မွန်ပြည်နယ်တွင် ဆားဈေးအနည်းငယ်မြင့်တက်လာ

မွန်ပြည်နယ်တွင် ဆားဈေးအနည်းငယ်မြင့်တက်လာ

ယခုနှစ်တွင် ဆားအထွက်နှုန်းနည်းပါးသဖြင့် မွန်ပြည်နယ်ဈေးကွက်တွင် ဆားပြတ်လပ်မှုများကြောင့် ဆားဈေးအနည်းငယ်မြင့်တက်လာကြောင်း သိရသည်။

ပြီးခဲ့သည့် သင်္ကြန်ကာလက နေလှမ်းဆားကြမ်းတစ်ပိဿာ ၇၀ ကျပ်ရှိရာမှ ယခုအခါ ၁၁၀ ကျပ်၊ ကြိတ်ပြီးသားဆားချော တစ်ပိသာ ၂၄၀ ကျပ်အထက် ပေါက်ဈေးရှိကြောင်း ပငကျေးရွာဆားလုပ်ငန်းရှင် ဦးကျော်သူက ဆိုသည်။

"ဈေးကွက်အခြေအနေက ပစ္စည်းပြတ်တော့ ကုန်ဈေးနှုန်းက တက်တယ်။ ပစ္စည်းပြတ်တယ်ဆိုတာက ဆားတွေထွက်တာ ၁၀၀ ရာခိုင်နှုန်းကို ၅၀၊ ၆၀ ရာခိုင်နှုန်းလောက်ပဲ ထွက်လို့ပါ။ ဖိုတိုင်းလိုလိုပဲ" ဟု ၎င်းကပြောသည်။

သို့ရာတွင် ယခုအခါ ဆာစျေးအနည်းငယ်တက်လာသည်ဆိုသော်ငြား ဆားတောင်သူများအဖို့ အကျိုးအမြတ် ရရှိနိုင်မည်မဟုတ်ဘဲ ဝယ်ယူပြီးသိုလှောင်ထားသူ ဆားကုန်သည်များသာ အကျိုးအမြတ်များများ ရရှိခံစားရခြင်းဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

ပငဆားစီမံကိန်းဟောင်းမှ ဆားတောင်သူ ကိုကျော်လွင်က "မနှစ်က ဆားကြုံးရတဲ့အချိန် နည်းတယ်။ စောလည်းစောတယ်ပေါ့။ မနှစ်ကဆို မတ်လကျော်တဲ့ထိ ကြုံးနေတုန်းပဲ။ ဒီနှစ်မှာက အစောကြီး ဖိုသိမ်းလိုက်ရတယ်။ မိုးကြောင့် ပျက်စီးတယ်ဆိုတော့ အထွက်နှုန်းလည်း ကျတာပေါ့။ ထွက်တာနည်းတော့ ဈေးက တက်လာတာပေါ့" ဟု ပြောသည်။

ပြီးခဲ့သည့် နွေရာသီကာလအတွင်း အချိန်အခါမဟုတ် မိုးများ ဆက်တိုက်ရွာသွန်းခဲ့သည့်အတွက် ပြည်နယ်အတွင်းရှိ ဆားဖိုများကို မေလတတိယအပတ်တွင် အပြီးသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဧပြီလဆန်း ပထမပတ်အတွင်း မွန်ပြည်နယ်တဝန်း အချိန်အခါမဟုတ် နေ့စဉ်မိုးရွာသွန်းခဲ့ပြီး နေရောင်ခြည်ဖြင့်လှမ်းထားရသည့် ဒီဂရီပြည့်မှီပြီးဆားရည်များ၊ ဆားအစိုင်အခဲများ မိုးရေများတွင် ပျော်ဝင်ပျက်စီးခြင်းနှင့် ဆားကြမ်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ပငကျေးရွာ ဆားတောင်သူများက ဆိုသည်။

ပင်လယ်ရေငံမှထုတ်ယူနေရသည့် နေလှန်းဆားလုပ်ငန်းကို နှစ်စဉ် အောက်တိုဘာလမှ မေလအထိ လုပ်ကိုင်ကြပြီး ထွက်ရှိလာသည့် ဆားများကို ရန်ကုန်၊ မန္တလေး၊ တနသာၤရီတိုင်းဒေသကြီးနှင့် ငါးလုပ်ငန်းများလုပ်ကိုင်သည့် နေရာများသို့ အဓိက ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း ဆားကုန်သည်များထံမှ သိရသည်။

မွန်ပြည်နယ်ရှိ ဆားလုပ်ကွက်ဧက ၃၀၀၀ ခန့်တွင် တစ်နှစ်လျှင် ဆားမက်ထရစ်တန် သုံးသောင်း (၃၀,၀၀၀) ကျော်ထွက်ပြီး သံဖြူဇရပ်၊ ရေးနှင့် ပေါင်မြို့နယ်တို့တွင် မိရိုးဖလာလုပ်ငန်းများအဖြစ် လုပ်ကိုင်လျက်ရှိသည်။

Most read this week

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...