ကော်သူးလေနေ့ (Kaw Thoo Lei Day)

ကော်သူးလေနေ့ (Kaw Thoo Lei Day)

တိုင်းပြည်တစ်ပြည်ထူထောင်ရာတွင် နိုင်ငံတကာကျင့်ထုံးအရ ကမ္ဘာသို့ ပထမဦးဆုံးကြေညာပြီး ကမ္ဘာပေါ်ရှိ တိုင်းပြည်များမှ လေ့လာပြီး အသိအမှတ်ပြုကြရန် လိုအပ်လေသည်။ ကရင်လက်နက်ကိုင်တော်လှန်ရေးအစတွင် ကြီးမားသောအောင်မြင်မှုများ ရရှိခဲ့သော်လည်း ခေါင်းဆောင်များအားလုံးလိုလို အင်းစိန်မြို့တွင် ရန်သူ၏ ဝိုင်းထားမှုကိုခံရ၍ လွတ်လပ်ရေးကိုကြေညာရန် အခြေအနေမပေးအပ်ခဲ့ချေ။

အင်းစိန်မှဆုတ်ခွာရပြီး ဗဟိုကို တောင်ငူမြို့သို့ပြောင်းရွှေ့ရာ ၁၉၄၉ ခုနှစ်၊ ဇွန်လ (၁၄) ရက်နေ့တွင် တောင်ငူမြို့၌ အစည်းအဝေးကြီးတစ်ရပ် ခေါ်ယူကျင်းပပြီး ကော်သူးလေအစိုးရအဖွဲ့ကို အောက်ပါအတိုင်း ဖွဲ့စည်းခဲ့လေသည်။

(၁) စောဘဦးကြီး (ဝန်ကြီးချုပ်)

(၂) ဦးလှဖေ (နိုင်ငံခြားရေး)

(၃) စောဖိုးမောင် (ပြည်ထဲရေး)

(၄) စောရွှေလေး (ကာကွယ်ရေး)

(၅) စောတူရဦး (ဘဏ္ဍာရေး)

(၆) စောဘထွန်း (ပညာရေး)

(၇) စောဂျွန်ဆင်ဒီဖိုးမင်း (လမ်းပန်းနှင့် သယ်ယူပို့ဆောင်ရေး)

(၈) မန်းစိန်တင် (သစ်တောနှင့်လယ်ယာ)

ထိုနေ့ ညနေချိန်တွင် ကော်သူးလေအသံလွှင့်ဌာနမှ ကော်သူးလေ ကရင်ပြည်ကို ထူထောင်ခြင်း၊ ကော်သူးလေအစိုးရကို ဖွဲ့စည်းလိုက်ကြောင်း ကမ္ဘာသို့ ကြေညာလေသည်။ အခြားတိုင်းနိုင်ငံများဖြစ်သော အိန္ဒိယ (All India Radio)၊ ပါကစ္စတန် (Radio Pakistan)၊ ဗြိတိန် (BBC)၊ အမေရိကန် (BOA)၊ ဩစတြေးလျ အသံလွှင့်ဌာနများမှလည်း ကော်သူးလေ အသံလွှင့်ဌာနမှလွှင့်လိုက်သော ကော်သူးလေ ကရင်ပြည် ထူထောင်ခြင်းနှင့် ကော်သူးလေအစိုးရ ဖွဲ့စည်းထူထောင်ခြင်းများကို တစ်ဆင့် အသံလွှင့်လေသည်။ ထို့အပြင် အခြားနိုင်ငံများမှ သတင်းစာအချို့သည် စာလုံးကြီးများနှင့် ထိုသတင်းများကို ရေးသားကြေညာလေသည်။

ကော်သူးလေ ကရင်ပြည်ထူထောင်ကြောင်း ကြေညာပြီးသည့်နောက် ပါကစ္စတန်နှင့် ဩစတြေးလျနိုင်ငံများမှ ကော်သူးလေ ကရင်ပြည်သို့ လေ့လာရေးအဖွဲ့များ စေလွှတ်ခဲ့သေးသည်။ ရန်သူမှ ပြန်လည်ထိုးစစ်ဆင်၍ မိမိတို့အနေနှင့် နယ်မြေများ စွန့်လွှတ်ရခြင်းနှင့် မိမိတို့၏ နိုင်ငံရေးအားနည်းချက်၊ စည်းကမ်းလျော့ရဲမှု စသည်များကြောင့် ယနေ့ထိ မည်သည့်နိုင်ငံများမှ ကော်သူးလေကို တရားဝင်အသိအမှတ်မပြုဘဲ ရှိနေသေးသည်။ ထိုကော်သူးလေ ကရင်ပြည်ကို ထူထောင်ကြောင်းနှင့် ကော်သူးလေအစိုးရကို ဖွဲ့စည်းထူထောင်ကြောင်း ကမ္ဘာကိုကြေညာလိုက်သည့် ဇွန်လ (၁၄) ရက်နေ့ကို ကော်သူးလေနေ့ဟု သတ်မှတ်ခြင်းဖြစ်သည်။

# ကရင်တော်လှန်ရေး နေ့ကြီးရက်ကြီး သမိုင်းအကျဉ်းစာအုပ်မှ ကူးယူဖော်ပြသည်။

ကရင်ပြည်နယ်၏ သတ်မှတ်ချက်မြေပုံသည် ကော်သူလေးမြေပုံနှင့် မသက်ဆိုင်ပေ။ ကော်သူးလေ၏ သတ်မှတ်ချက်သည် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ တောင်ငူခရိုင်၊ အင်းစိန်ခရိုင်၊ ဟံသာဝတီခရိုင်၊ ညောင်လေးပင်ခရိုင်ခွဲနှင့် သံလွင်ခရိုင်တို့ ပါဝင်ပါသည်။

(Paul Kenan, 2008. Pg-8)

Photo: CJ
April 3, 2026
မြဝတီ-ကော့ကရိတ်-ဖားအံသို့ သွားလာ၍ရသည့် တောင်ပေါ်လမ်းမတက်ခင်နေရာကို ဧပြီ ၂ ရက်နေ့တွင် စစ်အုပ်စုက...
Photo:KIC
April 2, 2026
ဖားအံ-ကော့ကရိတ်-မြဝတီ ကုန်သွယ်ရေးအချက်အချာကျ အာရှလမ်းမကြီးပြန်လည်ဖွင့်လှစ်မည့်...
April 1, 2026
နန်းဝေဖြိုးဇာ — “ အလုပ်လည်းမရှိတော့ အစ်မက ဘန်ကောက်ကို တက်လာခိုင်းတာ။ ရွာက သူငယ်ချင်းတွေလည်း...
April 1, 2026
တိုင်းရင်းသားလက်နက်ကိုင်(၄)ဖွဲ့နှင့် အမျိုးသားညီညွှတ်ရေးအစိုးရ-NUG၊...