ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးဟာ မျိုးဗီဇမျိုးကွဲ ၄ မျိုးအထိ ပြောင်းသွားပြီး ကမ္ဘာတဝှမ်း နိုင်ငံတွေမှာ လျင်လျင်မြန်မြန် ကူးစက်ပျံ့နှံ့နေသလို မြန်မာနိုင်ငံမှာလည်း မျိုးဗီဇပြောင်းကိုဗစ်ပိုး ကူးစက်ခံရသူတွေ ရှိလာနေတာကြောင့် ရောဂါပိုးကူးစက်မှု လျှော့ချနိုင်ဖို့နဲ့ ထိန်းချုပ်နိုင်ဖို့ သတိရှိရှိ၊ အသိရှိ ကြိုးပမ်းကြဖို့ အထူးလိုအပ်နေပါပြီ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးဟာ ယူကေနိုင်ငံမှာ Alpha (B.1.1.7) (အယ်လ်ဖာ) မျိုးကွဲ၊ တောင်အာဖရိကမှာ Beta (B.1.351) (ဘီတာ) မျိုးကွဲ၊ ဘရာဇီးမှာ Gamma (P.1) (ဂမ်မာ) မျိုးကွဲနဲ့ အိန္ဒိယမှာ Delta (B.w.617.2) (ဒယ်လ်တာ) မျိုးကွဲ စသဖြင့် မျိုးဗီဇပြောင်းကာ ကူးစက်နေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာတော့ အယ်လ်ဖာ၊ ဒယ်လ်တာနဲ့ အသွင်ပြောင်းကက်ပါ (Kappa) မျိုးခွဲတွေ တွေ့ရှိရတယ်လို့ ကျန်မာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အိန္ဒိယမှာကူးစက်နေတဲ့ ဒယ်လ်တာမျိုးကွဲဟာ ယူကေမှာကူးစက်နေတဲ့ အယ်လ်ဖာမျိုးကွဲထက် ကူးစက်မှုနှုန်း ၃၀ ကနေ ၁၀၀ ရာခိုင်နှုန်းအထိ ပိုမိုမြန်ဆန်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ မြန်မာနိုင်ငံမှာတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးတို့မှာ ကိုဗစ်ကူးစက်ခံရသူ လူနာအရေအတွက် တစ်နေ့တခြား တိုးတက်များပြားလာရုံသာမက ရခိုင်ပြည်နယ်မှာလည်း ခရီးသွားရာဇဝင်မရှိဘဲ ဒေသတွင်း ကူးစက်မှုတွေ တွေ့လာရပါတယ်။ ပဲခူးတိုင်းဒေသကြီးက ဖြူးနဲ့ လက်ပံတန်းမြို့နယ်တွေမှာ ကိုဗစ်ကူးစက်လူနာတွေ များပြားလာတဲ့အတွက် Stay At Home (နေအိမ်တွင်နေထိုင်ရေး) အစီအစဉ်မှာ အကျုံးဝင်ကြောင်း ကျန်းမာရေးနဲ့အားကစားဝန်းကြီးဌာနက ကြေညာထားပါတယ်။
တတိယလှိုင်း မျိုးဗီဇပြောင်း ကိုဗစ်ပိုးကူးစက်ခံရတဲ့ ရောဂါလက္ခဏာတွေနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံ ချူလာကောင်လာဆေးရုံက သတိပေးထုတ်ပြန်ချက်မှာ အခုလို ဖော်ပြထားပါတယ်။ ဗီဇပြောင်းကိုဗစ်ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး ၁ ရက်ကနေ ၃ ရက်အတွင်း လည်ချောင်းနည်းနည်းနာလာတာကို ခံစားရပေမဲ့ ဖျားနာကိုက်ခဲတာ၊ အစားအသောက်ပျက်တာ မရှိသေးပါဘူး။ ဒါပေမဲ့ ၄ ရက်မြောက်နေ့မှာ အာသီးနည်းနည်း ယောင်လာတတ်တယ်၊ စကားပြောရင် လည်ချောင်းနာလာတတ်ပါတယ်။ ခေါင်းနည်းနည်းကိုက်လာတတ်သလို အစာအိမ်လေထတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ၅ ရက်မြောက်နေ့မှာ လည်ချောင်းနာတာ၊ ပင်ပန်းနွမ်းနယ်တာတွေ ဖြစ်လာနိုင်ပြီး အဆစ်အမြစ် နာကျင်ကိုက်ခဲလာတာ တွေ့ရတယ်လို့ ဆိုပါတယ်။
၆ ရက်မြောက်နေ့မှာ ကိုယ်အပူချိန်ချိန် ၃၇ ဒီဂရီ ဆဲလ်ဆီးယပ် အထက်ရောက်လာတာ၊ ချောင်းခြောက်ဆိုးတာ၊ စကားပြောရင်, အစာစားရင် လည်ချောင်းနာတာ၊ မောပန်းနွမ်းနယ်တာ၊ အသက်ရှူဖို့ အခက်အခဲရှိတာ၊ ခြေချောင်းတွေနာကျင်တာ၊ ဝမ်းလျှော, အော့အန်တာတွေ ဖြစ်လာနိုင်ပါတယ်။ ၇ ရက်မြောက်နေ့မှာတော့ ချောင်းအဆက်မပြတ်ဆိုးပြီး သလိပ်တွေထွက်နေတာ၊ ခေါင်းကိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲနာကျင်တာ၊ အော့အန်တာတွေ ဖြစ်လာနိုင်ပါတယ်။
၈ ရက်မြောက်နေ့မှာ ကိုယ်အပူချိန် ၃၈ ဒီဂရီဆဲလ်ဆီးယပ်အထက်ရောက်ပြီး အပြင်ဖျားတာ၊ အသက်ရှူရခက်တာ၊ ချောင်းဆိုးတာ၊ အဆစ်အမြစ်နဲ့ ကြွက်သားတွေနာကျင်တာ၊ ခြေထောက်နဲ့ ခန္ဓာကိုအောက်ပိုင်း ကိုက်ခဲနာကျင်တာတွေ ဖြစ်လာနိုင်ပါတယ်။ ၉ ရက်မြောက်နေ့မှာတော့ တချို့သော ရောဂါလက္ခဏာတွေ သက်သာလာပေမဲ့ အသက်ရှူဖို့ခက်ခဲလာပြီး အဖျားတက်လာတတ်ပါတယ်။
ဒီအချက်တွေကိုကြည့်ရင် မျိုးဗီဇကွဲကိုဗစ်ပိုးတွေရဲ့ ကူးစက်မှုက ရောဂါဝေဒနာ ဘယ်လောက်ထိ ပြင်းထန်တယ်ဆိုတာ သိမြင်နိုင်သလို ကိုဗစ်ကာကွယ်ဆေး ထိုးနှံထားပြီးပြီဆိုရင်တောင် မျိုးဗီဇပြောင်း ကိုဗစ်ပိုးကို ထိရောက်တဲ့ ကာကွယ်မှုပေးနိုင်ဖို့ဆိုတာ စိတ်ချလို့မရဘူးဆိုတဲ့အချက်ကိုပါ သိမြင်နိုင်ပါတယ်။
ချင်းပြည်နယ်တစ်ခုလုံးအတိုင်းအတာနဲ့ ကိုဗစ်အတည်ပြုလူနာတွေ များပြားလာနေသလို သေဆုံးသူတွေလည်း တိုးလာနေပါတယ်။ ဖလမ်းမြို့မှာ ဇွန် ၁၉ ရက်နေ့က ကိုဗစ်ကြောင့် သင်းအုပ်ဆရာတစ်ဦး ကွယ်လွန်ခဲ့ရသလို သေဆုံးသူများလာတဲ့အတွက် တတ်နိုင်သမျှ နေအိမ်မှာပဲနေထိုင်ကြဖို့ ဖလမ်းခရစ်ယာန် ဂိုဏ်းပေါင်းစုံ အမှုတော်ဆောင်များအဖွဲ့က ဇွန် ၂၁ ရက်နေ့မှာ မေတ္တာရပ်ခံတိုက်တွန်းခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ဟားခါးမြို့မှာ အသက် ၇၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပါတယ်။
ကိုဗစ်အတည်ပြုလူနာ စစ်ဆေးတွေ့ရှိမှုကိုကြည့်ရင် တစ်နိုင်ငံလုံးမှာ ဇွန် ၂၂ ရက်နေ့ တစ်ရက်တည်းမှာပဲ ပိုးတွေ့လူနာဦးရေ ၆၃၀ ထိ တွေ့ရှိရတဲ့ အတွက် ပိုးတွေ့ရှိမှု ၁၂ ဒသမ ၃၈ ရာခိုင်နှုန်း မြင့်မာလာတာပါ။ ဒီကိန်းဂဏန်းတွေကို ကြည့်ခြင်းအားဖြင့် ကိုဗစ်ကူးစက်မှု တစ်ကျော့ပြန် ခေါင်းထောင်လာတာကို တွေ့ရမှာဖြစ်ပြီး ကမ္ဘာပေါ်မှာ ကိုဗစ်ကူးစက်မှု အဆုံးသတ်နိုင်ဖို့ အလှမ်းဝေးနေဆဲဆိုတာကိုပါ မီးမောင်းထိုးပြနေတာဖြစ်ပါတယ်။
ဥရောပတိုက်က နိုင်ငံတွေထဲမှာဆိုရင် စပိန်နိုင်ငံဟာ ကိုဗစ်ကူးစက်မှုဒဏ်ကို အလူးအလဲခံနေရတဲ့ နိုင်ငံဖြစ်ပြီး ကိုဗစ်ကြောင့် သေဆုံးသူ ၈ သောင်းကျော်ထိ ရှိသွားပါပြီ။ နှစ်စဉ် ကမ္ဘာလှည့်ခရီးသွား သန်းပေါင်းများစွာ လာရောက်လည်ပတ်တဲ့နိုင်ငံဖြစ်လို့ ကိုဗစ်ကြောင့် နိုင်ငံ့စီးပွားရေးနဲ့ ခရီးသွားလုပ်ငန်းကိုပါ အများကြီး ထိခိုက်ခံနေရပါတယ်။ နိုင်ငံအတွင်း ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုတွေ အရှိန်မြှင့်လုပ်ဆောင်နေပေမဲ့ ကူးစက်မှုတွေ ရှိနေဆဲပါ။
နိုင်ငံအတွင်း နှာခေါင်းစည်းတပ်ဖို့ ချမှတ်ထားတဲ့ စည်းကမ်းချက်ကို ဇွန် ၂၆ ရက်နေ့ကစပြီး ဖြေလျှော့ဖို့ ပြောကြားထားပေမဲ့ အဲဒီလို ဖြေလျှော့မှုနဲ့အတူ ရောဂါကူးစက်မှုတွေ ထပ်ဖြစ်လာမှာကိုလည်း စိုးရိမ်နေကြသူတွေလည်း ရှိပါတယ်။ ဒါကြောင့် ကာကွယ်ဆေးတစ်ခုတည်း အားကိုးနေလို့မရဘဲ တစ်ဦးတစ်ယောက်ချင်းစီရဲ့ စည်းကမ်းလိုက်နာမှုက အရေးပါနေတယ်ဆိုတာ သိမြင်နိုင်ပါတယ်။
ကျွန်မတို့ မြန်မာနိုင်ငံမှာလည်း ကိုဗစ် အစုလိုက် ကူးစက်မှုတွေ တွေ့လာစပြုနေပြီဖြစ်ပါတယ်။ ချင်းပြည်နယ်ရဲ့ ကိုဗစ်ကူးစက်မှုကိုကြည့်ရင် ဇွန် ၂၂ ရက်နေ့ တစ်ရက်တည်းမှာပဲ ဖလမ်းမှာ ၂၁ ဦး၊ ဟားခါးမှာ ၁၃ ဦး၊ တွန်းဇံမှာ ၈ ဦး၊ ထန်တလန်မှာ ၃ ဦး တွေ့ရှိခဲ့ရပါတယ်။ Stay at Home ကြေညာထားတဲ့ ဖလမ်းမြို့မှာလည်း ဇွန် ၂၃ ကနေ ဇွန် ၃၀ အထိ Lockdown ချထားကြောင်း သိရပါတယ်။ မွန်ပြည်နယ် မော်လမြိုင်မှာဆိုရင် ဇွန် ၁၉ ရက်နေ့ တစ်ရက်တည်းမှာပဲ ကိုဗစ်အတည်ပြုလူနာ ၅၀ ကျော် တွေ့ရှိခဲ့ရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်က ကိုယ်ပိုင်ကျောင်းတစ်ကျောင်းမှာ အစုလိုက် ကူးစက်မှုတွေရှိခဲ့သလို နယ်စပ်ဝင်ပေါက်တွေနဲ့နီးတဲ့ မြို့တွေမှာ ကူးစက်မှု ပိုများတာတွေ့ရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာလည်း ကိုဗစ်အတည်ပြုလူနာအရေအတွက် များပြားလာသလို သေဆုံးရသူတွေလည်း များလာနေလို့ ရောဂါထိန်းချုပ်နိုင်ရေးအတွက် Stay at Home ကြေညာထားရပါတယ်။ အသွားအလာ ကန့်သတ်ထားတဲ့ ချင်းပြည်နယ်၊ တီးတိန်မြိုနယ်က တချို့ရွာတွေမှာလည်း စားဝတ်နေရေး အခက်ကြုံနေရတာတွေ ရှိလာပါတယ်။
ချမ်းသာတဲ့ နိုင်ငံတွေမှာတောင် ကိုဗစ်ကူးစက်မှုနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ထုပ်ဝန်ပိုးကို သေချာကိုင်တွယ် မဖြေရှင်းနိုင်သေးပါဘူး။ ရောဂါထိန်းချုပ်နိုင်ဖို့ အသွား, အလာ ကန့်သတ်တာ၊ Stay at Home အစီအစဉ်နဲ့ နေအိမ်မှာနေထိုင်ရေး ကြပ်မတ်တာဟာ အတိုင်းအတာတစ်ခုအထိ ထိရောက်ပေမဲ့ သက်ဆိုင်သူပုဂ္ဂိုလ်တွေရဲ့ စီးပွားရေး၊ စားဝတ်နေရေး ထိခိုက်လာနိုင်တာတွေကိုပါ ထည့်တွက်စဉ်းစားရမှာပါ။ တဖန် ကူးစက်မှု လျော့ကျလာပြီဖြစ်လို့ သွားလာကန့်သတ်ချက်တွေကို ဖြေလျှော့လိုက်ရင်လည်း ကူးစက်မှုက တစ်ကျော့ပြန် မြင့်တက်လာနိုင်တာကိုလည်း မေ့ထားလို့မရပါဘူး။
ကိုဗစ်ပိုး အစုလိုက်ကူးစက်မှုတွေ တွေ့လာရပြီဖြစ်လို့ နောက်ထပ် အစုလိုက်ကူးစက်မှုတွေ များပြားမလာအောင် အစီအမံတွေ ချမှတ်သင့်ပါတယ်။ ကိုဗစ်ကြောင့် သေဆုံးရမှုတွေ များပြားလာနိုင်သလို လူမှုစီးပွားထိခိုက်မှု၊ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် လူထူထပ်တဲ့နေရာတွေကို အတတ်နိုင်ဆုံး ရှောင်ရှားတာ၊ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေထိုင်တာ၊ နှာခေါင်းစည်းတပ်တာ၊ လက်ဆေးတာ၊ ကိုယ်ခံအားကောင်းအောင် နေထိုင်စားသောက်တာတွေကို မဖြစ်မနေလိုက်နာပြီး တစ်ဦးချင်း, တစ်ယောက်ချင်းစီရဲ့ အသိရှိရှိ, သတိရှိရှိ စည်းကမ်းလိုက်နာမှုနဲ့ ကိုဗစ်ကူးစက်မှုကို ကြိုတင်ကာကွယ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။







