သူတို့ စာပြန်ပေးတယ်ဆိုတာက အဲဒါ အရင်တစ်ခေါက်ဥစ္စာကို သူတို့ အကြောင်းပြန်ပေးတာဖြစ်တယ်။ နောက် ဒီနောက်ဆုံးတစ်ခေါက် RCSS အနေနဲ့ SSPP ဥက္ကဋ္ဌဆီ လိပ်မူပြီးတော့ ပေးပို့တဲ့စာကို သူတို့ အကြောင်းမပြန်သေးဘူးခင်ဗျ။

မေး - RCSS က SSPP ဥက္ကဋ္ဌကို ဒုတိယတစ်ခေါက်ပေးပို့တဲ့စာမှာ ဘာများရေးထားတာလဲခင်ဗျ။

ဗိုလ်မှူး စိုင်းခမ်းစံ - အဲဒါကတော့ မှတ်ချက်ပေးစရာ မရှိသေးဘူးခင်ဗျား။ ဘာဖြစ်လို့လဲဆိုတော့ စစ်ရေးကိစ္စဆိုတော့ စစ်ရေးကိစ္စ နောက် ညီညွတ်ရေးကိစ္စဆိုတော့။

မေး - တိုက်ပွဲပြင်းထန်လာတော့ ပြည်သူတွေက နစ်နာရှုံးမှုတွေများလာတယ်။ အဲဒီအပေါ်မှာ ပါတီတွေရော၊ လူမှုအသင်းအဖွဲ့တွေရော၊ ပြည်သူတွေရောက တိုက်ပွဲရပ်တန့်ဖို့ တောင်းဆိုကြတယ်ပေါ့နော။ ဒါနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်ပေးဖို့ရှိလဲ။

ဗိုလ်မှူး စိုင်းခမ်းစံ - လူထုတောင်းဆိုချက်တွေ သံဃာတော်တွေတောင်းဆိုချက်တွေ ကျနော်တို့ အလေးထားတယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ အလေးထားလို့ ကျနော်တို့က တန်ပြန်ထိုးစစ်တွေမလုပ်ဘူး။ နောက် ရပ်တန့်နိုင်အောင် ကျနော်တို့ ကြိုးစားနေတယ်။ ဒါပေမယ့် တစ်ဖက်ကျတော့လည်း ထိုးစစ်ကိုမရပ်ဘူး။ တစ်နေရာပြီးတစ်နေရာ ထပ်တိုးထပ်တိုးတယ်ဆိုတော့ ကျနော်တို့ကလည်း ခုခံစစ်နဲ့ပဲ တုန့်ပြန်တယ်။ ခုခံစစ်နဲ့ တုန့်ပြန်တယ်ဆိုတာက ကျနော်တို့ တိုက်ပွဲမဖြစ်ချင်တဲ့အတွက်ကြောင့်ပဲ တိုက်ပွဲရပ်တန့်ချင်လို့ ကျနော်တို့ အဲလိုမျိုး နည်းဗျူဟာအနေနဲ့ ကျနော်တို့ ထိုးစစ်မဆင်တာဖြစ်တယ်။

မေး - တခြား ဘာများ ဖြည့်စွက်ပြောစရာများရှိသေးသလဲ။

ဗိုလ်မှူး စိုင်းခမ်းစံ - အဓိကကတော့ စစ်ပြေးဒုက္ခသည်တွေမှာ မိုင်းကိုင်ဖက်မှာက ၃၀၀၀ ကျော်ရှိတယ်။ ကျောက်မဲ သီပေါ့ဖက်မှာဆိုရင် ၂၀၀၀ ကျော်ရှိတယ်။ စုပေါင်းလို့ရှိရင် အနီးစပ်ဆုံးက စာရင်းအတိအကျမရပေမယ့် ကျနော်တို့က ၆၀၀၀ နီးပါးလောက်တော့ရှိတယ်။ ဒီဥစ္စာအပေါ်မှာ ကျနော်တို့ ဒီဒေသခံတွေက စစ်ပြေးဒုက္ခသည်ကို ကူညီတယ်။ နောက် သံဃာတော်တွေ လူငယ်တွေ နောက် ဒီပြည်တွင်း/ပြည်ပက ရှမ်းပြည်သူလူထုတွေက စုပေါင်းပြီး ကူညီလာတာများတယ်ခင်ဗျ။ အဲဒီဥစ္စာကို ကျနော် ပထမဆုံး ကျေးဇူးတင်ချင်တယ်။ နောက်တစ်ခုကျတော့ တိုက်ပွဲ ကြာလာတာနဲ့အမျှ ပြည်သူထူထုက ပိုပြီးတော့ ဒုက္ခရောက်မယ်။ တိုင်းရင်းသားအချင်းချင်း ဘာအကျိုးအမြတ်မှမရှိဘူး။ ရန်သူတွေက အကျိုးအမြတ်ရှိသွားမယ်။ ဒါချင့်ချိန်နိုင်ဖို့ပေါ့နော။

နောက်တစ်ခုကျတော့ ပြည်သူလူထုက ဘယ်လောက်အထိ ဒုက္ခရောက်လည်းဆိုတော့ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ကုန်စျေးနှုန်းတွေတက်လာတယ်။ တက်လာတော့ ပြည်သူလူထုက စားဝတ်နေရေးအတွက် ဒုက္ခရောက်တာပေါ့။ နောက်နေရပ်စွန့်ခွာရတယ်။ ခါတိုင်းက တိုက်ပွဲပြီးလို့ရှိရင် ကိုယ့်ရွာကို ပြန်လို့ရတယ်။ အခုကျတော့ တချို့ရွာတွေဆို မီးရှို့ခံရတယ်။ ပြန်သွားလို့ရှိရင် နှိပ်စက်ခံရမှာ ကြောက်လာတယ်။ သူတို့ အခုက လုံခြုံမှုအပိုင်းမှာ သူတို့က ကြောက်လန့်ရတယ်။ ဒီအပိုင်းတွေပေါ့နော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အနေနဲ့ ဒီဥစ္စာကို အလေးအနက်ထားပြီးတော့ ပြည်သူအပေါ်ကို အလေးအနက်ထားပြီးတော့မှ စဉ်းစားပေးဖို့ တိုက်တွန်းချင်တယ်ပေါ့နော်။ နောက် ကူညီပေးတဲ့ လူငယ်တွေ သံဃာတော်တွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောချင်တယ်ပေါ့။

Photo - Credit

 
 

 

 

May 1, 2024
ကရင်နီပြည်ရှိ တော်လှန်ရေးတပ်ပေါင်းစုများ သိမ်းပိုက်ထားသော မြို့အများစုတွင် မြေမြုပ်မိုင်း...
April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...