မြန်မာအာဏာသိမ်းစစ်တပ်ကို စစ်ဘက်နည်းပညာပစ္စည်းများ အိန္ဒိယကုမ္ပဏီ ရောင်းချပေးနေ

မြန်မာအာဏာသိမ်းစစ်တပ်ကို စစ်ဘက်နည်းပညာပစ္စည်းများ အိန္ဒိယကုမ္ပဏီ ရောင်းချပေးနေ

အိန္ဒိယအစိုးရက ရှယ်ယာအများစုပိုင်ဆိုင်သည့် ကာကွယ်ရေးပစ္စည်းထုတ် ကုမ္ပဏီတစ်ခုသည် မြန်မာအာဏာသိမ်းစစ်အုပ်စုထံ ကမ်းရိုးတန်း စောင့်ကြည့်ထောက်လှမ်းရေးဆိုင်ရာ စစ်ဘက်နည်းပညာပစ္စည်းများ ထောက်ပံ့ပေးထားခဲ့သည်ဟု တက်ကြွလှုပ်ရှားသူများအဖွဲ့ Justice for Myanmar (JFM) ၏ အစီရင်ခံစာတစ်ရပ်တွင် ပြောထားသည်။

လက်ရှိအချိန်အထိ အဆိုပါ အိန္ဒိယကုမ္ပဏီသည် မြန်မာသို့ စစ်ဘက်နည်းပညာဆိုင်ရာ ကုန်ပစ္စည်းပို့ဆောင်မှု အနည်းဆုံး ခုနစ်ကြိမ် ပြုလုပ်ထားပြီးဖြစ်ကြောင်း သိရသည်။

JFM က တနင်္လာနေ့က အစီရင်ခံစာတစ်ရပ်ထုတ်ပြန်ခဲ့ပြီး အဆိုပါထုတ်ပြန်မှုအရ အိန္ဒိယ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ငန်းကုမ္ပဏီ Bharat Electronics Limited (BEL) သည် မြန်မာအာဏာသိမ်းစစ်တပ်ထံ ရေဒါပစ္စည်းများနှင့် ဆက်သွယ်ရေးပစ္စည်းကိရိယာများ ရောင်းချထားခဲ့သည်ဟု ထုတ်ဖော်ထားသည်။

မြန်မာအာဏာသိမ်းစစ်တပ်သည် နိုင်ငံတွင် ဖေဖေါ်၀ါရီလ အာဏာသိမ်းပြီးနောက် အကြမ်းဖက်ဖြိုခွင်းနှိမ်နင်းမှုများ လုပ်ဆောင်ခဲ့ရာ အရပ်သား ၈၆၀ ဦးကျော် သေဆုံးထားခဲ့သည်။

အိန္ဒိယအစိုးရသည် မြန်မာတွင် BEL ၏ စီးပွားရေး ပတ်သက်လုပ်ဆောင်မှုကနေတဆင့် အာဏာသိမ်းစစ်အုပ်စုကို တရား၀င်ဖြစ်မှု ချီးမြှင့်ပေးအပ်နေပြီး အာဏာသိမ်းစစ်အုပ်စုဘက်က နိုင်ငံတ၀န်း မြန်မာပြည်သူများကို ထိတ်လန့်ကြောက်ရွံ့စေရေး လုပ်ဆောင်နေမှုများကို ထောက်ကူပေးနေလျက်ရှိကြောင်း JFM ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က အစီရင်ခံစာနှင့်အတူ ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ပြောကြားခဲ့သည်။

အိန္ဒိယအစိုးရက အဓိကရှယ်ယာများကို ပိုင်ဆိုင်ထိန်းသိမ်းထားသည့် BEL ကုမ္ပဏီသည် မြန်မာစစ်တပ်ထံ စောင့်ကြည့်ထောက်လှမ်းရေး နည်းပညာဆိုင်ရာ ပစ္စည်းအမျိုးမျိုးကို တင်ပို့ထားခဲ့ကြောင်း JFM က ပို့ကုန်ဒေတာအချက်အလက်များကို ကိုးကားပြီး ပြောဆိုခဲ့သည်။

JFM ၏ အစီရင်ခံစာအရ မြန်မာသို့ တင်ပို့ခဲ့သည့် ပစ္စည်းများထဲတွင် အီလက်ထရိုအော့ပ်တစ်စနစ်များ၊ ရေဒါ ဗီဒီယို ထုတ်ယူမှုစက်များ၊ VHF ဆက်သွယ်ရေးစနစ်များ၊ ဂရပ်ဖစ်ပရိုဆက်ဆာများ၊ ကွန်ပြူတာခန်း ဟာ့၀ဲ၊ ဆာဗာ သိုလှောင်ခန်းနှင့် ဘထ္ထရီများပါ၀င်ကြောင်း သိရသည်။

JFM ၏ အဆိုအရ မြန်မာသို့ ပစ္စည်းပို့ဆောင်မှုများကို ဖေဖေါ်၀ါရီ ၂၇ နှင့် မတ်လ ၂၉ အကြား လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကုမ္ပဏီ၏ ဂျေပူးနှင့် ဘန်ဂလိုး စက်ရုံများကနေတဆင့် ပို့ဆောင်ခြင်းဖြစ်ကြောင်းနှင့် အဆိုပါစက်ရုံများတွင် BEL က စစ်ဘက် ဆက်သွယ်ရေးနည်းပညာနှင့် လက်နက်ပစ္စည်းများ ထုတ်လုပ်နေလျက်ရှိကြောင်း သိရသည်။

အာဏာသိမ်းမှုမတိုင်မီ ၂၀၂၀ ဒီဇင်ဘာနှင့် ၂၀၂၁ ဇန်န၀ါရီ အကြားတွင်လည်း မြန်မာသို့ အခြားတင်ပို့မှုများ ရှိခဲ့သေးပြီး အဆိုပါ တင်ပို့သည့် ပစ္စည်းများမှာ “ထိန်းချုပ်ရေးစင်တာအတွက် အပိုပစ္စည်းများ” နှင့် “တပ်ဆင်ရေး ပစ္စည်းများအဖြစ် စာရင်းသွင်းထားသည့် ပစ္စည်း ၁၂,၀၀၀” အဖြစ် ဖော်ပြထားခဲ့ကြောင်း သိရသည်။

ထို့ပြင် အိန္ဒိယ ကုမ္ပဏီသည် မြန်မာစစ်တပ်နှင့်အကြား အရောင်းအ၀ယ် သဘောတူညီချက်ကို “အဓိက အော်ဒါများအနက် တစ်ခု” အဖြစ် ယမန်နှစ်က ယင်း၏ နှစ်ပတ်လည်အစီရင်ခံစာထဲတွင် အမျိုးအစားခွဲခြားဖော်ပြထားခဲ့သည်ဟု JFM က ပြောသည်။

BEL ၏ ပြည်ပရုံးခွဲ ခြောက်ခုအနက် တစ်ခုအဖြစ် ရန်ကုန်တွင် ကိုယ်စားလှယ်ရုံးတစ်ခုလည်း ရှိနေခဲ့သည်ဟု JFM က ပြောခဲ့ရာ ယင်းအတွက်ကြောင့် ဥပဒေချိုးဖောက်၊ ပြစ်မှုကျူးလွန်နေသော မြန်မာအာဏာသိမ်းစစ်အုပ်စုကို ကုမ္ပဏီဘက်က ထောက်ကူပေးနေမှုအတွက် ကြီးလေးသော စိုးရိမ်ပူပန်မှုများကို ပေါ်ထွက်စေခဲ့သည်။

မြန်မာ ကမ်းခြေစောင့်တပ်ဖွဲ့သည် ၂၀၁၉ ခုနှစ်က ရေတပ်အောက်တွင် စတင်တာ၀န်ထမ်းဆောင်ခဲ့ပြီး ယင်း၏ ကနဦး ကမ်းရိုးတန်းစောင့်ကြည့် စနစ်ကို အိန္ဒိယ၀န်ကြီးချုပ် နာရင်ဒြာမိုဒီ၏ ၂၀၁၇ စက်တင်ဘာ မြန်မာခရီးစဥ်အတွင်း လက်မှတ်ထိုးခဲ့သည့် သဘောတူညီချက် တစ်စိတ်တစ်ဒေသအဖြစ် ထောက်ပံ့ပေးထားခဲ့ကြောင်း သိရသည်။

အိန္ဒိယ၏ BEL သည် အစ္စရေးကုမ္ပဏီများဖြစ်သည့် Israel Aerospace Industries နှင့် Elbit Systems ၊ အီတလီ၏ Beretta နှင့် Elettronica ကဲ့သို့သော ဥရောပကုမ္ပဏီများ၊ ဆွီဒင်၏ Saab ၊ ဒိန်းမတ်၏ Terma နှင့် ပြင်သစ်-ဒက်ချ်ကုမ္ပဏီ Thales တို့နှင့်အကြား စီးပွားရေးသဘောတူညီချက်များရှိထားကြောင်း JFM ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အိန္ဒိယအစိုးရအပြင် BEL ၏ အကြီးဆုံးသော နိုင်ငံတကာရှယ်ယာရှင်များထဲတွင် အမေရိကန်၏ Goldman Sachs ၊ Franklin Templeton၊ Vanguard Group နှင့် Dimensional Fund Advisors ၊ ဂျပန်၏ Nippon Life Insurance ၊ တောင်ကိုရီးယား၏ Mirae Asset Financial Group ၊ နော်ဝေ၏ Norges Bank Investment Management ၊ ယူကေ၏ Ninety One နှင့် ပြင်သစ်၏ BNP Paribas တို့ ပါ၀င်နေသည်။

ယင်းအတွက်ကြောင့် BEL ၏ နိုင်ငံတကာ ပါတနာများ၊ ရှယ်ယာရှင်များနှင့် ၎င်းတို့၏ အစိုးရများအနေဖြင့် အိန္ဒိယကုမ္ပဏီ၏ မြန်မာအာဏာသိမ်းစစ်တပ်နှင့်အကြား ချိတ်ဆက်ပတ်သက်မှုကို အဆုံးသတ်စေရေးအတွက် ရှေ့ထွက်လုပ်ဆောင်ပြီး ပိုမိုရှင်းလင်းသော ကျင့်၀တ်ဆိုင်ရာ ရပ်တည်ချက်တစ်ခု ပြသရန် JFM ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က တိုက်တွန်းသွားခဲ့သည်။ “မြန်မာပြည်သူများ၏ အသက်ထက် စီးပွား‌ရေးအကျိုးအမြတ်ကို ရှေ့တန်းတင် ဦးစားပေးနေသော BEL ၏ စက်ဆုပ်ဖွယ် လုပ်ဆောင်မှုကို ကြည့်မည်ဆိုလျင် လက်ရှိအချိန်တွင် မြန်မာအတွက် ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှု ပိတ်ပင်ချက်တစ်ခု မဖြစ်မနေချမှတ်ရန် လိုအပ်နေသည်ကို ပြသနေသည်” ဟု မရတနာမောင်က ပြောသွားခဲ့သည်။

 
 

 

 

Most read this week

June 15, 2026
စစ်အုပ်စု စစ်ကြောင်းထိုးနေသည့်အတွက် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့နှင့် အနီးတဝိုက်မှ...
June 13, 2026
ကျားဖြန့်လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လျက်ရှိသည့် ထိုင်း-မြန်မာနယ်စပ်၊ မြဝတီခရိုင်၊...
June 12, 2026
ရောင်နီ — အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က နာမည်အသစ်ဖြင့် ထုတ်လုပ်ထားသည့်  “ Keen Beer...
June 11, 2026
မကွေးတိုင်း ပခုက္ကူမြို့နယ် မြစ်ခြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)က ယနေ့ (ဇွန်လ ၁၀ ရက်...