ကိုဗစ်ရောဂါကူးစက်မှု မြင့်မားနေချိန်တွင် အဖက်ဖက်မှပူးပေါင်းပါဝင်မှုအားနည်းဟု ထောက်ပြမှုရှိ

ကိုဗစ်ရောဂါကူးစက်မှု မြင့်မားနေချိန်တွင် အဖက်ဖက်မှပူးပေါင်းပါဝင်မှုအားနည်းဟု ထောက်ပြမှုရှိ
Covid-19 ရောဂါကြောင့် ကွယ်လွန်သွားသူ ဟိန္ဒူဘာသာဝင်တစ်ဦးအား လူမှုအဖွဲ့အစည်းက သဂြိုလ်ပေးနေစဉ် (FB: ဇင်မိုး)
Covid-19 ရောဂါကြောင့် ကွယ်လွန်သွားသူ ဟိန္ဒူဘာသာဝင်တစ်ဦးအား လူမှုအဖွဲ့အစည်းက သဂြိုလ်ပေးနေစဉ် (FB: ဇင်မိုး)

ကိုဗစ်ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှုနှင့်အတူ ရောဂါဖြစ်ပွားမှုနှုန်း နေ့စဉ်မြင့်တက်နေချိန်တွင် မွန်ပြည်နယ်မှ ဌာနဆိုင်ရာအပါအဝင် အဖက်ဖက်မှ ပူးပေါင်းပါဝင်မှု အားနည်းနေကြောင်း ကိုဗစ်ကာကွယ်ရေးဆောင်ရွက်နေသည့် အရပ်ဘက်အဖွဲ့အစည်းအချို့က ထောက်ပြပြောဆိုကြသည်။

လက်ရှိတွင် ကိုဗစ်ရောဂါကူးစက်မှု အသေးစိတ်အခြေအနေ၊ သတင်းအချက်အလက်ဖြန့်ဝေမှု၊ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု၊ Volunteer အင်အားလျော့နည်းနေမှုကြောင့် ယခု ကိုဗစ်တတိယလှိုင်းကို ကာကွယ်တာဆီးနိုင်ရန် စိုးရိမ်ဖွယ်အခြေအနေရှိကြောင်း သံဖြူဇရပ်မြို့ ကိုဗစ်ကာကွယ်ရေး အရပ်ဖက်အဖွဲ့အစည်းတွင် ပါဝင်ဆောင်ရွက်နေသူ ဦးတင်မျိုးအောင်က ပြောသည်။

“ကျွန်တော်တို့ သံဖြူဇရပ်မှာဆို ကူးစက်မှုအခြေအနေက ဆိုးနေတဲ့အချိန်မှာ ည ည၊ လက်ဆေးပါလို့ သီချင်းလေးဖွင့်ပြီး ကားနဲ့လှည့်ရုံနဲ့ ကူးစက်မှုကို ကာကွယ်နိုင်မယ်မထင်ဘူး။ ရောဂါဖြစ်ပွားမှုအခြေအနေတွေကို အချိန်နဲ့တစ်ပြေးညီ လျင်မြန်စွာဆောင်ရွက်မှသာလျင် ပျက်စီးဆုံးရှုံးမှုနည်းမယ်။ ဖြစ်စေချင်တာက အရပ်ဖက်အဖွဲ့အစည်းရော အစိုးရအဖွဲ့အစည်းပါ စုပေါင်းအဖြေရှာသင့်တယ်” ဟု ဦးတင်မျိုးအောင်က ဆိုသည်။

ထို့အပြင် ပြည်နယ်အတွင်း ကိုဗစ်လူနာများကို အဓိကကုသပေးနေသည့် ထားဝယ်ဆောင်နှင့် Isolation Ward 1 ၊ 3 တို့တွင် လူနာ ၃၀၀ ကျော်အထိရှိနေသဖြင့် ရှိသမျှ ကုသရေးဝန်ထမ်းအင်အားဖြင့် မညီမမျှရုန်းကန်နေရကြောင်း မော်လမြိုင် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“အရင်တုန်းက လုပ်အားပေးဆရာဝန် ဆရာမတွေလည်းရှိတယ်။ Volunteer တွေလည်း အင်အားနည်းနည်းတောင့်တယ်။ အခုအနေအထားက အဖက်ဖက်က အင်အားနည်းနေတော့ အရင်ကလို ကြပ်ကြပ်မတ်မတ်လုပ်ဆောင်ဖို့ အားနည်းသွားတယ်” ဟု ၎င်းကဆိုသည်။

ဖေဖော်ဝါရီလနောက်ပိုင်းမှစ၍ မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၉ ဦးအထိရှိလာသည့်အတွက် မော်လမြိုင်နှင့် သံဖြူဇရပ်မြို့နယ်က စားသောက်ဆိုင်များကို ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုထားသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ဇူလိုင်လ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ မွန်ပြည်နယ်အတွင်း ကိုဗစ်လူနာ ၃၀ ဦး ထပ်မံတွေ့ရှိရပြီး လက်ရှိ တကျော့ပြန်ကူးစက်မှုတွင် ကိုဗစ်လူနာ ၅၀၀ နီးပါးအထိရှိလာပြီးဖြစ်သည်။

 
 

 

 

March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...
March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...