မေလ ၁၃ ရက်နေ့က (NSPNC) မှ ဗိုလ်ချုပ်ကြီးရာပြည့်တို့နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့ တွေ့ဆုံခဲ့မှုအပေါ် ၎င်းပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်စောမြရာဇာလင်းနှင့် ဆက်သွယ်မေးမြန်းချက်

မေလ ၁၃ ရက်နေ့က (NSPNC) မှ ဗိုလ်ချုပ်ကြီးရာပြည့်တို့နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့ တွေ့ဆုံခဲ့မှုအပေါ် ၎င်းပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်စောမြရာဇာလင်းနှင့် ဆက်သွယ်မေးမြန်းချက်

မေး - မေလ ၁၃ ရက်နေ့က နစကကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိ့နှိုင်းရေးကော်မတီ (NSPNC) နဲ့တွေ့ဆုံမှုက ဘယ်လိုတွေ့ဆုံမှုမျိုးပါလဲ။

ဖြေ - အဓိကကတော့ ကျွန်မတို့ NCA လက်မှတ်မထိုးခင်က တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြားမှာ Bilateral နှစ်ဘက် သဘောတူလက်မှတ်ထိုးခဲ့တာတွေရှိပါတယ်။ အဲဒီလိုထိုးခဲ့တဲ့အချိန်မှာ ကျွန်မတို့ သဘောတူညီချက်တွေ ရှိခဲ့တာပေါ့။ အဲဒီလိုသဘောတူညီချက်တွေအရ ကျွန်မတို့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ Bilateral ထိုးဖို့လိုအပ်တယ်။ Bilateral တွေ့ဆုံမှုကို ဆက်လက်လုပ်ဖို့ လိုသေးတယ်ဆိုတဲ့ အမြင်တွေ၊ သဘောထားတွေ ရှိကြပါတယ်။ အဲဒါကြောင့် ကျွန်မတို့က ဘယ်အစိုးရပဲလာလာ။ ဘယ်သူပဲလာလာ။ ကျွန်မတို့ပါတီအနေနဲ့ကတော့ ပြောစရာရှိတာကို ပြောဖို့လိုတယ်။ ကျွန်မတို့ လုပ်စရာရှိတာကို ဆက်လို့လုပ်ဖို့လိုတယ်။ အဲဒါကြောင့်မိုလို့ ကျွန်မတို့ကို သူတို့က ကမ်းလှမ်းဖိတ်ခေါ်တဲ့အချိန်မှာ ကျွန်မတို့ကတော့ ကိုယ့်ပါတီရဲ့ ပြောစရာ၊ ဆိုစရာတွေကို ပြောဖို့အတွက် သွားရောက်တွေ့ဆုံတာဖြစ်ပါတယ်။

မေး - ဟုတ်ကဲ့။ အဲဒီတွေ့ဆုံမှုမှာ ရခိုင်ပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အချက်တွေကို ဆွေးနွေးခဲ့ကြတယ်ဆိုပြီး နိုင်ငံပိုင်မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြတာလည်းတွေ့ရပါတယ်။ ဘယ်လိုအချက်တွေကို ဆွေးနွေးမှုများရှိခဲ့ပါလဲ။

ဖြေ - ကျွန်မတို့ကတော့ ရခိုင်ပြည်ဟာဆိုလို့ရှိရင် ငြိမ်ချမ်းရမယ်။ ဖွံ့ဖြိုးတိုးတက်ရမယ်ပေါ့။ ရခိုင်ပြည်ကတော့ ဖွံ့ဖြိုးတိုးတက်ဖို့ အနိမ့်ဆုံးပြည်နယ်ထဲမှာပါတယ်။ အဲဒါကြောင့်မို့လို့ ကျွန်မတို့ဟာဆိုလို့ရှိရင် ရခိုင်ပြည်ရဲ့ ကျန်းမာရေး၊ ပညာရေး၊ ပြီးလို့ရှိရင် ရခိုင်ပြည်ရဲ့ နယ်စပ်ဒေသတွေရဲ့ လမ်းပန်းဆက်သွယ်ရေးတွေပေါ့။ အဲဒီကိစ္စတွေ ကျွန်မတို့ ဆွေးနွေးခဲ့တာတွေရှိပါတယ်။ နောက်တစ်ခုက ကျွန်မတို့ပါတီ ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ ခိုင်စိုးနိုင်အောင်ဟာဆိုလို့ရှိရင် တစ်တိုင်းပြည်လုံးနဲ့ဆိုင်တဲ့စကားတွေကို ပါးလိုက်တာရှိပါတယ်။ အချက် (၇) ချက်ပါတဲ့စာကို ပို့လိုက်တာရှိပါတယ်။ အဲဒါကဆိုလို့ရှိရင် အခုလက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့ အခင်းအကျင်းနဲ့လည်း အများကြီးသက်ဆိုင်ပါတယ်။ ဒါကိုလည်း ကျွန်မတို့က စကားလည်းပြောတယ်။ ပေးလည်းပေးအပ်တယ်။ အဲလိုမျိုးလုပ်ခဲ့တာတွေရှိပါတယ်။

မေး - ဆိုတော့ အဲဒီ (၇) ချက်ကို ပြောပြပေးပါလားဆရာမ။

ဖြေ - တချို့အချက်တွေက ပြောလို့ရနိုင်ပါတယ်။ တချို့အချက်တွေဆိုလို့ရှိရင် လက်ရှိ မြန်မာနိုင်ငံရေးအခြေအနေဟာဆိုလို့ရှိရင် အလွန်တရာမှ အရေးကြီးတဲ့အခြေအနေဖြစ်တယ်။ အဲဒါကြောင့်မို့လို့ ကိုင်တွယ်တဲ့အချိန်မှာ အဖက်ဖက်က ငှဲ့ညှာပြီးတော့မှ အကောင်းဆုံးအခြေအနေရအောင် ဆောင်ရွက်ဖို့ဆိုပြီး အကြံပြုထားတာရှိတယ်။ နောက်တစ်ချက်ကလည်း ကျွန်မတို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီနဲ့ တွေ့ဆုံသလိုပဲ နိုင်ငံရေး အင်အားစုတွေနဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ အကြံပြုတာလည်းရှိတယ်။ နောက်တစ်ချက်ကို ပြောရမယ်ဆိုလို့ရှိရင် NCA ပြဌာန်းချက်အတိုင်း မည်သည့်ပဋ္ဋိပက္ခမဆို နိုင်ငံရေးပြသနာဖြစ်လာတယ်ဆိုလို့ရှိရင် နိုင်ငံရေးပြသနာကို နိုင်ငံရေးအရဖြေရှင်းဖို့။ နိုင်ငံရေးအရဖြေရှင်းဖို့ ယဉ်ကျေးမှုတရပ်ကို အလေးထားပြီးတော့ စိတ်ရှည်ရမယ်၊ သဘောထားကြီးရမယ်။ စိတ်ရှည်မှုသဘောထားကြီးမှုတွေကို အခြေခံပြီးတော့ ပဋ္ဋိပက္ခအတွင်းမှာ ပါဝင်နေတဲ့လူတွေကို တွေ့ဆုံဆွေးနွေးပြီးတော့ (Win Win) ပေါ်လစီကို တွေ့ဆုံဆွေးနွေးဖို့ဆိုတဲ့အချက်တွေကို ကျွန်တို့ရဲ့ ဒု-ဥက္ကဋ္ဌကပေးလိုက်တာဖြစ်ပါတယ်။ ကျွန်မပြောချင်တာက ဒီသုံးချက်ကိုပဲ အဓိကထားပြီးပြောလိုပါတယ်။ အဓိကကတော့ (၇) ချက်ကို ကျွန်မတို့ ပေးခဲ့တာရှိပါတယ်။

မေး - ကျန်တဲ့အချက်တွေကတော့ ပြောလို့မရတဲ့အချက်တွေပါလားရှင်။

ဖြေ - ပြောဖို့မလိုအပ်လို့ မပြောတာပါ။ ကျန်တဲ့အချက်တွေကပေါ့။ နောက်ပြီးတော့ ဆွေးနွေးပွဲမှာ ကျွန်မဖက်က အဓိကပြောခဲ့တဲ့ အချက်တချို့လည်းရှိပါတယ်။ အဲဒါကဆိုလို့ရှိရင် ကျွန်မတို့ အခုက မိုးရာသီဖြစ်လာပြီဖြစ်တယ်။ ကျွန်မတို့ ပြည်သူတွေဟာဆိုလို့ရှိရင် စစ်ဘေးရှောင်စခန်းတွေမှာ ရှိနေကြတယ်။ ဒီပုဂ္ဂိုလ်တွေဟာ စစ်ဘေးရှောင်စခန်းထဲမှာ နေနေသည်ဖြစ်စေ၊ နေရပ်ပြန်ချင်လို့ နေရပ်ကို ရောက်သွားတဲ့အခါမှာဖြစ်စေ လုံခြုံတဲ့ အမိုးအကာအောက်မှာ နေနိုင်အောင် အစိုးရဖက်က လုပ်ပေးဖို့၊ စိတ်ချယုံကြည်စွာနဲ့ ပြန်နိုင်ဖို့အတွက်ကို အစိုးရဖက်က လုပ်ပေးရမယ်ဆိုတာကို တောင်းဆိုခဲ့တာရှိပါတယ်။ နောက်တစ်ခုက အခု ကျွန်မတို့ ရခိုင်ပြည်မှာဆိုလို့ရှိရင် မိုင်းရှင်းရေးတွေလုပ်တယ်။ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေ လုပ်တယ်ဆိုတာမျိုးကို ကျွန်မတို့ သတင်းစာထဲမှာလည်း တွေ့ရတယ်။ တယ်လီဗေးရှင်းမှာလည်း တွေ့ရတာပေါ့။ ဒါပေမယ့်လို့ ကျွန်မတို့ပြည်မှာ မိုင်းရှင်းရေးဟာဆိုလို့ရှိရင် ထိရောက်မှုမရှိဘူး။ မိုင်းရှင်းလင်းမှု အထိရောက်တဲ့အတွက် လူတွေကဆိုလို့ရှိရင် မိုင်းထိပြီးတော့မှ အမျိုးမျိုး ဒဏ်ရာတွေရနေကြတယ်။ မိုင်းရှင်းလင်းရေးကို အခုထက်ပိုမိုပြီးတော့မှ အကောင်းဆုံးဖြစ်အောင် ဒီထက်ပိုမိုပြီးတော့မှ သေချာအောင် ကြိုးပမ်းဆောင်ရွက်ဖို့ကို ကျွန်မတို့ပြောခဲ့တာရှိတယ်။ နောက်ပြီးလို့ရှိရင် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းတွေဖြစ်ပါတယ်။

မေး - အဲဒီနေ့က ဆရာမတို့ ALP တစ်ခုတည်းကို သီးသန့်ခေါ်တွေ့တာပါလား။

ဖြေ - Bilateral ဆိုလို့ရှိရင်တော့ ကိုယ့်တစ်ပါတီထဲမှာ Bilateral ဆိုရင်တော့ ဘယ်သူပဲ ဘယ်အဖွဲ့ပဲဖြစ်ဖြစ် စကားပြောခွင့်ရှိတယ်ဆိုတဲ့အပေါ်မှာ ကိုယ့်အဖွဲ့ကို ကိုယ်စားပြုပြီးတော့မှပဲ ကျွန်မတို့ သွားခဲ့တာဖြစ်ပါတယ်။

မေး - ဆရာမ အခုနကပြောသလို မိုင်းရှင်ရေးတွေ၊ စစ်ဘေးရှောင်တွေ နေရပ်ပြန်ဖို့ တောင်းဆိုခဲ့တာလည်းရှိတယ်။ ဒီအပေါ်မှာရော အခုအစိုးရ ကဖွဲ့စည်းထားတဲ့ NSPNC က တာဝန်ရှိသူတွေက ဘယ်လိုတုန့်ပြန်ပြောဆိုတာတွေရှိခဲ့ပါလဲ။

ဖြေ - ပြောတဲ့စကားတွေအပေါ်မှာ အပြန်အလှန်ပြောကြတာတွေက အများကြီးပါပဲ။ ကျွန်မတို့ကတော့ ကိုယ်ပြောသင့်တာကိုပြောတယ်။ သူတို့ဖက်ကလည်း အချက်တစ်ချက်စီ၊ တစ်ချက်စီအပေါ်မှာတော့ တုန့်ပြန်ချက်တွေရှိပါတယ်။ တုန့်ပြန်တဲ့စကားတွေကတော့ အများကြီးပဲရှိပါတယ်။

မေး - စစ်ဘေးရှောင်တွေအရေးနဲ့ရော သူတို့က ဘယ်လိုတုံ့ပြန်ပြောဆိုခဲ့တာရှိပါလဲ။

ဖြေ - ကျွန်မတို့က တင်ပြတဲ့အခါမှာ သူတို့က ကောင်းစွာမှတ်တမ်းယူပါတယ်။ လိုအပ်တာတွေကိုတော့ သက်ဆိုင်ရာအစိုးရတွေကို သူတို့ညွှန်ကြားချက်တွေ ပေးလိမ့်မယ်လို့ ကျွန်မထင်ပါတယ်။

မေး - ဆရာမတို့က ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတစ်ခုလည်းဖြစ်တယ်။ ALP ပါတီကပေါ့နော်။ ဆရာမတို့အနေနဲ့ပေါ့နော် ရခိုင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ဘယ်လိုလုပ်သွားဖို့ရှိလဲ။ လုပ်နေတာတွေရှိပါလဲရှင့်။

ဖြေ - အခုမှပဲ ကျွန်မတို့က စရပါသေးတယ်။ လွန်ခဲ့တဲ့ ၅ နှစ်ကဆိုလို့ရှိရင် ကျွန်မတို့ရခိုင်ပြည်နယ်တစ်ခုလုံးမှာ ဘာမှလည်း ကျွန်မတို့က မလုပ်ခဲ့ရပါဘူး။ အခုတော့ ကျွန်မတို့က စဉ်းစားထားတယ် ပြည်သူတွေနဲ့လည်း ကျွန်မတို့ စဉ်းစားထားတာရှိပါတယ်။ ဒီရခိုင်ပြည်တည်ငြိမ်အေးချမ်းရေးကိုတော့ ကျွန်မတို့ အတက်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်သွားဖို့ ဆန္ဒရှိပါတယ်။

မေး - လွန်ခဲ့တဲ့ ငါးနှစ်တာကာလဆိုတာက ဘယ်ကာလကိုပြောတာပါလဲ။

ဖြေ - လွန်ခဲ့တဲ့ ၅ နှစ်တာကာလအတွင်းမှာ လူထုနဲ့လည်း တွေ့ဆုံဖို့မရခဲ့ဘူး။ ပြီးတော့ ဆယ်ဖွဲ့ ဆွေးနွေးပွဲလောက်ဖြစ်ပြီးတော့ Bilateral ဆွေးနွေးပွဲဟာ မရှိခဲ့ဘူး။ အခုမှ Bilateral က အခုမှ စလို့လုပ်ရသေးတာပါ။ အတက်နိုင်ဆုံးပြည်သူအကျိုးဖြစ်ထွန်းမယ့် ကိစ္စတွေကို ဆွေးနွေးတိုင်ပင်သွားမယ်။ ပြီးလို့ရှိရင် ပြည်သူတွေနဲ့ အခါအားလျော်စွာ လုပ်သွားမယ်ဆိုပြီး ဒေသခံအစိုးရနဲ့ဖြစ်စေ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနဲ့ တိုင်ပင်သွားဖို့ဖြစ်တယ်လို့ ပြောတာဖြစ်တယ်။

မေး - NLD အစိုးရလက်ထက်ကို ပြောတာပါလား။

ဖြေ - ဟုတ်တယ်။ ဟုတ်တယ်။ အဲဒီတုန်းက Bilateral တွေ့ဆုံမှုက တစ်ကြိမ်တည်းသာရှိခဲ့တယ်။ တစ်ကြိမ်တည်းရှိခဲ့တယ်။ အကောင်ထည်မပေါ်ခဲ့ဘူး။

မေး - အခု နစကကောင်စီက တာဝန်ရှိသူတွေနဲ့တွေ့ဆုံမှုကရော ဖိတ်ကြားခဲ့တာပါလား။ ဘယ်နှစ်ကြိမ်လောက်တွေ့ဆုံပြီးပြီလဲ။

ဖြေ - ကျွန်မတို့ကတော့ အခုအာဏာရယူထားတဲ့ နစကကောင်စီလက်ထက်မှာ ပထမဆုံးအကြိမ်တွေ့ဆုံမှုဖြစ်ပါတယ်။ အရင်ကတော့ အခါအားလျော်စွာတွေ့ဆုံမှုရှိပါတယ်။

မေး - တခြားဖြည့်စွပ်ပြောချင်တာတွေရှိပါလား။

ဖြေ - ဒီလောက်ဆိုရင်ရပါပြီ။

Most read this week

May 18, 2024
ဘူးသီးတောင်အခြေစိုက်တပ်ရင်းအများပြားကို အာရက္ခတပ်တော် (AA) က ယမန်နေ့ (မေ ၁၇) ရက် ညက ထိုးစစ်ဆင်...
May 17, 2024
ရခိုင်ပြည်၊ မောင်တောမြို့၊ ကညင်းချောင်းစီးပွားရေးဇုန်အနီးရှိ လဘော်ဇားကျေးရွာ၌ မေလ ၁၅ ရက်...
May 16, 2024
ရခိုင်ပြည်၊ စစ်တွေမြို့တွင် ဘုန်းတော်ကြီးကျောင်းများကို စစ်ကောင်စီက ဧည့်စာရင်းစစ်ဆေးပြီး...
May 16, 2024
မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့သည် တရုတ်နိုင်ငံ ကူမင်းမြို့တွင်...