အခြေခံပညာကျောင်းများ ၂ ပတ် ယာယီပိတ်ထား

အခြေခံပညာကျောင်းများ ၂ ပတ် ယာယီပိတ်ထား

ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု အချိန်မီထိန်းချုပ်ကာကွယ်တားဆီးနိုင်ရေး နိုင်ငံတဝန်းဖွင့်လှစ်ထားသော အစိုးရ အခြေခံပညာစာသင်ကျောင်းများ၊ ပုဂ္ဂလိကကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို ယနေ့ ဇူလိုင် ၉ ရက်မှ ၂၃ ရက်နေ့အထိ ၂ ပတ် ယာယီပိတ်ထားမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဗဟိုကော်မတီမှ ဇွန်လ ၈ ရက်နေ့က ထုတ်ပြန်ကြေငြာထားသည်။

ပညာရေးဝန်ထမ်းတစ်ဦးက “ဒီကြားထဲမှာ ပညာရေးဝန်ထမ်းတွေရော ကလေးတွေပါ ကူးစက်ခံထားရတာရှိတော့ ပြန်ပိတ်သင့်ပါတယ်၊ ပိတ်ထားတဲ့ ကာလအတွင်းမှာဆိုရင်လည်း စာသင်ခန်း ပိုးသတ်ဆေးဖြန်းတာတွေ သေသေချာချာ လုပ်ဆောင်ပေးသင့်တယ်” ဟု ပြောသည်။

အလားတူ မွန်အမျိုးသားကျောင်းအားလုံးကိုလည်း ယနေ့ ဇူလိုင်လ ၉ ရက်နေ့မှ ၂၅ နေ့အထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်း မွန်အမျိုးသားပညာရေးကော်မတီမှ သိရသည်။

“တစ်နိုင်ငံလုံးပိတ်တယ်ဆိုတော့ မွန်ကျောင်းတွေလည်း ပိတ်ရတာပေါ့၊ ကျောင်းဖွင့်နိုင်အောင်လည်း အခက်အခဲကြားက တော်တော်လေးကို ကြိုးစားထားရတယ်၊ ပြန်ဖွင့်တဲ့အချိန်ကျရင်လည်း ကျောင်းပြန်တက်ကြဖို့ ကျွန်တော်ပြောချင်တယ်” သံဖြူဇရပ်မြို့နယ် မွန်အမျိုးသားကျောင်း ကျောင်းအကျိုးတော်ဆောင်တစ်ဦးက ပြောသည်။

လက်ရှိ မွန်ပြည်နယ်အတွင်း နေ့စဉ် အစုလိုက်အပြုံလိုက် ရောဂါကူးစက်ခံနေရပြီး ပြီးခဲ့သည့် မေလမှစ၍ ယခုအထိ အတည်ပြုလူနာစုစုပေါင်း ၂၀၀၀ နီးပါးနှင့် သေဆုံးလူနာ ၅၂ ဦးရှိပြီးဖြစ်ကြောင်း သတင်းရရှိသည်။

ကိုဗစ်ရောဂါအဖြစ်များသည့် မော်လမြိုင်၊ သထုံနှင့် သံဖြူဇရပ်မြို့နယ်များကို Stay at home သတ်မှတ်ထားပြီး မွန်ပြည်နယ်တဝန်းတွင် ဈေးဆိုင်များပိတ်စေပြီး အခြေခံစားသောက်ကုန်အရောင်းဆိုင်များကိုသာ ရောင်းချခွင့်ပြုထားသည်။

မြန်မာတစ်နိုင်ငံလုံးအနေဖြင့်လည်း အစိုးရဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်းများအပါအဝင် လူတန်းစားအသီးသီး ကူးစက်ခံနေရပြီး ဇူလိုင်လ ၁ ရက်နေ့မှ ၈ နေ့အတွင်း ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ ၂၈၇ ဦးရှိကြောင်း၊ ဇူလိုင်လ ၈ ရက်နေ့တစ်ရက်တည်းတွင် အတည်ပြုလူနာ  ၄၁၃၂ ဦး ထပ်မံတွေရှိကြောင်း သတင်းရရှိသည်။

Photo - စာသင်ကျောင်းတစ်ခုတွင် ရောဂါပိုးသန့်စင်နေစဥ်။

May 16, 2026
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အစပ်၊ ဂျိုင်းမြစ်ဒေသရှိ ကျေးရွာအချို့တွင် လုံခြုံရေးအခြေအနေ...
May 15, 2026
မွန်ဒေသအသီးသီး၌ အသစ်ဆောက်လုပ်နေသည့် မွန်အမျိုးသားကျောင်း ၄ ကျောင်းထက်မနည်း လာမည့် ပညာသင်နှစ်...
May 14, 2026
မွန်ပြည်နယ်တွင်၊ မေလ ၁၂ ရက်နေ့၌ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ တစ်ဧက ၃ သိန်းကျပ်နှုန်းဖြင့်...
May 13, 2026
တနင်္သာရီမြို့နယ် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်စခန်းရှိရာ မောတောင်မြို့ကို ပြန်ရရေး...