Victory Reserve Fund တာဝန်ရှိသူဖြင့် ဆက်သွယ်မေးမြန်းခြင်း

Victory Reserve Fund တာဝန်ရှိသူဖြင့် ဆက်သွယ်မေးမြန်းခြင်း

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်တွင် တိုက်ပွဲတစ်ဖန်ဖြစ်ပွားလာရာ စစ်ပြေးဒုက္ခသည်များအတွက် ကူညီနေသော အဖွဲ့အစည်းများ နှင့် CDM များကိုကူညီနေသော အဖွဲ့များတွင် Victory Reserve Fund သည်လည်း တစ်ခုဖြစ်သည်။

သို့သော် Victory Reserve Fund သည် စစ်ပြေးဒုက္ခသည်များအတွက်သာမက ရှေ့တန်းတွင် တိုက်ပွဲဝင်နေသူများ၏ မိသားစုနှင့် မသန်စွမ်းဖြစ်သွားသူများအတွက်ပါ ကူညီနေသည့်အကြောင်း VRF မှတာဝန်ခံ ဦးဇော်ဂေါင်ဒူ (အမည်လွဲ) ကို ကချင်သတင်းဌာန KNG က ဆက်သွယ်မေးမြန်းထားပါသည်။

မေး - Victory Reserve Fund ကို ဘယ်လိုစတင်ဖွဲ့စည်းလုပ်ဆောင်ခဲ့တာပါလဲ။

ဖြေ - ကျနော်တို့ Victory Reserve Fund ဆိုတာ ၂၀၂၁ ခုနှစ် မတ်လ၂၀ ရက်မှာ စတင်ဖွဲ့စည်းလိုက်တဲ့ ကော်မတီဖြစ်တယ်။ အဓိက ရည်ရွယ်ချက်က တော်လှန်ရေးတိုက်ပွဲဝင်နေတဲ့သူတွေရဲ့ နောက်မှာရှိတဲ့ ခက်ခဲတဲ့ မိသားစုဝင်တွေကို ကူညီရာမှာ အချိန်မှီ ကူညီထောက်ပံ့နိုင်ဖို့၊ အသက်ပေးဆုံးရှုံးလိုက်ရတဲ့သူတွေနှင့် ခန္ဓာကိုယ်အစိတ်အပိုင်း ပေးဆပ်လိုက်ရတာကြောင့် မသန်စွမ်းဖြစ်သွားသူကို ကြည့်ရှုစောင့်ရှောက်ဖို့ စတဲ့ ရည်ရွယ်ချက်တွေထားတယ်။

နောက်ပြီး စစ်ရှောင်တွေ၊ အခုလက်ရှိ စစ်ရှောင်တွေမှာ ဖြစ်ပျက်နေတဲ့ပေါ်မူတည်ပြီး ခက်ခဲနေတဲ့ကြား တိမ်းရှောင်လာကြတဲ့သူတွေကို ကူညီထောက်ပံ့ပေးမယ်။ သာမန်ဖြစ်သွားတဲ့သူတွေကိုတော့ သူတို့ပြောကြားချက်အရ ကျတော်တို့ တတ်နိုင်သလောက် သွားရောက်ကူညီမယ်ဆိုတဲ့ အစီအစဉ်ချမှတ်ထားတယ်။ CDM လုပ်တဲ့သူတွေကို ကော်မတီကနေမှ တတ်နိုင်သလောက် ကူညီထောက်ပံ့နိုင်ဖို့ရည်ရွယ်ချက်တွေနှင့် ကော်မတီကို ဖွင့်လိုက်တာဖြစ်တယ်။

မေး - အမှန်တကယ် အခုလက်တွေ့မှာကော ဘယ်လောက်ထိလုပ်နိုင်ပြီလဲ။ စစ်ရှောင်တွေကို ကူညီတဲ့နေရာမှာ ဘယ်လောက်ထိ လိုအပ်နေသေးလဲ။

ဖြေ - ကိုယ်နိုင်တဲ့ဘက်ကနေ ပြည်သူတွေကို ကူညီနေတယ်။ ဒါတွေက အခုချိန် လိုအပ်မယ်ထင်တယ်ဆိုပြီး စဉ်းစားကူညီတဲ့နည်းလည်းရှိတယ်။ ဥပမာ - အခုဆို မိုးကာအကျီလိုအပ်လိမ့်မယ်ဆိုပြီး ကျတော်တို့က သွားရောက်လှူဒါန်းတယ်။ တစ်ချို့နေရာတွေကတော့ သူတို့ဘက်က အသေးအမွားလိုအပ်ချက်တွေကို အကူအညီတောင်းလာတာရှိတယ်။ သူတို့ အကူညီတောင်းလာတဲ့ပေါ်မူတည်ပြီး ကျနော်တို့ကော်မတီဘက်လည်း ဒါက ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူး စတဲ့ဟာတွေ ညှိနှိုင်းပြီး ပြန်ကူညီတယ်။

မေး - ဆိုတော့ ဘာကြောင့် အခု KIA နယ်မြေမှာပဲ ခုလိုကူညီရတာလဲ။ ဆက်လက်ပြီး တစ်ခြား အခုနောက်ပိုင်းပေါ်လာတဲ့ PDF ဆိုတာမျိုးကိုကော ကူညီဖို့အစီစဉ်ရှိလား။

ဖြေ – ဒီနေ့ဖြစ်ပျက်နေတဲ့အခြေအနေမှာ KIO/KIA က ရပ်တည်ရမယ့်နေရာတစ်ခုမှာ မှန်မှန်ကန်ကန် မားမားမှတ်မှတ် ရပ်တည်နေပြီ။ ပြည်သူဘက်ကရပ်တည်ပြီး ပြည်သူ့အကျိုးကို သူတို့အနစ်နာခံပြီး လုပ်နေပါတယ်။ အဲ့ဒီလို ကာကွယ်ပေးတာကြောင့် ကျနော်တို့ ပြည်သူတွေဘက်ကလည်း သူတို့ကို ချစ်ခြင်းမေတ္တာပြရမယ်လို့ ခံစားမိတယ်။ ကျနော်တို့ လက်တွေ့ တိုက်ပွဲမဝင်နိုင်ရင်တောင် ကျနော်တို့ကိုယ်စား အနစ်နာခံတဲ့ သူရဲကောင်းတွေအတွက် တစ်ခုခုတော့ ပြုလုပ်ရမယ်၊ ကြိုးစားပေးရမယ်ဆိုတဲ့အတွေးနှင့် စတင်လုပ်ဆောင်လာတာဖြစ်တယ်။ ဒီအချိန်မှာ ကချင်ဖြစ်လို့၊ ရခိုင်ဖြစ်လို့၊ ရှမ်းဖြစ်လို့ဆိုပြီး ခွဲခြားဆက်ဆံနေရမဲ့အချိန် မဟုတ်တော့ဘူး။

မေး – ဆက်လက်ပြီး ကူညီတဲ့နေရာမှာ ပြည်သူတွေပါဝင်လို့ရအောင် ဘယ်လိုမျိုး ချိတ်ဆက်လို့ရတယ်ဆိုတာ ပြောပြပေးပါ။

ဖြေ – အလှူရှင်တွေရဲ့ လုံခြုံရေးအတွက် အရမ်းသတိထားပါတယ်။ ဆက်သွယ်ဖို့အတွက် Facebook Page တစ်ခုဖွင့်ထားတယ်။ အဲ့ဒီ Page ကနေပဲ ဆက်သွယ်ပြီး အလှူပေးလို့ရတယ်။ အဲ့ဒီ Page ကနေဘဲ အလှူလက်ခံပြီး ဖြတ်ပိုင်းလည်း ပြန်ပို့ပေးတယ်။ တစ်ချို့တွေကတော့ သူတို့လုံခြုံရေးအတွက် ဖြတ်ပိုင်းတောင်လက်မခံကြဘူး။

မေး – နောက်ဆုံးအနေနဲ့ ဘယ်လိုဖြည့်စွက်ပြောပြချင်ပါသလဲ။

ဖြေ – ကျနော်တို့ရဲ့ လုပ်ဆောင်ချက်ကိုကြည့်ပြီး အကြံပေး၊ သတိပေးလို့ရပါတယ်။ ကျနော်တို့ ကော်မတီဝင်တွေအားလုံးကလည်း ကိုယ့်လုပ်ငန်းကိုယ်စီ လုပ်ဆောင်လျက်နဲ့ အခုလိုပါဝင်နေတာဖြစ်တယ်။ အလှူရှင်တွေ ပို့ခိုင်းတဲ့ပစွည်းတွေကို ပို့ပေးတယ်။ ဒါကြောင့် ကော်မတီမှာ ပါဝင်နေတဲ့သူအားလုံးလည်း အမှန်တကယ် မျိုးချစ်စိတ်နှင့် ပါဝင်နေတဲ့သူတွေဘဲဖြစ်တယ်ဆိုတာကို သိစေလိုပါတယ်။

Most read this week

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...